FUN Uncategorized

ဗီရိုထဲအလည်လာပါ

ထွေးစုဒီတစ်ခါ သတိထားမိတာက ခေါက်သံက တံခါးဆီကမဟုတ်ပဲ ဗီရိုဆီကဖြစ်နေတယ်။

ထွေးစုတစ်ယောက် ပစ္စည်းတွေထုပ်ပိုးရင်း အလုပ်တွေရှုပ်နေတယ်။ အဆောင်မှာနေရတာ အခက်တွေ့လို့စိတ်ညစ်ရာက အခုအစ်မတစ်ဝမ်းကွဲရဲ့ကျေးဇူးကြောင့်သူနဲ့အတူ တိုက်ခန်းတစ်ခန်းငှားနေရတော့မယ်။ နယ်ကလာပြီး မြို့မှာအချေချရတာ ထင်သလောက်မလွယ်ပေမယ့် ထွေးစုလို့ သတ္တိသမားကတော့ ဒါလေးလောက်ကအသာလေး။

သူတို့ငှားနေမယ့်နေရာလေးက ယခုအဆောင်နဲ့အရမ်းကြီးဝေးလှတာမဟုတ်။ ရုံးပိတ်ရက်ကို ရွေးပြီး ပြောင်းကြတာမို့ ပစ္စည်းတွေမကျန်ရအောင် အာရုံစိုက်ထုပ်ပိုးနိုင်သွားတယ်။ ညနေစောင်းလောက်လဲရောက်ရော အဆောင်ကသူငယ်ချင်းတစ်ယောက်က ထွေးစုရဲ့အထုပ်အပိုးတွေကို ကူသယ်ပေးပြီး တက္ကစီပေါ်တင်ပေးလိုက်လို့ သူ့ကိုတောင်ပြုံးတဖြီးဖြီးနဲ့ကျေးဇူးတင်မိသေး။

အစ်မဝမ်းကွဲပို့ထားတဲ့ မက်ဆေ့ထဲက လိပ်စာကိုဖွင့်ဖတ်ပြီး တက္ကစီအစ်ကိုကြီးကိုသေချာပြောပြလိုက်တယ်။ ထွေးစုက အဆောင်ကနေရုံး၊ ရုံးကနေအဆောင်ပဲသွားဖူးတော့ နီးတာတောင် အဲ့ဖက်ကိုသိပ်ရောက်ဖူးလှတာမဟုတ်ဘူးလေ။ ဒါပေမယ့် တက္ကစီအစ်ကိုကြီးကိုလည်း ကြောက်မိသေး။ ဘာမှတန်ဖိုးမကြီးတဲ့ အဝတ်စားအထုပ်ကြီးကို တန်ဖိုးကြီးပစ္စည်းတွေပါတယ်မှတ်ပြီး တစ်ခုခုလုပ်နေမှဖြင့်ဆိုတဲ့အတွေးကဝင်လာလို့ သူ့ကိုလည်းမျက်ခြေမပြတ်စိုက်ကြည့်နေရတယ်။

ကံကောင်းစွာနဲ့ တက္ကစီအစ်ကိုကြီးက အင်မတန်မှသဘောကောင်းပြီး ကိုယ်သွားရမယ့် တိုက်ရှေ့တည့်တည့်ကြီးမှာ ကားရပ်ပေးတဲ့အပြင်ထွေးစုရဲ့အထုပ်တွေပါကူချပေးသေး။ ထွေးစုမှာတော့ ကျေးဇူးတင်မဆုံးဘူး။ နောက်မှသိလိုက်ရတာက အဲ့ဒီ့တိုက်ရဲ့ဒုတိယထပ်က သူ့အိမ်ဖြစ်နေရော။ သူကလည်းပြောပါတယ် အိမ်နီးချင်းတွေပဲ အချင်းချင်းကူရမပေါ့တဲ့။

