အပြောင်းအလဲတစ်ခုအတွက် စကားသံလေးတွေလိုအပ်ပါတယ်

 ရှင့်အနေနဲ့ လေးငါးရက်လောက် စိတ်ထိခိုက်ရတာဟာ ရှင့် တစ်ကိုယ်ရည်ဆန္ဒကြောင့် ဒီအမျိုးသမီးငယ်လေးတွေရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းထိခိုက်ခံစားရတာနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။

၂၀၁၈ ဇန်န၀ါရီလ ၂၄ရက် အမေရိကန်နိုင်ငံ မီချီဂန်ကတရားရုံးတစ်ခုမှာ အမျိုးသားအဆင့်ကျွမ်းဘားအသင်းရဲ့ ဆရာဝန်ဖြစ်သူ Doctor Larry Nassar ကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုအပါအ၀င် အရွယ်မရောက်သူများကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၄၀ ကနေ၁၇၅ နှစ်အထိ ချမှတ်ခဲ့ပါတယ်။ ဒီအမှုဟာ အားကစားလောကသမိုင်းမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနဲ့ပတ်သက်တဲ့အကြီးဆုံး အမှုတစ်ခုပါပဲ။

ဒီအမှုကို စီရင်ချက်ချမှတ်ခဲ့သူကတော့ အမျိုးသမီးတရားသူကြီး Rosemarie Aquilina ဖြစ်ပြီးဒီအမှုမှာ တရားသဖြင့်စီရင်ချက်ချမှတ်နိုင်ဖို့ တိတိပပပြောရရင် ရာဇ၀တ်ကောင်ကို သူနဲ့ထိုက်တန်တဲ့အပြစ်ပေးနိုင်ဖို့ သူမရဲ့ကြိုးပမ်းမှုဟာ လူအများထုတ်ဖော်ချီးကြူးခဲ့ရပါတယ်။

ဒါပေမယ့်လဲ တစ်ဖက်မှာ သူမရဲ့ ဆောင်ရွက်ချက်များအပေါ်ဝေဖန်မှုတွေကလည်းရှိနေဆဲပါ။

အမေရိကန်လိုနိုင်ငံမျိုးမှာတောင် မုဒိန်းသမားတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အပြစ်ဒဏ်ချမှတ်ရာမှာ သူတို့ ကျူးလွန်တဲ့ ပြစ်မှုနဲ့ ယှဉ်ရင် ပြစ်ဒဏ်ကျခံရမှုဟာ ပေါ့လျော့လွန်းနေပါတယ်။ ဥပမာ –  ၁၂နှစ်အရွယ် သမီးဖြစ်သူကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သူ ဖခင်အား ရက်ပေါင်း ၆၀ (နှစ်လ) သာပြစ်ဒဏ်ချမှတ်ခဲ့တာမျိုးတောင် ရှိခဲ့ပါတယ်။

Related Article >>> မိန်းမသားတို့ဘဝ (၂)

အမေရိကန်မှာ မုဒိန်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများစွာဖြစ်ခဲ့တာမှာ တရားခံတွေကို တရားရုံးမှာ ပြစ်ဒဏ်ပေးမှုတွေများစွာရှိခဲ့ပေမယ့် သူမအလှည့်ကျမှ ချီးကျူးမှုတွေ၊ ဝေဖန်မှုတွေ ရှိလာရသလဲ၊ ပြောစမှတ်ဘာကြောင့်တွင်နေလဲလို့မေးစရာရှိပါတယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရသူတွေဟာ နာမည်ကြီး အားကစားမယ်တွေဖြစ်တာကြောင့်လည်းမဟုတ် အမျိုးသားတစ်ယောက်ဟာ ဆရာဝန်ကျင့်ဝတ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရတာကြောင့်လဲ မဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူမဟာ တရားခံရဲ့ သားကောင်ဖြစ်ခဲ့ရရှာတဲ့ အမျိုးသမီးသက်သေတွေကို တရားရုံးမှာ တရားခံနဲ့ မျက်နှာချင်းဆိုင်စေပြီး သက်သေထွက်ဆိုစေခဲ့လို့ပါ။ ဒါဟာ ခြောက်ကြိမ်မြောက် အခြေခံဥပဒေပြင်ဆင်ချက်အရ အမေရိကန် နိုင်ငံသားများကို ပေးအပ်ထားတဲ့ အခွင့်အရေးကို အသုံးချစေခဲ့ပြီး ဒီလိုသက်သေထွက်ခွင့်ပေးခဲ့တာပါ။

