အချစ်ကို ယုံကြည်ကိုးစားလွန်းတဲ့ မိန်းကလေးတိုင်း ဖတ်သင့်တဲ့ စာအုပ်လေး ၂အုပ်

သူတို့ဘဝကို စာနာပါ၊ ဖေးမပါလို့ မြည်တမ်းလာသူအမျိုးသားတို့ကို ကရုဏာသက်ပြီး ကယ်တင်ချင်တဲ့ အမျိုးသမီးလေးတွေရှိရင် ဒီစာအုပ်လေးနှစ်အုပ်ကိုသာ ဖတ်ကြည့်ပေးပါ

ဒီတစ်ပတ်ပိတ်ရက်မှာ ဖတ်ဖို့ယောင်းတို့အတွက် အက်ဒ်မင်ညွှန်းပေးချင်တဲ့ စာအုပ်နှစ်အုပ်ရှိပါတယ်။ ဒီစာအုပ်နှစ်စာလုံးဟာ မတူညီတဲ့ စာရေးဆရာနှစ်ဦးက ရေးသားထားတဲ့စာအုပ်ဖြစ်ပေမယ့် တူညီတဲ့အကြောင်းအရာတွေပါပါတယ်။ ပထမ တူညီတဲ့ အကြောင်းအရာကတော့ အချစ်ဆိုတာကို ယုံစားမိလွန်းရင် အမှန်ကို မမြင်နိုင်တော့ပဲ ဒုက္ခရောက်တတ်တဲ့အကြောင်းပါ။

နောက်တစ်ချက်က စာဖတ်ဝါသနာပါတာ ကောင်းတဲ့အချက်ပါ။ စာအုပ်ထဲကနေ လေ့လာသင်ယူတတ်သလို အပြင်လောက ကနေလည်း လေ့လာသင်ယူဖို့ကြိုးစားကြပါ။ အပြင်လောက ကမပေးနိုင်တဲ့ အတွေးအခေါ်၊ အယူအဆတွေကို စာအုပ်တွေကပေးနိုင်ပါတယ်။ စာအုပ်တွေထဲက မပေးနိုင်တဲ့ အတွေ့အကြုံတွေကိုလည်း အပြင်လောက ကပေးနိုင်ပါတယ်။ စာဖတ်တာကောင်းပေမယ့် စာအုပ်ပုံတွေထဲမှာပဲ အမြဲပျော်မွေ့မနေဘဲ လက်တွေ့ဘဝမှာ အတွေ့အကြုံတွေယူပါ။ လူတွေအကြောင်းပိုသိဖို့ ကြိုးစားပါ။ ဘဝကို လက်တွေ့ကျကျရင်ဆိုင်ပါ ဆိုတဲ့ အမှာစကား ပေးထားတာတွေ တူညီပါတယ်။

Related Article >>> ပျိုမေတိုင်းဖတ်ရှုထားသင့်တဲ့အချမ်းသာဆုံး အာဖရိကန်အမျိုးသမီးအော်ပရာဝင်းဖရေးအတ္ထုပ္ပတ္တိ

ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား

ပထမ စာအုပ်ကတော့ ဆရာမ မိုးမိုး(အင်းလျား) ရဲ့ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လားဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်မှာတော့ ဆရာမ က မိန်းကလေးတွေရဲ့ ကယ်တင်ရှင်ဖြစ်လိုစိတ် ကရုဏာ စိတ်ကြောင့် ဒုက္ခရောက်ရတဲ့အကြောင်း၊ တစ်ပါးသူကို ကယ်တင်ဖို့ကြိုးစားရင်း ကိုယ်ပါနစ်မွန်းသွားရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားပါတယ်။

ဇာတ်လမ်းအရ စုစုလှိုင်ဆိုတဲ့မိန်းကလေးဟာ  စာဖတ်ဝါသနာပါပြီး စိတ်ကူးယဉ်ဆန်သူ မိန်းကလေးတစ်ဦးပါ။ သူမဟာ ပြည့်စုံသာယာတဲ့ မိသားစုအသိုင်းအဝိုင်းမှာမွေးဖွားလာသူလေးမို့ အပူအပင်ကင်းတဲ့မိန်းကလေးငယ်လေးပေါ့။

တစ်နေ့မှာတော့ သူမဟာ နေမင်း ဆိုတဲ့ လူဆိုးလေး တစ်ယောက်နဲ့ တွေ့တယ်။ နေမင်းက ဆင်းရဲတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဆင်းရဲမှုကိုအကြောင်းပြပြီး ဘဝကို အရွဲ့တိုက်တယ်။ လေလွင့်တယ်။ ဂျစ်ကန်ကန်နိုင်တယ်။

စုက နေမင်းကို သနားတယ် လမ်းမှန်ရောက်စေချင်တယ်။ အဲ့ဒီအတွက် နေမင်းကို ဆုံးမပဲ့ပြင်ဖို့ကြိုးစားရင်း ပိုရင်းနှီးလာတယ်။ အစပိုင်းမှာတော့ နေမင်းကလဲ စု စကားဆိုနားထောင်တယ် ဒီလိုနဲ့ သူတို့ အတူသွားအတူလာကြရင်း မမျှော်လင့်ပဲ အိမ်ထောင်ပြုဖြစ်ကြတယ်။

