၁)For Her Myanmar ဆိုတာဘာလဲ?

For Her Myanmar ဆိုတာ မြန်မာအမျိုးသမီးထုအတွက် နိစ္စဓူဝ အကျိုးရှိစေမယ့်  ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းတွေ အသိပညာဗဟုသုတတွေ အကြောင်းအရာတွေကို ဝေမျှပေးနေတဲ့ ဝက်ဘ်ဆိုဒ်ပါ။

၂)For Her Myanmar ဘယ်လို စတင်ခဲ့လဲ? ဘာကြောင့် စတင်ဖြစ်ခဲ့တာလဲ၊

ပေ့ခ်ျစဖွင့်ဖြစ်တာက ဖေဖော်ဝါရီ (၂) ရက်နေ့ ၂၀၁၆ ခုနှစ်မှာပါ။ အဲ့ဒီအချိန်ကာလတုန်းက မြန်မာအမျိုးသမီးတွေကို အဓိကထားတဲ့ ပေ့ခ်ျတွေက ရှိတော့ရှိပေမဲ့ အရေအတွက် နည်းပါးခဲ့တဲ့ အနေအထားတစ်ခုပါ။ အဲဒီတော့ ကျွန်မတို့ မြန်မာအမျိုးသမီးငယ် (၂) ယောက်က ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေရင်း ကိုယ့်လိုသိချင်တဲ့ မြန်မာအမျိုးသမီးငယ်လေးတွေကို ပြန်လည်မျှဝေချင်တဲ့စိတ်စေတနာကို အရင်းခံလို့ စတင်တည်ထောင်ဖြစ်ခဲ့ပါတယ်။ ကိုယ်သိချင်လို့ ရှာထားတဲ့ ဗဟုသုတပိုင်းဆိုင်ရာ အလှအပပိုင်းဆိုင်ရာတွေနဲ့ ထူးထူးခြားခြား ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ၊   ဟာသလေးတွေ ၊ ဘဝတက်လမ်းအတွက် စိတ်ခွန်အားပြုစာစုလေးတွေကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ပြန်လည်ဝေမျှဖြစ်ပါတယ်။ စာလေးတွေရေးသားရင်းနဲ့ ပေ့ခ်ျကို သဘောကျနှစ်ခြိုက်တဲ့ စာဖတ်သူတွေနဲ့လည်း အပြန်အလှန် စကားပြောဖြစ်ပါတယ်။ အဲဒီမှာ သတိထားမိတာက တချို့သော အမျိုးသမီးတွေအနေနဲ့ ကြုံတွေ့ခံစားရတဲ့ အဖြစ်အပျက်တွေ၊ မိန်းကလေးဖြစ်လို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခွင့်အရေးမရတာတွေနဲ့ ပတ်သက်ပြီး ရင်ဖွင့်တာလေးတွေ ကြုံခဲ့ရတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးလေးတွေကို အဲဒီလို ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး ယုံကြည်မှု အပြည့်နဲ့ ရပ်တည်နိုင်ဖို့ စိတ်ဓာတ်ခွန်အားပေးချင်တယ် အသိပညာဗဟုသုတပေးချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာတွေရေးသားဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း ပြင်သစ်လူမျိုး Jonathan Kieusseian က ပေ့ခ်ျကို ပိုပြီး နည်းစနစ်တကျဖြစ်အောင် ကူညီပေးခဲ့တယ်။ ၂၀၁၆ ဒီဇင်ဘာမှာ စာဖတ်သူတွေအနေနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေကို လွယ်ကူဆင်ပြေစွာ စိတ်ကြိုက်ဝင်ရောက် ဖတ်ရှုနိုင်ဖို့အတွက် ဝက်ဘ်ဆိုဒ်ထောင်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ For Her Myanmarနဲ့ အတူတူဝေမျှချင်တဲ့ ဝါသနာတူ ဆောင်းပါးရှင်တွေလည်း ပေါ်ပေါက်လာခဲ့ပြီး အားလုံးအတူတူ တင်ပြပေးချင်တဲ့ အကြောင်းအရာတွေကို ဝေမျှဖြစ်ခဲ့တာ အခုထက်ထိပါပဲ။ အခုလက်ရှိမှာ စာဖတ်သူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ဆောင်းပါးတွေ ဖန်တီးနိုင်အောင် ဆောင်းပါးအရည်အသွေးဆိုင်ရာ နည်းပညာပိုင်ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူ လက်တွဲလုပ်ကိုင်နေပါတယ်။

 

၃)ဘယ်လိုအကြောင်းအရာမျိုးတွေ အဓိက ပေ့ခ်ျနဲ့ ဝက်ဘ်ဆိုဒ်ပေါ်တင်ဖြစ်သလဲ?