Aquilina ဟာ တရားခံရဲ့ သားကောင်ဖြစ်ခဲ့ရသူအမျိုးသမီးတိုင်းကို တရားခံရှေ့တည့်တည့်မှာတင် သူပြစ်မှုကျူးလွန်ခဲ့ပုံတွေ၊ သူ့ရဲ့စော်ကားမှုကြောင့် သားကောင်မိန်းကလေးရဲ့ ဘ၀မှာ ဘယ်လိုထိခိုက်နစ်နာစေခဲ့ရတယ်ဆိုတာတွေကို တရားခံကိုကော တကမ္ဘာလုံးကိုပါပြောကြားစေခဲ့ပါတယ်။

အမျိုးသမီးတွေကို ဒီလိုသက်သေထွက်ချက်ပေးဖို့ခွင့်ပြုခဲ့ချိန် သက်သေထွက်ချက်ပေးဖို့ စာရင်းပေးခဲ့တာ ၈၈ယောက်ကနေ နောက်ထပ် ၁၀၅ ယောက်၊ အဲ့ဒီကနေ ထပ်တိုးလာတော့ ၁၂၀ နဲ့ နောက်ဆုံးမှာတော့ သက်သေထွက်ဆိုသူပေါင်း ၁၅၆ ယောက်တောင်ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ နိုင်ငံဂုဏ်ဆောင်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားမယ်တွေတောင် ပါဝင်ပါတယ်။

တရားခံ Larry Nassar

သူတို့တွေဟာ နိုင်ငံအဆင့် ကျွမ်းဘားအသင်းဆရာဝန် Nassar နဲ့ ဆေးကုသမှုခံယူရတိုင်းမှာ သူတို့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ၊ ဒီလို အနိုင်ကျင့်ခံရတာကြောင့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ၊ စိတ်ဓာတ်ကျမှု၊ မိမိကိုယ်ကို မသတီမှုတွေပါခံစားခဲ့ရသလို မိသားစုဘ၀ကိုပါထိခိုက်သည်အထိခံစားရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

သက်သေတွေ ထွက်ဆိုချက်မပြုခင် တရားသူကြီး Aquilina စီမံခဲ့တာ တစ်ခုရှိပါသေးတယ်။ သက်သေတွေဟာ တရားရုံးမှာ သက်သေခံချက်ပေးချိန်မှာ တရားခံရှေ့နေတွေနဲ့ ရင်ဆိုင်တွေ့ရကာ ရှေ့နေတွေရဲ့ မေးခွန်းတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အရှက်တရားကို ပိုမိုထိပါးစေတာမျိုးကြုံရနိုင်ပါတယ်။ ဒါကြောင့် သူမဟာတရားရုံးအစဉ်အလာကို ပြင်ဆင်ခဲ့ကာ ဒါဟာ ကြားနာချက်သာဖြစ်တယ်။ တရားခွင်မဟုတ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Related Article >>> မိန်းမသားတို့ဘဝ (၁)

သက်သေတွေ ထွက်ချက်ပေးနေချိန်မှာ တရားသူကြီးဟာ သူတို့တွေကို စိတ်ခွန်အားပေးခဲ့ပါတယ်။ သက်သေအမျိုးသမီးတွေဟာ ဘယ်လောက် ကြံ့ခိုင်သူတွေ၊ ဖြစ်ကြောင်း၊ ဘယ်လောက်စွမ်းဆောင်ရည်မြင့်မားကြောင်း သူတို့ဘ၀မှာအလားအလာတွေရှိကြောင်း ထပ်ကာ ထပ်ကာပြောကြားပေးခဲ့ပါတယ်။

ထွက်ဆိုချက်ပေးနေတဲ့ Mattie Larson

နိုင်ငံ့ကျွမ်းဘားချန်ပီယံ Mattie Larson က သက်သေခံချက်ထွက်ဆိုရာမှာ Nassar ရဲ့ကျူးလွန်ချက်တွေကြောင့် သူမငယ်စဉ်ကလေးဘ၀ထဲက မြတ်နိုးခဲ့ရတဲ့ ကျွမ်းဘားအားကစားဟာ ငရဲလို ခံစားခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် Aquilina က Mattie Larson သက်သေထွက်ချက်ပေးအပြီးမှာ အခုလို စိတ်ဓာတ်ခွန်အားပေးခဲ့ပါတယ်။ “မင်းဟာ သိပ်ရဲရင့်ပြီးကြံ့ခိုင်တဲ့မိန်းကလေးပါ။ မင်းဘ၀၊ မင်းစိတ်ဓါတ်တွေ မပြိုကွဲနိုင်ပါဘူး။ မင်းဘ၀ကို လှလှပပပြန်တည်ဆောက်နိုင်ပါတယ်။ အခုလို သက်သေထွက်ချက်ပေးခဲ့တဲ့ အမျိုးသမီးထုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မင်းရဲ့ထွက်ဆိုချက်တွေဟာ သိပ်အရေးပါပါတယ်” တဲ့။

