တူ တူမလေးတွေရှိသူတွေဆို သိနိုင်မယ့်အချက်များ

တူလေးတွေ တူမလေးတွေရှိသူတွေဆို ဒီလိုတွေကြုံရတယ်တော့ လုပ်လိုက်ပါ

ချစ်ရတဲ့ တူ တူမလေးတွေ ရှိသူတိုင်း အပျော်တစ်မျိုးကို ပိုင်ဆိုင်ထားကြတယ်ဆိုတာ တူလေး တူမလေး ရှိသူတိုင်း သိကြပါတယ်။ သူတို့လေးတွေနဲ့ နေရရင် ဒီလို အချက်လေးတွေတော့ ကြုံဖူးတယ် ။ တစ်ရက်ပြီး တစ်ရက် သူတို့ရဲ့ ကြီးပြင်းမှုလေးတွေနောက် လိုက်ရင်း ပို ချစ်မိတဲ့ တူလေး တူမလေးတွေရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို ပြောကြည့်ကြမယ်လေ။

တူလေး တူမလေးတွေရဲ့ ချစ်စရာ အကောင်းဆုံး အချက်တွေကတော့..

  • စကားအရမ်းပြောခြင်း/မေးမြန်းလွန်းခြင်း

သူတို့အတွက် ထူးဆန်းလွန်းတဲ့ ဘယ်အရာဖြစ်ဖြစ် သိချင်စိတ်နဲ့ သူတို့မေးသမျှဖြေတဲ့ သူဆို တစ်ခုပြီး တစ်ခုမေးတော့တာပဲ။ ကပ်တီးကပ်ဖဲ့ မေးတတ်တဲ့ တူလေး တူမလေးတွေကို ပိုင်ဆိုင်ရထားသူဆို သူတို့ရှေ့ဆို သတိထားပြီး ပြောရတာပေါ့။ အဲ့သလို မေးတာ မြန်းတာလေးတွေက ချစ်စရာကောင်းတဲ့ ကလေးတွေပါ။

  • တိုင်ပြောခြင်း/ဂျီကြခြင်း

ကိုယ်က မလုပ်နဲ့လို့မှာထားတဲ့ ကိစ္စမှာ တစ်ခြားသူက လုပ်တာမြင်ရင် အိမ်ဝကတည်းက ကြိုတိုင်တတ်ကြပါတယ်။ ”တီလေး တိလား တိလား သူရယ် ချောင်းဆိုးတဲ့မုန့်တွေ ဝယ်စားတယ် ”နဲ့ စကားမပီကလာ ပီကလာနဲ့ သူတို့က ဦးအောင်တိုင်တော့လည်း တရားသူကြီးလို အဆုံးဖြတ်ပေးရသေးတယ်။ လိုချင်တဲ့အရာ မရရင်လည်း ဂျီကျလို့မပြီးတဲ့ငိုကြော ရှည်တတ်သူတွေပါ။

  • ဘာသာပြန်စကား တိုးတက်လာခြင်း။

သူတို့ကို ချစ်ကြသူတိုင်းက သားသားနာမည်ဘယ်သူလဲ မီးမီးနာမည်ကကော လို့မေးရင် ကိုယ့်နာမည်ကိုတော့ ဖြေရှာတယ်။ စကားက မပီတော့ ကိုယ်က ကြားထဲကနေ ကလေး ဘာသာစကားကို ဘာသာပြန်ပေးရတယ်။ အဲ့သလို ကိုယ်ကကြားထဲကနေ ရှင်းပြရင်လည်းသူတို့က စိတ်ဆိုးရတယ် ရှိသေးတယ်။ 😀