 

အကြောင်းအရာတွေကတော့ ကဏ္ဍစုံပါပဲ။ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အလှအပ၊ ကျားမရေးရာ ခွဲခြားမှုဆိုင်ရာ စသဖြင့်သော ဆောင်းပါးတွေ အပြင် စာရေးသူတွေရဲ့ အတွေ့အကြုံတွေ ဟာသအဖြစ်အပျက်လေးတွေ ဝတ္ထုတိုလေးတွေ ဝေမျှရေးသားတာမျိုးလည်း ရှိပါတယ်။ ဒါက For Her Myanmar ရဲ့ထူးခြားချက်လို့ ပြောလို့ရပါတယ်။နောက်ပြီး ဆောင်းပါးတွေသာ မဟုတ်ဘဲ ဗီဒီယိုတွေကိုလည်း ကိုယ်တိုင်ပြုလုပ်ဖန်တီးပြီး တင်ဆက်ပေးပါတယ်။

 

၎)ဘယ်လိုအစီအစဉ်မျိုးနဲ့ နေ့စဉ်တင်ဆက်ပါသလဲ?

အခုလက်ရှိလောလောဆယ်မှာတော့ တစ်နေ့ကို ကဏ္ဍစုံဆောင်းပါး (၅)ပုဒ်ကနေ (၇)ပုဒ်ဝန်းကျင်လောက်ထိ ပေ့ခ်ျပေါ်တင်ဖြစ်ပါတယ်။ ထူးထူးခြားခြား တင်ဆက်ပေးတာမျိုးတွေလေးတွေလည်း ရှိပါတယ်။ အပတ်တိုင်း သောကြာနေ့မှာဆိုရင် ကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုလေးတွေ တင်ဆက်တာမျိုး၊ စိတ်လှုပ်ရှားစရာ သရဲဝတ္ထုတွေ၊ ပေတလောကနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို တင်ဆက်တာမျိုးလေးတွေလည်း လုပ်ပါတယ်။

၅)ဆောင်းပါးတွေကိုရော ဘယ်လိုစီစဉ်ပါသလဲ? ရေးသားတဲ့ ဆောင်းပါးတွေကရော ဘယ်လိုထူးခြားမှုတွေရှိသလဲ?

အရင် စစချင်းပေ့ခ်ျစဖွင့်ဖြစ်ခဲ့တုန်းကတော့ ကိုယ့်အတွေ့အကြုံ ကိုယ်သိခဲ့တဲ့ အကြောင်းအရာလေးတွေ ကိုယ့်နှစ်သက်ရာလေးတွေကို ဝေမျှပေးခဲ့ရုံပါ။ အခုက (၇)နှစ်တာ သတင်းထောက်အတွေ့အကြုံရှိတဲ့ ပြင်သစ်လူမျိုးကနေ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ဘယ်လိုရှာရမလဲ လက်တွေ့အပြင်မှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို ဘယ်လိုဆောင်းပါးအနေနဲ့ ရေးသားရမလဲ စတာတွေကို သင်ကြားပေးပါတယ်။ အဲဒီတော့ အရင်က ဘလော့ဂါလိုပုံစံမျိုးနဲ့ ရေးသားခဲ့ပေမယ့် အခုက မီဒီယာပိုင်းထဲလည်း ခြေတစ်လှမ်း ဝင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ မီဒီယာနဲ့ ဘလော့ဂါကြားထဲပေါ့။ စာဖတ်သူတွေဆီ မှန်ကန်တဲ့ သတင်းအချက်အလက်ကို ကိုယ့်သူငယ်ချင်းတွေ ကိုယ့်အစ်မ ညီမတွေကို ဝေမျှတဲ့ ပုံစံမျိုး စကားပြောပုံစံနဲ့ ရေးသားပါတယ်။ ထူးခြားချက်နောက်တစ်ခုကတော့ စာဖတ်သူတွေကို “ယောင်းယောင်း” လို့ သုံးနှုန်းခေါ်ဝေါ်တာပါပဲ။ ဟိုးအရင်ခေတ်တည်းက မိန်းကလေးတွေ သူငယ်ချင်းအချင်းချင်း အရမ်းရင်းနှီးတဲ့အခါမှာ သုံးတဲ့ အခေါ်အဝေါ် “ယောင်းမ” ကို ချစ်စနိုးနဲ့ ပြန်လည်ဆန်းသစ်ထားတာပါ။ ဆောင်းပါးတွေ ရေးသားတဲ့အခါမှာလည်း သတင်းအချက်အလက်ကို ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးသားပါတယ်။ ဒါတွေက For Her Myanmar ရဲ့ ထူးခြားချက်တွေပါပဲ။

 

၆)For Her Myanmar ပေ့ခ်ျမှာ ဆောင်းပါးဖတ်ရှုသူတွေကရော များသောအားဖြင့် ဘယ်သူတွေလဲ?