တစ်ခဏနေတော့ အစ်မဝမ်းကွဲဖြစ်သူရောက်လာပြီး အထုပ်တွေကူဆွဲပေးကာ ၄ထပ်က ထွေးစုတို့ရဲ့အိမ်ခန်းသစ်ကြီးဆီကိုခေါ်သွားတယ်။ အင်း..အိမ်လေးကတော့မဆိုးပါဘူး။ ပန်းနုရောင်ဆေးတစ်ပြင်လုံးသုတ်ထားပြီး ကြမ်းခင်းကိုတော့ ကောဇောလေးခင်းထားတယ်။ အခန်းတစ်ခန်းမှမဖွဲ့ထားတဲ့ ဟင်းလင်းပြင်ကြီးဖြစ်နေပေမယ့် ကြည့်ရတာတော့သပ်ရပ်ပါရဲ့။ အခန်းအလယ်တည့်တည့်မှာတော့ သစ်သားဗီရိုကြီးတစ်လုံးပဲရှိတယ်။

မီးဖိုချောင်အတွက်လိုအပ်တဲ့ပစ္စည်းကိုတော့ အစ်မဝမ်းကွဲဖြစ်သူ မမယု ကအဆင်သင့်ပြင်ဆင်ပြီးသား။ ရောက်ေရာက်ချင်း အထုပ်အပိုးတွေချပြီး တစ်အိမ်လုံးပတ်ကြည့်လိုက်တယ်။ မမယုပြောပြတာကတော့ အရင်အိမ်ငှားတစ်ယောက်ပြန်ပြီးတာနဲ့ အိမ်ရှင်ဖြစ်သူက တစ်အိမ်လုံးပြန်အလှပြင်ထားတာဆိုပဲ။ ထွေးစုကတော့ အိမ်လေးကိုကြည့်ပြီးသဘောကျမဆုံးဘူး။

တစ်အိမ်လုံးဟိုစပ်စုဒီစပ်စုလုပ်ပြီးတော့မှာ သစ်သားဘီရိုကို သူဖွင့်ကြည့်လိုက်တယ်။ ထွေးစုတစ်ယောက် ဗီရိုတံခါးဖွင့်လိုက်တာနဲ့ နှာစချေပါလေရော။ ဖုန်တွေအလိမ်းလိမ်းနဲ့ညစ်ပေနေတဲ့ ဒီဗီရိုကိုကျမရှင်းပဲ တစ်အိမ်လုံးပြင်ဆင်ရကောင်းလားဆိုပြီး အိမ်ရှင်ကိုတောင်ဒေါခွီးမိသေး။ ဗီရိုထဲမှာ အဝတ်လေး သုံးလေးထည်နဲ့ စာအုပ်အဟောင်း ၂အုပ်လောက်တွေ့တယ်။ ပုံစံကြည့်ရတာ ဒိုင်ယာရီ စာအုပ်တွေဖြစ်ပုံရတယ်။ ထွေးစုလည်း ဖုန်တွေလိမ်းထွေးနေတဲ့ ပစ္စည်းတွေမို့ စိတ်မပါပဲ ကတ္ထူပုံးအဟောင်းထဲထည့်ပစ်လိုက်တယ်။ မမယုက ညစာထွက်ဝယ်နေတုန်း ထွေးစုကတော့ ဗီရိုလေးကိုသန့်ရှင်းရေးလုပ်ပြီး သူ့အဝတ်တွေကျကျနနထည့်နေလေရဲ့။ မမယုရောက်လာမှ ကထ္ထူပုံးအဟောင်းကိုယူပြီး အိမ်ရှေ့မျက်စောင်းထိုးနားက အမှိုက်ပုံးထဲထည့်ပြီး ပြန်တက်လာခဲ့တယ်။