အဲ့ဒီအခါမှာ စုတစ်ယောက် ငယ်ငယ်ရွယ်ရွယ် နဲ့ လောကဒဏ်ကို ရင်ဆိုင်ရပါတော့တယ်။ အချစ်အတွက် အရာရာကို ရင်ဆိုင်ဖို့စုတစ်ယောက်  အသင့်ရှိနေပေမယ့်  နေမင်းဟာ ဘဝကို ရင်မဆိုင်ချင်ဘူး။ အရာရာကို အရွဲ့တိုက်ချင်စိတ်ကများနေတယ်။ စုရဲ့ မိဘအသိုင်းအဝိုင်းနဲ့လဲအဆင်ပြေဖို့မကြိုးစားဘူး။ အဆိုးဆုံးက အလုပ်အကိုင်တစ်ခု တည်တည်တန့်တန့်ရှိဖို့ မကြိုးစားဘဲ လေလွင့်ချင်နေတယ်။ ပြောရရင် နေမင်းက စုအတွက် လက်တွဲဖော်ကောင်းတစ်ယောက် မဟုတ်ပါဘူး။

ဒါပေမယ့် စုကတော့လုံးဝစိတ်မပျက်ဘဲ ဘာတွေပဲဖြစ်ဖြစ် နေမင်းကိုချစ်နေပါတယ်။ နေမင်းတစ်ယောက်တစ်နေ့တော့ ပြောင်းလဲလာကောင်းပါရဲ့လို့ တွေးရင်းအနားမှာ ရှိနေပေးပါတယ်။ အဲ့လိုအခြေအနေမှာ စုတစ်ယောက် ရင်သွေးလေးရှိလာတဲ့အခါ ….

ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ဆရာမရဲ့ စာအုပ်ကိုဖတ်ကြည့်ကြပါနော်။

Related Article>>> ချစ်ခြင်းမေတ္တာတရားကို သေချာခံစားမိစေမယ့် စာအုပ်လေး ၂ အုပ်

ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်

နောက်တစ်အုပ်ရဲ့ နာမည်က ဒေါင်းယာဉ်ပျံဘုံနဘေးမှာစာရေးလို့ထားချင်တယ်ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရေးသားသူကတော့ ဆရာနွမ်ဂျာသိုင်းပါ။

ဒီစာအုပ်ထဲက အဓိက ဇာတ်ကောင် မိန်းကလေး ကတော့ သက်သက်ဖြစ်ပါတယ်။သက်သက်ဆိုတဲ့ကောင်မလေးက စာတွေလည်းဖတ်တယ် အတွေးအခေါ်လေးလည်းကောင်းတယ် အချစ်ရေးကိုလည်း စိတ်မဝင်စားဘဲ တက္ကသိုလ်ကျောင်းသူဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူလေးပါ။

သူ့ဘဝထဲကို တစ်နေ့မှာ ကိုနိုင်လင်း ခေါ် ကိုနိုင် ဆိုသူတစ်ယောက်ရောက်လာတယ် ။ ကိုနိုင်က အိမ်ထောင်ရှိတယ်။ ရုပ်သန့်တယ်။ စကားအပြောအဆိုညက်တယ်။ သက်သက်စာဖတ်ဝါသနာပါတာသိလေတော့ ကိုနိုင်က သက်သက်နဲ့ စာပေဆွေးနွေးချင်လို့ပါဆိုပြီး မကြာခဏလာတွေ့တတ်တယ်။

အစပိုင်းမှာတော့ သက်သက်က ကိုနိုင့်ကို ခင်မင်ရုံခင်မင်ခဲ့သူပါ။ လူမှုရေးကိစ္စကြောင့် ကိုနိုင့်ကို မကောင်းတတ်လို့ ပြောဆိုဆက်ဆံနေရပေမယ့် ကိုနိုင်က အိမ်ထောင်ရှိသူလည်း ဖြစ်လေတော့ အသွားအလာ၊ အပြောအဆို၊ အနေအထိုင်ဆင်ခြင်ပါတယ်။ ဒါပေမယ့် တွေ့ပါများလာတော့ ယောက်ျားလေးတွေကို စိတ်မဝင်စားတတ်တဲ့ သက်သက်က ကိုနိုင်ကိုတော့ သာယာသလိုဖြစ်မိတယ်။ ကိုနိုင်က သူတွေ့ဖူးတဲ့ ကောင်လေးတွေနဲ့မတူဘူး။ အလိုက်သိတယ်။ သူ့ကိုဂရုစိုက်တယ်။ ကြင်နာတတ်တယ်။ ပြီးတော့ သူ့လိုပဲ ကိုနိုင်က စာဖတ်ဝါသနာပါတယ်။ ဒီကြားထဲမှာ ကိုနိုင်က သူ့ရဲ့အိမ်ထောင်ရေးအဆင်မပြေကြောင်း၊ သူ့ဘဝဟာ စိတ်ဆင်းရဲဖို့ကောင်းကြောင်း၊ သက်သက်နဲ့ တွေ့ရချိန်တွေမှာတော့ သူပျော်ရွှင်ရကြောင်း ပြောဆိုလာတဲ့အခါ သက်သက်တစ်ယောက် ကိုနိုင့်ကို ကရုဏာသက်လာမိတော့တယ်။ ကိုနိုင့်ဘဝကို ပျော်ရွှင်သာယာအောင် လုပ်ပေးချင်စိတ်တွေဖြစ်လာပါတော့တယ်။