Related Article >>> မိသားစုထဲမှာ ကလေးငယ်လေးရှိသူတိုင်း သိထားသင့်တဲ့ အကြောင်းများ

  • သွားသမျှနေရာတိုင်း မုန့်မှာခြင်း/အရုပ်မှာခြင်း

တီလေးရေ ဦးဦးရေ ပြန်လာရင် ချောကလက်ချိုချဉ်ဝယ်ခဲ့နော်။ ပါဝါရိန်းဂျား အခွေတွေလည်း ဝယ်ခဲ့ပေးနော်။ ခပ်နီးနီးသွားလို့ကတော့ သိပ်ဂျီမကျရင်တောင် နည်းနည်းဝေးတဲ့ခရီးဆို ကိုယ့်ဖို့သာ မပါရင်နေရမယ်။ သူတို့ဖို့ လက်ဆောင်က ထိပ်ဆုံးက ဝယ်ပေးရတယ်။ ဝယ်ပေးပြီးရင် ကြွားလို့လည်း မဆုံးတော့ဘူး။

  • ဓာတ်ဖမ်းဖို့ ခဏ ခဏ လှုံ့ဆော်ခြင်း။

ဘယ်နေရာ ရောက်ရောက် ”တီလေး မီးမီးကို ဓာတ်ပုံရိုက်ပေး ဒီလိုရိုက်မှာနော် ဟိုလိုရိုက်မှာနော် ဒီဂါဝန် ဒီဘောင်းဘီနဲ့ပဲ ဝတ်ရိုက်မယ် ”ဆိုတာက ပါသေးတယ်။ ”သားက လက်နှစ်ချောင်းထောင်ရိုက်မှာနော် မျက်မှန်လည်း တပ်အုံးမှာ က ပါသေးတယ် ”အဲ့သလို အလိုက်သိပေးရတာလည်း တီတီတွေပါပဲ။

  • အမျိုးမျိုးသော သူတို့တတ်တဲ့အရာလေးတွေ လုပ်ပြခြင်း။

သူတို့မြင်တာကိုလည်း လုပ်ပြချင်တယ်။ ဥပမာ -ကြော်ငြာတွေထဲကအတိုင်း သရုပ်ဆောင်ပြကြပါတယ်။ တီဗီကြည့်တုန်း ဆိုလို့၊ကလို့ကောင်းတဲ့ကြော်ငြာဆို သူတို့သရုပ်ဆောင်ပြတတ်တဲ့ ကလေးတွေပါ။

  • သူတို့ချစ်တဲ့ အန်တီတွေ ဦးဦးတွေကို တစ်ခြားသူနဲ့စရင် ပြောရင်အော်ငိုခြင်း နှမြောခြင်း။

ကလေးဆို ငိုအောင်စတတ်ကြသူတွေက အဲ့သလိုစကြတယ်။ သူတို့မခံချင်တာ ပြန်ပြောတာတွေကို ကြားချင်လို့ ကြံဖန် စပြီး ကိုယ်တွေလည်း ကုလားကြီးနဲ့ပေးစားခံရတတ်တယ်။ (အမှန်တော့ ကလေးတွေကို ငိုအောင်စတာတော့ မကောင်းဘူးပေါ့နော်.. ကလေးသော၊ လူကြီးသော ငိုကာမှ ကိုယ်ကပျော်ရတယ်ဆိုတာ အဓိပ္ပာယ်မှမရှိတာ.. ဒါက စကားချပ် 😛 )

  • ပုံပြင်ပြောပြဖို့ ခဏ ခဏ ပူဆာခြင်း။

ပုံပြင်စာအုပ်ဖတ်ပြရင်တော့ ဇာတ်လမ်းက ချောလို့ပါပဲ။ စာအုပ်မရှိတဲ့ အချိန်ဆို လက်တမ်း ပြောပေးရတယ် မပြောလို့ကလည်း မရတော့ ”ဟိုးရှေးရှေးတုန်းက”ဆိုပြီး စလိုက်တာ မင်းသားနဲ့မင်းသမီးလေး ငြားမှ သူတို့စိတ်တိုင်းကျ ပေါင်းပေးလိုက်တယ်လေ။
သူတို့ကြိုက်တဲ့ပုံပြင်ဆို အဲ့ပုံပြင်ပဲ တစ်နေ့ကို အခေါက်နှစ်ဆယ်လောက် ပြောပြရပြန်တယ်။