မမယုဝယ်လာတဲ့ ဆိတ်သားဟင်းနဲ့ ကင်ပွန်းချဉ်ဟင်းချိုကို အားပါးတရစားပစ်လိုက်တယ်။ ပြီးတော့ laptop လေးနဲ့နှစ်ယောက်သား Running man လေးထိုင်ကြည့်နေရင်းကနေ မမယုတစ်ယောက် အိပ်ပျော်သွားရှာပြီ။ ထွေးစုကတော့ ဇွဲကောင်းကောင်းလေးနဲ့ ထိုင်ကြည့်ရင်းကနေ ၁၂နာရီထိုးတာတောင် laptop အားကုန်မှနာရီကြည့်မိလို့သိရတာ။ ဒါနဲ့မထူးဘူးလေဆိုပြီး အပေါ့လေးပါလေးသွားပြီး အိပ်ယာထဲဝင်လိုက်တယ်။ အိမ်ရှေ့ပြတင်းပေါက်အရှေ့နားမှာတင်အိပ်နေတော့ မိုးသံလေးပါ တဖျောက်ဖျောက်ကြားနေရတယ်။ ထွေးစုတော့ မကြာသေးခင်ကပြတ်သွားတဲ့ သူ့ရည်းစားအကြောင်းတောင်ဖီးမိသွားသေး။

ရုတ်တရက်ဆိုသလို တံခါးခေါက်သံလိုလိုကြားလိုက်ရတယ်။ ထွေးစုကတော့ မိုးသံကြောင့်နေမှာပါလေလို့တွေးပြီးမကြာလိုက်ခင်လေးမှာ ပြတ်ပြတ်သားသားပြန်ကြားလိုက်ရတယ်။ အဲ့ဒါနဲ့မထူးဘူးဆိုပြီး စောင်ကိုဖျက်ခနဲ့ ဆွဲခွာပြီး ထသွားလိုက်တယ်။ တံခါးနားကပ်ပြီး ဘယ်သူလဲမေးလိုက်ခါမှ အသံတစ်သံမှတောင်မကြားလိုက်ရဘူး။ တံခါးလည်းဖွင့်ကြည့်ရော ဘယ်သူမှမရှိတာသေချာသွားတယ်။ အဲ့ဒါနဲ့သေချာပြန်ပိတ်ပြီး အိပ်ယာနားလျှောက်သွားဖို့အလှမ်းထပ်ကြားရပြန်တယ်။

ထွေးစုဒီတစ်ခါ သတိထားမိတာက ခေါက်သံက တံခါးဆီကမဟုတ်ပဲ ဗီရိုဆီကဖြစ်နေတယ်။

“ဒီကြွက်တွေတော့ ဝင်သောင်းကျန်းနေပြီထင်ပါရဲ့။ကတောက်စ်..”

ထွေးစုမြန်မြန်လေးဗီရိုနားသွားပြီး တံခါးဆွဲဖွင့်ဖို့အလုပ်မှာ ခေါက်သံကပိုကျယ်လာလို့ လက်ကိုရုတ်ပစ်လိုက်တယ်။ ကြွက်သောင်းကျန်းသံတွေနဲ့မတူဘူး။ ဘာကြောင့်လည်းဆိုတော့ ခေါက်သံကစည်းချက်ညီနေလို့ပဲ။ ပြောရရင် တစ်ချို့တစ်လေ တံခါးခေါက်ရင် သီချင်းသံစဉ်လေးနဲ့လိုက်ခေါက်သလိုမျိုး။ ထွေးစုနဲ့အဆောင်တစ်ခန်းတည်းနေခဲ့ဖူးတဲ့ သူငယ်ချင်းမှာတော့ အဲ့လိုခေါက်တတ်တဲ့အကျင့်မျိုှးရှိတယ်။

