Uncategorized

နေ့စဉ်စာဖတ်ချိန် ဘယ်လိုပေးမလဲ။

ယောင်းတို့ စာဖတ်ချိန် မရှိဘူး မဖြစ်ရလေအောင် …

ယောင်းတို့ရေ လူကြားထဲမှာ ထင်ပေါ်ချင်ရင် မျက်နှာလေး လှနေရုံနဲ့ မပြီးဘူးနော်။ အသိဥာဏ်ရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်မှသာ ယောင်းတို့ရဲ့ အလှအပက ပြည့်စုံမှာ ဖြစ်ပါတယ်။

စာပေလိုက်စားတဲ့ အမျိုးသမီးတစ်ယောက်ဟာ စကားလုံး ရွေးချယ်တဲ့ အပေါ်မှာလည်း ပညာသားပါတယ်။ တဖက်သားကို စိတ်ဝင်စားလာအောင် စကားပြောနိုင်တယ်။
ပြဿနာတစ်ခုဖြစ်ရင်လည်း ပညာရှိနည်းလမ်းနဲ့ ဖြေရှင်းနိုင်တတ်ပါတယ်။

ဒါ့အပြင် စာဖတ်ခြင်းဟာ အကောင်းမြင်စိတ်တွေ ပိုမိုများပြားစေပါတယ်။ ယောင်းတို့ရဲ့ ဦးနှောက်ကိုသာမက နှလုံးသားကိုပါ လှပစေဖို့
စာဖတ်တဲ့ အလေ့အကျင့်ရှိရပါမယ်။
အလုပ်များတဲ့ ယောင်းတို့ နဲ့ စာဖတ်ပျင်းတဲ့ ယောင်းတို့ နေ့စဉ်စာဖတ်ဖြစ်အောင် နည်းလမ်းကောင်းတွေ ပြောပြချင်ပါတယ်။ တစ်ပတ်တစ်ခါမှ စာတွေ အများကြီး ဖတ်တာထက် တစ်နေ့ နည်းနည်းစီ ပုံမှန်လေး စာဖတ်သွားတာက ပိုကောင်းတယ်လို့ အရင်ဆုံး အကြံပြုလိုပါတယ်နော်။
လူ့စိတ်က မလုပ်တာကြာတဲ့အခါ ပျင်းသွားတတ်တယ်လေ။
စာဖတ်ဖို့ ရက်သတ်မှတ်ထားပေမယ့်လည်း ကိစ္စအမျိုးမျိုးပေါ်လာပြီး မဖတ်ဖြစ်တာတွေ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့ ၁၅မိနစ်လောက် အချိန်ပေးပြီး တစိုက်မတ်မတ်လုပ်သွားဖို့သာ လိုအပ်ပါတယ်။
စာဖတ်ချိန်ကို ဘယ်လိုရှာဖွေကြမလဲ?

(၁) စာဖတ်ခြင်းနဲ့ စတင်ပါ။ စာဖတ်ခြင်းနဲ့ အဆုံးသတ်ပါ။

Rinတို့ရဲ့နေ့စဉ်အချိန်ဇယားဟာ ရူးသွပ်စရာကောင်းပါတယ်။ ဘာပြီး ဘာလုပ်ရမယ် စသဖြင့် အားလပ်ချိန် မရှိလောက်အောင် ပွဲဆက်တွေ များနေတတ်ပါတယ်။
မွန်းကြပ်စရာ အချိန်ဇယားထဲက စာဖတ်ချိန် ရှာဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ သို့သော်လည်း စာဖတ်ခြင်း အလေ့အကျင့်ရှိခြင်းဟာ လူတစ်ယောက်ရဲ့ အောင်မြင်မှုအတွက် ဘယ်လောက်အရေးပါလဲဆိုတာ Rinတို့အားလုံး နားလည်ကြပါတယ်။
မအားတဲ့ကြားကနေ စာဖတ်ချိန်ကို ရှာဖွေဖို့ ပထမဆုံး အကြံပေးနိုင်တာကတော့ မနက်ခင်း အိပ်ရာထတဲ့အခါ ၁၅မိနစ် စာဖတ်ချိန် ပေးပါ။
ညအိပ်ရာမဝင်ခင်မှာလည်း ၁၅မိနစ် စာဖတ်ပေးပါ။
ယောင်းတို့ရေ နေ့တစ်နေ့ရဲ့ အစမှာ ကိုယ့်ရဲ့ စိတ်ကို အမြင်ကျယ်စေတဲ့ အတွေးအခေါ်တွေနဲ့ စတင်ပြီး အတွေးအခေါ်တွေနဲ့ ဦးနှောက်အာဟာရအတွက် တန်ဖိုးရှိတဲ့ တခြားအရာတစ်ခုနဲ့ အဆုံးသတ်လို့ အိပ်စက်ခြင်းက ယောင်းရဲ့ဘဝကို အမျိုးမျိုး အကျိုးရှိစေနိုင်ပါလိမ့်မယ်။ 

(၂) ပြက္ခဒိန်ကို အသုံးချပါ။

တာဝန်က နံပါတ်(၁)လို့ သတ်မှတ်တဲ့ ပျိုမေတို့အတွက် စာဖတ်ခြင်းကို တာဝန်တစ်ခု အဖြစ်သတ်မှတ်လိုက်ပါ။
ဦးနှောက်နဲ့ နှလုံးသား ဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ တာဝန်တစ်ခုပေါ့။
စာဖတ်ဖို့ကို ယောင်းတို့ရဲ့ ပြက္ခဒိန်မှာ အစီအစဉ်ချပြီး ထိထိရောက်ရောက်ဆောင်ရွက်မယ်ဆိုရင် စာဖတ်ခြင်းဟာ အပတ်စဉ် အစည်းအဝေးလောက် အကောင်အထည်ဖော်ဖို့ မခက်ပါဘူး။

