အိမ်မက်တွေလက်တွေ့ဖြစ်လာသူ

ထူးခြားလှတဲ့ အကမယ်၊ အလှမယ်ကလေးဟာ Miss USA ရဲ့ ပြည်နယ်အဆင့်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်ခဲ့ပါပြီ

ယောင်းတို့ရေ Miss Universe ပြိုင်ပွဲဆိုတာ အင်မတန်မှ ဂုဏ်မြင့်ပြီး ကြီးမားတဲ့ အလှမယ်ရွေးပွဲကြီးဆိုတာ လူတိုင်းသိကြပါတယ်။ အဲ့ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ့် အလှမယ်လေးကို နိုင်ငံတိုင်းက နှစ်တိုင်းတစ်ယောက်စီ ရွေးကြပါတယ်။ အဲ့ထဲမှာ အမေရိကန်နိုင်ငံလဲ အပါအဝင်ပါပဲ။ Miss Universe USA ဆိုပြီး ပွဲအကြီးကြီးကျင်းပကြပါတယ်။ အဲ့ပွဲအတွက်ကို ပြည်နယ်တစ်ခုစီက အလှဆုံးမယ်တစ်ယောက်စီ ကောက်သင်းကောက်သလို ရွေးထားကြတာပါ။ နိုင်ငံအဆင့်မပြောနဲ့ ပြည်နယ်အဆင့်မှာတောင် အလှဆုံး၊ အတော်ဆုံး အလှမယ်တွေပဲ ဝင်ပြိုင်ကြတာပါ။

Related article >>> အလှတရားအစစ်

၂၀၁၉ခုနှစ်အတွက် Miss Universe ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ပြည်နယ်အဆင့် ပြိုင်ပွဲတွေကို အခုကျင်းပနေကြပါပြီ။ ဒီလိုကျင်းပနေတဲ့အချိန်မှာ Minnesota ပြည်နယ်က ပြိုင်ပွဲဝင် အလှမယ်လေးကတော့ သူများနဲ့မတူ ထူးခြားနေပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ Down ရောဂါခံစားနေရသူကလေး တစ်ယောက်ဖြစ်နေလို့ပါပဲ။

အသက် ၂၂နှစ်အရွယ် Mikayla Holmgren ဟာ ပထမဦးဆုံးသော Down ရောဂါခံစားနေရတဲ့ Miss USA ပြည်နယ်ပြိုင်ပွဲဝင် တစ်ယောက်ဖြစ်လာပါတယ်။ သူဟာ ပြိုင်ပွဲဝင်ရုံလေးတင်မကဘဲ The Spirit of Miss USA (Miss USA ရဲ့ စိတ်နှလုံးလှသူ) ဆုကိုလဲ ရရှိခဲ့ပါတယ်။ အဲ့ဒီဆုကိုရဖို့အတွက်ကတော့ ပြိုင်ပွဲဝင်တွေရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ ပို့လာတဲ့စာတွေကိုဖတ်ပြီး ဒိုင်လူကြီးတွေက ဆုံးဖြတ်ကြတယ်လို့ သိရပါတယ်။

Mikayla အဲ့ဒီဆုကို ရတဲ့အခါမှာတော့ သူရဲ့အကသင်တန်းက သူငယ်ချင်းတစ်ယောက် ရေးပို့ထားတဲ့စာကို ပရိသတ်တွေအားလုံးကြားအောင် ဖတ်ပြခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ Mikayla ဟာ အခန်းတစ်ခန်းလုံးကို လင်းချင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ တောက်ပတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတဲ့ မိန်းကလေးဖြစ်ကြောင်း၊ သူ့ရောဂါကြောင့် သူ့ကို သူများနဲ့မတူဘဲ အထူးအခွင့်အရေးတွေပေးတာ မကြိုက်ကြောင်း၊ အင်မတန်ထူးခြားတဲ့ စိတ်နှလုံးရှိတဲ့ မိန်းကလေးဖြစ်ကြောင်း ရေးထားပါတယ်။

