ဂျပန်နိုင်ငံရဲ့ အိပ်မက်ကမ္ဘာထဲက ပန်းဥမင်

Wisteriaပန်းတွေရဲ့ မှော်ဆန်တဲ့ အလှကို အပြည့်အဝ ခံစားရမယ့် နေရာတစ်ခုပေါ့။

ဒီတစ်ခါမှာတော့ ယောင်းတို့ကို ရင်သပ်ရှုမောဖွယ် နေရာတစ်ခုဆီ ခေါ်သွားမှာ ဖြစ်ပါတယ်။ ထိုနေရာကတော့ ဂျပန်နိုင်ငံ Kitakyushuအရပ်မှာ တည်ရှိတဲ့ Kawachi Fuji ဥယျာဉ်ပဲ ဖြစ်ပါတယ်။
Kawachi Fuji ဥယျာဉ်ဟာ သဘာဝအလှအပနဲ့ ဗိသုကာလက်ရာတွေ အချိုးကျကျ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အိပ်မက်ကမ္ဘာလိုပါပဲ

ဒါ့အပြင် Kawachi Fujiဥယျာဉ်ဟာ သီးသန့်ဥယျာဉ်တစ်ခု ဖြစ်ပြီး Wisteriaပန်းတွေပွင့်တဲ့ ဧပြီလကုန်နဲ့ မေလလယ်မှ အများပြည်သူ လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်။ ထိုဥယျာဉ်မှာ Wisteriaအပင်ပေါင်း ၁၅၀ရှိပြီး Wisteria မျိုးကွဲပေါင်း ၂၀ရှိပါတယ်။
အဖြူရောင်မှနေ ခရမ်းရင့်ရောင်အထိ တွေ့နိုင်ပါတယ်။

ဘယ်လိုတောင်လှတာလဲမေး

ဥယျာဉ်အကြောင်း ဆက်မပြောခင် Wisteriaပန်းတွေအကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။ Wisteriaဟာ အာရှနွယ်ဖွားဖြစ်ပြီး အဖြူရောင်နဲ့ ခရမ်းရောင်အပွင့်တွေ ပွင့်တဲ့ ပဲနွယ်ပင်တစ်မျိုး ဖြစ်ပါတယ်။ Wisteriaပန်းတွေနဲ့ ပတ်သတ်တဲ့ အယူအဆတွေဟာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံမှ ဆင်းသက်လာတယ်လို့ ဆိုနိုင်ပါတယ်။

Related Article >>> သဘာဝတရားကြီး ဆက်လက်အသက်ရှင်သန်နိုင်ဖို့

ယောင်းတို့ရေ တရုတ်လူမျိုးတွေဟာ မင်္ဂလာပွဲစီစဉ်နေတဲ့အခါ Wisteriaပန်းတွေကို ကံကောင်းစေတဲ့ အဆောင်တစ်ခုအဖြစ် ယူဆပြီး အပြန်အလှန်ဖလှယ်လေ့ရှိပါတယ်။ ဂျပန်ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း Wisteriaပန်းတွေဟာ ဆုတောင်းတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် Wisteriaပန်းတွေဟာ နွေးဦးရာသီမှာ ပွင့်တာကြောင့် ဘဝအသစ်ပြန်လည် မွေးဖွားခြင်းကို ကိုယ်စားပြုတယ်လို့ ယူဆကြပါတယ်။

အိုကွယ်….

Kawachi Fujiဥယျာဉ်ရဲ့ အဓိက စွဲမက်ဖွယ်အချက်ကတော့ မီတာ၁၀၀ရှည်တဲ့ Wisteria Flower လှိုဏ်ခေါင်း ဖြစ်ပါတယ်။ လှိုဏ်ခေါင်းတစ်ခုလုံးကို Wisteriaပန်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wisteriaပန်းဥမင်ထဲကို ရောက်သွားရင်ဖြင့် မျက်နှာကျက်မှနေ တွဲလောင်ကျနေတဲ့ အဖြူရောင်နဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ များပြားလှတဲ့ ပန်းတွေကြောင့် အိပ်မက်ကမ္ဘာထဲ ရောက်နေသလို ခံစားရမှာ သေချာပါတယ်။

<3

ဥမင်တစ်လျှောက် ကြွေကျနေတဲ့ Wisteriaပွင့်ချက်တွေကလည်း နင်းရက်စရာ မရှိပါလားနော်။ ဒါ့အပြင် Wisteria flower tunnelကို ဥယျာဉ်ရဲ့ viewpointကနေ ကြည့်မယ်ဆိုရင် အလွန်ကြီးမားတဲ့ ပန်းပင်လယ်ကြီးအဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။

တကယ် ပန်းပင်လယ်ပါပဲကွယ်..

ယောင်းတို့ရေ ဧပြီ ၂၇ကနေ ၂၉ရက်ထိ နှစ်စဉ် Wisteriaပန်းပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရက်မှာ Wisteriaပန်းဥမင်ဟာ နေရာအနှံ့က ပန်းချစ်သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်းကားနေတက်ပါတယ်။ ဒါကြောင့် လူနည်းနည်းနဲ့ အေးအေးဆေးဆေး ပန်းတွေကို ခံစားချင်ရင် ပွဲတော်ရက်ကို ရှောင်သွားဖို့ အကြံပေးချင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ သွားရောက်လည်ပတ်စရာတွေထဲက တစ်ခုဖြစ်တဲ့ Wisteria flower tunnelကို ယောင်းတို့အတွက် ဖော်ပြပေးခဲ့တာပါ။ ပုံလေးတွေ ကြည့်ရုံနဲ့ အပြင်မှာ ဘယ်လောက်တောင် လှနေမလဲဆိုတာ မြင်ယောင်နိုင်မယ် ထင်ပါတယ်။ Rinဆို ပန်းတွေက အရမ်းလှလွန်းလို့ အခုချက်ချင်း ပြေးသွားချင်စိတ်ပေါက်တယ်။ ခက်တာက လူ့အလို လေယာဉ်လက်မှတ်မတတ်နိုင်လေ။

ချစ်သူများနေ့လည်း နီးပြီဆိုတော့ ကိုယ့်ချစ်သူကို တချိန်ချိန်လိုက်ပို့ဖို့ ပူဆာသင့်ပြီ ထင်တယ်နော…
စစ်မှန်တဲ့ အိပ်မက်တွေဟာ တကယ်ဖြစ်လာမှာ သေချာပါတယ်။ အများနဲ့မတူတဲ့ Pre wedding ဓာတ်ပုံ ရိုက်ဖို့ နေရာရှာနေတဲ့ ယောင်းတို့အတွက်လည်း စိတ်ကူးသစ်လေးတွေရမယ်လို့ မျှော်လင့်ပါတယ်။ Wisteriaပန်းတွေနဲ့ဆို အရမ်းလှမှာနော်။

ချစ်သူ မရှိသေးတဲ့ Singleယောင်းတို့လည်း အားမငယ်ပါနဲ့ ကိုယ့် BFFတွေနဲ့ အတူ Wisteriaပန်းတွေဆီ လှမ်းခဲ့လို့ ရပါတယ်။

Stay Pretty!
Rin (For Her Myanmar)
Reference : Japan GuideUdivitelno, Flower meaning

Rin
Rin

Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!