စားပွဲတင် ပြက္ခဒိန် ဒါမှမဟုတ် ကိုယ့်ဖုန်းထဲကပြက္ခဒိန်မှာပဲ တစ်နေ့ပြီး တစ်နေ့ စာဖတ်ပြီးတိုင်း အမှတ်အသားလုပ်ပေးပါ။
နေ့ရက်တွေ ကုန်ဆုံးသွားပေမယ့်  ပြီးဆုံးသွားတဲ့ အမှတ်သားတစ်ခုက တာဝန်ကျေပြီလို့ ပြသနေတာကြောင့် နောက်ထပ်စာတွေ ပိုပိုဖတ်ဖြစ်ဖို့ အားဆေးတစ်ခွက် ဖြစ်လာပါလိမ့်မယ်။

Related Article >>> စာဂျပိုးတို့အတွက် အင်္ဂလိပ်ဝတ္ထု(၃)အုပ်

(၃) လေ့ကျင့်ခန်းလုပ်နေစဉ် စာဖတ်ပါ။

ယောင်းတို့ရေ ကျစ်လျစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်းလုပ်သင့်သလို ဦးနှောက်ကြံ့ခိုင်ဖို့လည်း စာဖတ်သင့်ပါတယ်။
Gymသွားတဲ့ အခါ ဖတ်လတ်စ စာအုပ်တစ်အုပ်ကို ယူသွားပါ။ မောလို့ ခဏနားတဲ့အခါ ယူလာတဲ့ စာအုပ်လေး ထုတ်ဖတ်ပြီး အချိန်ကို အကျိုးရှိအောင် အသုံးချလို့ရပါတယ်။
အိမ်မှာပဲ work outလုပ်တဲ့ ပျိုမေတို့လည်း ဆော့နေရင်းဖြစ်စေ နားတဲ့အခါဖြစ်စေ ဒီနည်းအတိုင်း ပြုလုပ်သင့်ပါတယ်။
Gymသွားဖို့ ပျင်းတဲ့ယောင်းတို့ရော စာဖတ်ပျင်းတဲ့ ယောင်းတို့ရော motivateဖြစ်စေမယ့် နည်းလမ်းကောင်းလို့ Rinထင်ပါတယ်။
ခန္ဓာကိုယ်ကို လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ဦးနှောက်ကိုလည်း လေ့ကျင့်ခန်းလုပ်ပေးတဲ့ သဘောပေါ့ ယောင်းတို့ရယ်.. 

(၄) ဖုန်းထဲမှာ e-bookထားပါ။

ယောင်းတို့ရေ ကိုယ်နဲ့အတူ အမြဲစာဖတ်စရာရှိသ၍ စာဖတ်ချိန် ရှာဖွေနိုင်ပါတယ်။
စာအုပ်ကို အမြဲတမ်းမကိုင်ဖြစ်ပေမယ့် ဖုန်းကိုတော့ အမြဲတမ်းလိုလို အသုံးပြုနေကြတယ်ဟုတ်?
ဒီနေ့ခေတ်မှာ ဖုန်းတွေ Tabletတွေကနေလည်း စာဖတ်လို့ ရနေပါပြီး။ ဒါကြောင့် တစ်ချိန်လုံး ဂိမ်းမှဂိမ်းလုပ်နေတာထက် ဖုန်းထဲမှာ၊ tabletထဲမှာ e-bookတွေကို ထည့်ထားသင့်ပါတယ်။
အပြင်ရောက်လို့ တစ်ခုခုစောင့်ဆိုင်းနေရတဲ့အခါ ဖုန်းလေးထုတ်ပြီး စာဖတ်လိုက်ရုံပေါ့။
၁၀မိနစ်ခန့် မြန်မြန်ဆန်ဆန် စာဖတ်လိုက်ရင်လည်း တစ်နေ့တာအတွက် ကောင်းမွန်သော အနားယူခြင်း ဖြစ်နိုင်ပါတယ်။

(၅) Social mediaနေရာမှာ အစားထိုးကြည့်မယ်။

Facebookအသုံးများတဲ့ ယောင်းတို့ရေ… 
ဖုန်းscreenကို အချိန်ကုန်ခံပြီး စိုက်ကြည့်နေမယ့်အစား စာအုပ်(ဒါမှမဟုတ်) e-bookဖတ်ခြင်းနဲ့ အစားထိုးကြည့်ပါ။ Newsfeed ပွတ်နေတဲ့ အချိန်၅မိနစ်ဟာ အလကားကုန်သွားနိုင်ပေမယ့် စာဖတ်လိုက်မယ် ဆိုရင်တာ့ အချိန် ၅ မိနစ်ဟာလည်း ၅မိနစ်အလိုက် တန်ဖိုးရှိသွားနိုင်ပါတယ်။ 
Social media စွဲလန်းမှုမှလည်း တဖြည်းဖြည်း ရုန်းထွက်ပြီးသား ဖြစ်ပါလိမ့်မယ်။
အထက်မှာပြောသွားတဲ့ နည်းလမ်းတွေက အချိန်အများကြီး ပေးစရာမလိုလို့  ယောင်းတို့ရဲ့ တခြားအရေးကြီးတဲ့ ကိစ္စတွေကို မထိခိုက်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါဆို ဒီနေ့ကစပြီး နေ့တိုင်းစာဖတ်ကြအောင်နော်။

Stay Pretty!
Rin (For Her Myanmar)

Reference : Success , Asian Efficiency

Rin
Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!
http://162.144.75.152/~forhermy

Leave a Reply

Your email address will not be published. Required fields are marked *