  • ကာတွန်းကားကိုပဲ ထပ်ခါတလဲလဲကြည့်ရခြင်း။

ကိုယ်ကြည့်ချင်တဲ့ ဇာတ်လမ်းတွဲဆို သူတို့မရှိတဲ့အချိန်မှ ကြည့်ရတာများတယ်။ နို့မို့ဆို အချိန်ပြည့် Tom&Jerry ၊ ပင့်ကူလူသား၊ ပါဝါရိန်းဂျား နဲ့ မငြီးမငြူကြည့်ကြတဲ့ကလေးတွေပါ။ ကိုယ်လည်း ပျင်းရင်တော့ ဝင်ကြည့်လိုက်တာပါပဲ။

  • ဖုန်းမြင်ရင် တီလေး ဘာဂိမ်းတွေပါလဲဆိုကာ ဇွတ်ဝင်ကလိခြင်း။

ကိုယ့်ရဲ့ ဖုန်း password  ကိုယ့်ရည်းစားမသိရင်သာနေမယ် သူတို့ကတော့တွေ့တာနဲ့ ဖုန်းယူ ဘာဂိမ်းပါလဲ မေး ဇွတ်ကစားတော့တာပဲ။ ဂိမ်း မရှိပါဘူးပြောရင် သူတို့က Galleryထဲ အကုန်ဝင်မွှေ အကုန်မေး အကုန်သိချင်နေတော့တာ။ သူတို့ကြိုက်ရင် သူတို့ မိဘတွေ ဖုန်းထဲ ကူးထည့်ကာ ပေးမှ ငြိမ်တော့တယ်။

Related Article >>> မောင်တွေ အစ်ကိုတွေပဲရှိသူတွေက ဘာကြောင့်အစ်မရှိသူတွေကို အားကျကြတာလဲ

  • အိပ်မယ်ဆို ယပ်ခပ်ပေးရခြင်း။

အိုက်တယ် ပန်ကာဖွင့်ပေးပါ ယပ်ခပ်ပေးပါနဲ့ သူတို့အိပ်မှ နားအေးမှာဆိုတော့ ကျောသပ်ပေးရ ဖင်ပုတ်ပေးရနဲ့ ည ည တူတူအိပ်ရင် တာဝန်က မသေးဘူး။

  • သူတို့ကိုက်ဆွဲသမျှကို မနာသလိုဟန်ဆောင်ရခြင်း။

သွားလေး နှစ်ချောင်း သုံးချောင်း ပေါက်ပါတယ်။ စိတ်တိုရင် ကုန်းကိုက်ပစ်လိုက်ပြီ။ နာတာထက် အူယားလို့ ပိုပို ချစ်ရတယ်။ သူတို့ကိုက်တာ ဆိတ်ဆွဲတာ နာတဲ့ပုံစံလုပ်ပြရင်လည်း အတော်သဘောကျတဲ့ တူ၊တူမလေးတွေပါ။

  • ရန်မဖြစ်ဖို့ သူငယ်ချင်းတွေကို မလုပ်ဖို့ ဆုံးမရခြင်း။

တစ်ခုခုဆို လက်ကလည်း မြန်လိုက်တာ သူတို့အပြင် နှစ်ယောက်မရှိဘူး။ မျက်စိလေးခဏ လွှဲလိုက်တာနဲ့ တစ်ဘက်ကလေးက အော်ငိုနေရပြီ ။ ဆူလိုက်ရင်တော့ သူ့ဆင်ခြေနဲ့သူတော့ အဟုတ်ပဲ။တကယ့် ကလေး တွေ။