တရားခံရဲ့ အသနားခံစာနဲ့ တရားသူကြီး Aquilina

ဒီလိုကြားနာမှုတွေ မစတင်ခင်မှာ တရားခံ Nassar က တရားသူကြီးဆီကို အသနားခံစာတင်ခဲ့ပါတယ်။ အခုလို သူ့ရှေ့မှာ ဒီလို သက်သေခံချက်တွေထွက်ဆိုမယ်ဆို သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရပါလိမ့်မယ်တဲ့။ တရားသူကြီး Aquilina ရဲ့ တုံ့ပြန်ချက်က ရှင်းပါတယ်။ ” ရှင့်အနေနဲ့ လေးငါးရက်လောက် စိတ်ထိခိုက်ရတာဟာ ရှင့် တစ်ကိုယ်ရည်ဆန္ဒကြောင့် ဒီအမျိုးသမီးငယ်လေးတွေရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းထိခိုက်ခံစားရတာနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ပါဘူး။” တဲ့။

တရားသူကြီး Aquilina ရဲ့ဆောင်ရွက်ချက်အပေါ်လူတိုင်းကထောက်ခံအားပေးခဲ့ကြတာတော့ မဟုတ်ပါဘူး။ သက်သက်အပိုတွေလုပ်တာပါလို့ သတင်းစာတစ်စောင်က ရေးသားခဲ့သလို Aquilina ရဲ့ လုပ်ဖော်ကိုင်ဖက် တရားသူကြီးတစ်ဦးက “တရားသူကြီးတစ်ယောက်ရဲ့ ၀တ္တရားက အပြစ်ဒဏ်ပေးဖို့ပါ။ လူတွေကို စိတ်ခွန်အားပေးနေဖို့မဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ တရားသူကြီး Aquilinaရဲ့ ကြိုးပမ်းချက်နဲ့ သက်သေအမျိုးသမီးတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် တရားခံတစ်ယောက်ကို သူနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပါတယ်။

ယောင်းတို့ရေ .. တို့နိုင်ငံမှာလဲ အလားတူဖြစ်ရပ်တစ်ခုလောလောလတ်လတ်ဖြစ်ပွားနေတာ ကြားပြီးမှာပေါ့။ ဒီဖြစ်ရပ်မှာလည်း အစွပ်စွဲခံရသူဟာ တကယ်အပြစ်ကျူးလွန်ခဲ့သူဆိုရင် သူနဲ့ထိုက်တန်တဲ့အပြစ်ဒဏ်ခံစားရဖို့ အလွန်အရေးကြီးပါတယ်။သူ့ကို အပြစ်ဒဏ်ပေးနိုင်ဖို့ဆိုရင်လည်း သူ့ရဲ့ ကျူးလွန်မှုကို ခံစားခဲ့ရတဲ့အမျိုးသမီးငယ်လေးတွေက ရဲရဲရင့်ရင့် သက်သေထွက်ချက်ပေးနိုင်ဖို့လိုအပ်ပါတယ်။ မလိုလားအပ်တဲ့အရှက်တရားကြောင့် ထွက်ချက်မပေးရဲဘဲ သိုဝှက်နေတာကနေ တရားခံဟာလွတ်မြောက်နေပြီး နောက်ထပ် အမျိုးသမီးငယ်လေးတွေကို ကျူးလွန်တာမျိုး မဖြစ်နေဖို့လည်း အရေးကြီးတယ်မဟုတ်လား။ ဒါကြောင့် သူ့ရဲ့ သားကောင် အမျိုးသမီးလေးတွေ တရားရုံးမှာ ရဲရဲရင့်ရင့် ထွက်ချက်ပေးရဲဖို့ ယောင်းတို့ အက်ဒ်မင်တို့ ၀န်းရံပေးဖို့လိုပါတယ်။ (သူကသာ တကယ် ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင်ပေါ့)

ဒီဆောင်းပါးလေးကို တရားသူကြီး Aquilina ရဲ့ စီရင်ချက်ထဲက Admin အကြိုက်ဆုံးစာသားနဲ့ အဆုံးသတ်ပေးပါရစေ။

“ အပြောင်းအလဲကို လိုချင်လို့ ကျွန်မအသံထွက်စကားပြောခဲ့ပါတယ်။ အမှန်တရားကိုဖုံးကွယ်ထားရမယ်လို့ မယုံကြည်ပါဘူး။ ကျွန်မဟာလည်း အမြဲမှန်မနေပါဘူး။ ဒါပေမယ့် ကျွန်မက ဆက်ကြိုးစားနေမှာပါ။”

Sugar Cane

Reference – The Atlantic , Fortune , Wikipedia

 

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။