 

ပေ့ခ်ျကို ကြိုက်နှစ်သက်တဲ့သူ (like လုပ်ထားသူ) ၇၆ ရာခိုင်နှုန်းက အသက် ၁၈ ကနေ ၃၅ နှစ် အရွယ် အမျိုးသမီးလေးတွေပါ။ ကျန်တဲ့ (၂၄)ရာခိုင်နှုန်းမှာ အမျိုးသားတွေလည်းပါပါတယ်။

 

၇)လက်ရှိအောင်မြင်မှုကရော?

 

ကျွန်မတို့ ပေ့ခ်ျဟာ ၉၉ ရာခိုင်နှုန်း organic နဲ့ လောလောဆယ်မှာ ပေ့ခ်ျကို ကြိုက်နှစ်သက်သူ follower ပေါင်းက သုံးသိန်းရှစ်သောင်းကျော်ရှိပါတယ်…တစ်လမှာ ပေ့ခ်ျကို ဝင်ရောက်ဖတ်ရှုသူ ၆ သန်းဝန်းကျင် ရှိပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကို ကိန်းဂဏန်းနဲ့ မတွက်ချင်ပါဘူး။ ကျွန်မတို့ရဲ့ အောင်မြင်မှုက အရည်အသွေးပြည့်မီတဲ့ ဆောင်းပါးတွေကို ဖန်တီးပြီး မြန်မာအမျိုးသမီးလေးတွေ တကယ်လက်တွေ့ အကျိုးရှိသွားတယ်ဆိုတာကသာ ကျွန်မတို့ရဲ့ အောင်မြင်မှုနဲ့ ရှေ့ဆက်တက်လှမ်းဖို့ အားအင်တစ်ခုပါ။  

၈)For Her Myanmar က ဆောင်းပါးတွေပဲ တင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခုလား?

For Her Myanmar က ဆောင်းပါးတွေပဲ တင်တဲ့ ဝက်ဘ်ဆိုဒ်တစ်ခု မဟုတ်ပါဘူး။ စစချင်းပေ့ခ်ျဖွင့်တည်းက စာဖတ်သူတွေနဲ့ တရင်းတနှီး ဆက်ဆံခဲ့တာပါ။ စာဖတ်သူ ယောင်းယောင်းတွေဆီက သိလိုတဲ့ မေးခွန်း တစ်နေ့ကို (၁၅)စောင်ဝန်းကျင် လာပါတယ်။ တစ်ခါတလေ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ ၊ အလှအပနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ ကိုယ့်အစ်မတစ်ယောက်ကို ရင်ဖွင့်သလို လာမေးကြပါတယ်။ အဲဒီအခါမှာလည်း တရင်းတနှီး နွေးနွေးထွေးထွေး ပြန်ဖြေပေးသလို သူတို့ သိလိုတဲ့ အကြောင်းအရာလေးတွေ တောင်းဆိုလာတဲ့အခါမှာလည်း ရှာဖွေလေ့လာပြီးဆောင်းပါးအသွင်နဲ့ ပြန်လည်မျှဝေပေးပါတယ်။ သူတို့အတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် ညီအစ်မတွေလို ဖွဲ့ထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။

 

၉)For Her Myanmar Club ကိုရော ဘယ်ရည်ရွယ်ချက်နဲ့ စတင်ဖြစ်တာလဲ?

ဒါကတော့ ပေ့ခ်ျရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မြန်မာအမျိုးသမီးလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့ စိတ်ဓာတ်ခွန်အားပေးဖို့ အသိပညာဗဟုသုတပေးဖို့ဆိုတဲ့အတိုင်း လက်တွေ့အပြင်မှာပါ အကောင်အထည်ဖော်ချင်တဲ့အတွက်ပါ။ နောက်တစ်ချက်က စာဖတ်သူတွေနဲ့ စာရေးသူ အက်ဒမင်တွေကြား ရင်းနှီးမှုကို အပြင်မှာပါ တရင်းတနှီးဆက်ဆံပြီး စိတ်ဓာတ်ခွန်အားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။

 

၁၀) ရှေ့ဆက်ရော ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ?

 

ရှေ့လျှောက်ကတော့ လုပ်ချင်တာတွေ အများကြီးပါပဲ။ အစီအစဉ်တွေတော့ ရှိတယ်ဆိုပေမယ့် ခုချိန် ပြောပြလိုက်ရင် စိတ်လှုပ်ရှားမှုတွေ လျော့ကျကုန်မှာစိုးလို့ ခုတော့ မပြောသေးပါဘူး။ သေချာတာတစ်ခုကတော့ မြန်မာအမျိုးသမီးလေးတွေအတွက် အကျိုးရှိစေမယ့် အစီအစဉ်တွေဆိုတာပါပဲ။          

error: Content is protected !!