  • သူတို့ကို မလှဘူးပြောရင် အသားကုန် အော်ခြင်း ငိုခြင်း။

လှချင်ရက် စက်စက်ယို တူမလေးတွေများရှိရင် သူတို့အတွက် ဝယ်ရတဲ့ ကလစ်တွေ ၊ ဒေါက်ဖိနပ်တွေ ဆိုတာ ဘယ်လိုပြောရမလဲ မသိဘူး။ လှချင်မှန်းသိလို့ လှလည်းလှဘဲနဲ့လို့ စလိုက်ရင် အော်တော့တာ ငိုတော့တာပဲ။ မီးမီး လှတယ် က ပါးစပ်က မချ အော်တတ်တဲ့ အလှကြိုက်မင်းသမီးလေးတွေကို ပိုင်ဆိုင်ထားသူဆို နားညည်းခံပေတော့ပဲ။

  • ထမင်းခွံ့ပြီဆို တစ်အိမ်လုံးပတ်ပြေးခြင်း။

ထမင်းကလွဲရင် ကျန်တာ အကုန်စားချင်တယ်ဆိုတဲ့  တူ၊တူမလေးတွေများရှိရင် သူတို့ထမင်းစားဖို့အရေး ၊ ခန္ဓာကို ဝ ဖို့အရေး ၊ ဗိုက်ဝဖို့အရေး ကို ကာတွန်းကားဖွင့်ပေးမှ ထမင်းစားချင်တဲ့အမျိုး လေးတွေပါ။ မစားချင်ဘူးဆို ချော့ခြောက် ကျွေးဖို့ လုပ်ရသေးတယ်။

  • သူတို့ကြိုက်ပြီဆို ဖိနပ်တွေ အိပ်ယာထဲထိ ထည့်အိပ်ခြင်း ဂါဝန်ဆို မချွတ်တမ်းဝတ်ခြင်း။

ကလေးဆိုတော့ ကြိုက်တာပဲ သိတယ် ။ ပါဝါရိန်းဂျားကြိုက်တဲ့ သူဆို ပါဝါရိန်းဂျားအဝါကောင်ဆို အဝါကောင်၊ အနီကောင်ဆို အနီကောင်နဲ့ သူတို့ကြိုက်သမျှ အင်္ကျီ ဆိုဒ်စုံ ဝယ်ပေးရသေးတယ်။ ကြိုက်တဲ့ အင်္ကျီကို မချွတ်တမ်းဝတ်နေတော့ များများဝယ်ပေးထားရတဲ့ တူလေးတွေရှိရင် ရှိတ်လိုက်ပါဦး။

  • ဖုန်းအလွန်ပြောချင်ခြင်း။

အဝေးရောက်နေလို့ ဖုန်းဆက်လိုက်ရင် သူတို့ကပဲ အကုန်မှာတယ်။ ကျန်းမာရေး ဂရုစိုက်နော် ။ သားသားဖို့ မီးမီးဖို့ မုန့်ဝယ်ခဲ့နော် နဲ့ မှာတမ်းခြွေလို့ မပြီးတော့တဲ့ တူလေးတွေ တူမလေးတွေပါ။ ဖုန်းပြောချိန် ရောက်ရင် သူတို့ကို အရေးလုပ်ပြောမှလည်း ကျေနပ်တဲ့ ချစ်စရာတူလေး၊တူမလေးတွေပါ။

ကဲ ကဲ ဒီလိုအချက်လေးတွေကြောင့် ချစ်ရတယ်။ အရင်းဖြစ်ဖြစ် ဝမ်းကွဲဖြစ်ဖြစ် တူလေးတွေ တူမလေးတွေရှိရင် တစ်မျိုးစိတ်ချမ်းသာရပါတယ်။ ကလေးဘဝကိုလည်း ပြန်ရောက်နေသလိုခံစားရသလို တစ်ခါတလေတော့လည်း စိတ်ရှုပ်ပေမဲ့  မတွေ့ဘဲလည်း မနေနိုင်၊ မချစ်ဘဲလည်း မနေနိုင်တဲ့အထဲ အဲဒီ တူ၊ တူမလေးတွေလည်းပါတယ်။

Wai Zin ( For Her Myanmar )

Wai Zin
Wai Zin

နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

error: Content is protected !!