ဒိုင်တွေအတွက်ကတော့ ဒီဆုကိုပေးခဲ့တာက ဒီမိန်းကလေးဟာ လူအုပ်ထဲမှာ ထူးထူးခြားခြား မြင်နေရတဲ့မိန်းကလေးမို့ပါတဲ့။ သူ့ပုံပန်းကြောင့်မဟုတ်ဘဲ ချစ်စရာကောင်းလွန်းတဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် ဖြစ်ပါတယ်။ သူ့ကို လူတိုင်းကချစ်ပါတယ်တဲ့။ တခြားပြိုင်ပွဲဝင်တွေရော သူတို့ရဲ့မိသားစုတွေကပါ Mikayla ကို ဝိုင်းချစ်ကြပါတယ်။ Mikayla ဒီဆုကိုလက်ခံယူတဲ့အချိန်မှာတော့ ပရိသတ်ကြီးက တစ်ယောက်မကျန်အကုန် မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။

Related article >>> သင့်ရင်သွေးမှာ ဒီလက္ခဏာတွေ တွေ့ရတယ်ဆိုရင် Autism(စိတ်ချို့ယွင်းမှုရောဂါ)ဖြစ်နိုင်ချေများ

Mikayla ဟာ ဒီပွဲတင်မဟုတ်ပါဘူး ၂၀၁၅ခုနှစ်က Miss Minnesota Junior ပြိုင်ပွဲကိုလဲ ဝင်ပြိုင်ခဲ့ပြီး Miss Amazing (အံ့မခန်းမိန်းကလေး) ဆုကိုလဲ ရခဲ့ဖူးပါသေးတယ်။ အရမ်းထူးချွန်တဲ့ ဒီမိန်းကလေးဟာ အသက်ခြောက်နှစ်အရွယ်တည်းက အကသင်ခဲ့တဲ့ အကမယ်လေးလဲဖြစ်ပြီး Bethel University မှာပညာသင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်ပါ။

ဒီပြိုင်ပွဲကို ဝင်ပြိုင်ရတာ သူ့အတွက် အရမ်းပျော်စရာကောင်းပါတယ်တဲ့။ Down ရောဂါခံစားနေရသူတွေအတွက် ကိုယ်စားလှယ်တစ်ယောက်သဖွယ် ဆောင်ရွက်နေတဲ့သူဟာ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် လူ့အသိုင်းအဝိုင်းက မသန်စွမ်းသူတွေကို မြင်တဲ့အမြင်နဲ့ အလှတရားဆိုတာကို ဘောင်ခတ်ထားတဲ့ အမြင်တွေကို ပြောင်းလဲပစ်ချင်ပါတယ်လို့ ပြောပါတယ်။ Mikayla ရဲ့ မေမေကတော့ သူဟာ လိုချင်တာကို ရအောင်လုပ်တတ်တဲ့ စိတ်အားထက်သန်သူလေး ဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

ယောင်းတို့ရေ Mikayla လေးဟာ အသက်ငယ်ပေမယ့် ဘယ်လောက်တောင်မှ ထက်မြက်တဲ့ မိန်းကလေးလဲနော်။ လူအများက ပုံမှန်မဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ ရောဂါကြီးရှိနေတာတောင် ဒီလောက်ကြီးမားတဲ့ ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ပြီး ဆုတစ်ခုရခဲ့တယ်ဆိုတာ လေးစားအားကျစရာ အရမ်းကောင်းပါတယ်။ သူ့ကိုအတုယူပြီး အက်ဒမင်တို့ ယောင်းတို့တွေလဲ ကိုယ့်အတွက် ကိုယ့်အသိုင်းအဝိုင်းအတွက် ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် မလျှော့သောဇွဲနဲ့ ကြိုးစားကြပါစို့လားကွယ်။

သူ့အကြောင်း Fox News က ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။

Khine (For Her Myanmar)

Ref and pics taken from

ABC News | NY post | Independent | Independent | Daily Mail

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။