အဲ့ဒီလိုနဲ့ စာဖတ်ဝါသနာပါသူလေး သက်သက် ၊ မိဘမျိုးရိုးကောင်းသူလေးသက်သက်၊ လိမ္မာရေးခြားရှိပြီးရည်းစားသနာတောင်မထားတတ်တဲ့ သက်သက်ဟာ အိမ်ထောင်ရှိသူတစ်ယောက်နဲ့ ခိုးပြေးသွားပြီဆိုတော့ လူတွေ အံအားတကြီးဖြစ်ရပါတော့တယ်။

မှန်တယ်ထင်တာကို လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့ သက်သက်တစ်ယောက်သူထင်ထားသလို သာယာပျော်ရွှင်တဲ့ ဘဝကိုရမလား။ မျှော်လင့်မထားတဲ့ ဘဝရဲ့ဒုက္ခတွေနဲ့ပဲကြုံတွေ့ရမလားဆိုတာကို သိချင်ရင် ဆရာ့ရဲ့စာအုပ်ကိုဖတ်ကြည့်ကြပါနော်။

ဒီစာအုပ်နှစ်အုပ်က တစ်ခေတ်တစ်ခါကအောင်မြင်ခဲ့တဲ့စာအုပ်တွေပါ။ ရုပ်ရှင်၊ ဗီဒီယိုတွေအဖြစ် အသက်သွင်းခဲ့ကြပြီး အောင်လည်းအောင်မြင်ခဲ့ပါတယ်။ တစ်ခေတ်က ရေးသားခဲ့တဲ့ စာအုပ်တွေဆိုပေမယ့် ခေတ်တွေသာပြောင်းလာတယ် လူတွေရဲ့စရိုက်ကတော့ မပြောင်းပါဘူး။ ဒီခေတ်အထိ စာအုပ်ထဲကဇာတ်ကောင်မိန်းကလေးတွေလိုအဖြစ်မျိုးတွေကြုံနေရတဲ့ မိန်းကလေးတွေအခုထိရှိနေသေးပါတယ်။

အက်ဒ်မင်တို့ မိန်းကလေးတွေဆိုတာက ကရုဏာစိတ် အနည်းနဲ့အများတော့ မွေးကတည်းက ပါလာကြတာလေ.. မိခင်စိတ်လို့ခေါ်ရမလား.. ကိုယ်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ယောက်က မဟုတ်တာတွေလုပ်နေရင် ဆုံးမပဲ့ပြင်ပေးချင်တဲ့စိတ်၊ ပြုပြင်လိုတဲ့စိတ်၊ စေတနာကို အရင်းခံလို့ အကြင်နာတွေပိုတတ်တဲ့စိတ်၊ အားနာလွန်း၊ ယုံကြည်လွန်းတတ်တဲ့စိတ် .. အို အများကြီးပါ.. ဒီလိုစိတ်တွေက ပုံမှန်အားဖြင့်ဆိုရင်တော့ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့မိန်းကလေးဖြစ်စေပေမဲ့ လိုတာထက် ပိုပြီး ယုံကြည်လွန်းမိတဲ့အခါမျိုး၊ စိတ်ကိုနှစ်ပြီး ချစ်မိလိုက်တဲ့အခါမျိုးတွေမှာ နစ်မွန်းရတတ်ပါတယ်.. ဒါကြောင့် တစ်ယောက်ယောက်ကို အကြင်နာ ပိုမိတော့မဲ့အခါမျိုးတွေမှာ ဆင်ခြင်ဥာဏ်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကွပ်ပါ။

စာအုပ်စာပေ လူ့မိတ်ဆွေ၊ စာအုပ်ထဲက သင်ခန်းစာတွေကို ရှာဖွေသင်ယူပါ ဆိုတဲ့ စကားတွေရှိထားပေမဲ့ အက်ဒ်မင်ပြောခဲ့သလို တစ်ချိန်လုံး စာအုပ်ပုံထဲမှာပဲ နှစ်မြှုပ်နေလို့မရပါဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း လေ့လာပါ။ ပတ်ဝန်းကျင်က လူတွေဆီကလည်း သင်ခန်းစာတွေ သင်ယူပါ။ ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်ပါ။ နှလုံးသားကို ဦးနှောက်နဲ့ ထိန်းချုပ်ပါ.. အချစ်တစ်ခုကြောင့် ကိုယ့်ဘဝကြီး နစ်မွန်းမသွားအောင် ကြိုးစားပါလို့ မှာလိုက်ပါရစေ ယောင်းတို့ရေ…

No Comments Yet

Comments are closed