ထွေးစုချွေးတွေပြန်လာပြီး မမယုကိုနိုးရကောင်းမလားစဉ်းစားမိသေးတယ်။ မမယုက နိုးလည်းထမယ့်ပုံမပေါ်လောက်အောင် အိပ်မောကျနေတော့ လက်လျှော့လိုက်တယ်။ ခေါက်သံကမငြိမ်သွားပဲ ကျယ်သထက်ပိုကျယ်လာတော့ ထွေးစုလည်း တံခါးကို အားနဲ့ဆက်ခနဲဆွဲဖွင့်လိုက်တယ်။

သူမအဝတ်ချိတ်လေးတွေနဲ့ညီညီချိတ်ထားတဲ့ အဝတ်အစားတွေကလွဲလို့ဘာမှမမြင်ရဘူး။ ထွေးစုလည်း စိတ်ခြောက်ခြားတာနေမှာပါလေဆိုပြီး ဗီရိုတံခါးကိုစေ့ပြီး အိပ်ယာပြန်ဝင်ဖို့ ဒီဘက်အလှည့် နောက်ဖက်ကနေ ကျွိခနဲ ကြားရပြီး လက်တစ်ဖက်က ထွေးစုကိုလှမ်းပုတ်တယ်။ ထွေးစုလည်းမရဲတရဲနဲ့ ပြန်လှည့်ကြည့်တော့ ဗီရိုထဲက မိန်းကလေးတစ်ယောက်။ ညမီးသီးမှိန်မှိန်နဲ့ပေမယ့် သူမရဲ့ ညိုမဲပြီးချိုင့်ခွက်နေတဲ့မျက်လုံးအိမ်ထဲက စူးရှတဲ့မျက်လုံးအစုံက ထွေးစုရဲ့ နှလုံးကိုအရှိန်ပြင်းပြင်းတုန်လာစေတယ်။ ပိန်လှီလှီခန္ဓာကိုယ်ပေမယ့် ကြောက်စရာကောင်းနေတယ်။ သူမက ထွေးစုကို စေ့စေ့ကြည့်ပြီး ပြုံးပြတယ်။ ဒါပေမယ့် မကြာလိုက်ခင်မှာပဲ မျက်ရည်အပြည့်နဲ့ ငိုချရင်း ထွေးစုကို လက်ညှိုးထိုးပြီးစကားစပြောတယ်။

-ငါ့နဲ့လိုက်နေပါလား။ ဒီမှာမှောင်မဲပြီးကြောက်စရာကောင်းတယ်။ ဘယ်သူမှငါနဲ့အတူမရှိဘူး။ ညညဆို ပိုးဟက်တွေငါ့အပေါ်တက်ကစားနေကြတယ်။ ငါဒီမှာမနေချင်ခဲ့ဘူး။ ဒါပေမယ့် အခုငါဒီမှာပဲနေရတော့မယ်။

မျက်ရည်တရွှဲရွှဲနဲ့ပြောရင်းဆိုရင်းကနေ မျက်နှာကြီးရဲတက်လာပြီး ဒေါသတကြီးနဲ့ ထွေးစုကို…

-ငါ့အဖော်ဆိုလို့ ဒီဒိုင်ယာရီစာအုပ်တွေပဲရှိတယ်။ အဲ့ဒီ့စာအုပ်တွေကို နင်ကဘာဖြစ်လို့ ပစ်လိုက်တာလဲ။ အခုလည်းနင့်ပစ္စည်းတွေနဲ့ ငါနေစရာနေရာမရှိတော့ဘူး။ ဒါကြောင့် နင့်ကိုဒဏ်ခတ်တဲ့အနေနဲ့ ငါနဲ့လိုက်နေ။ လာခဲ့။ ဟားဟား။ လာခဲ့။

ပြောရင်းဆိုရင်းနဲ့ ထွေးစုလက်ကို အတင်းဆွဲပြီး ဗီရိုထဲကိုသွင်းဖို့လုပ်တယ်။ ထွေးစုရုန်းပေမယ့်မရဘူး။ ထွေးစုအော်ဖို့လုပ်ပေမယ့် သူမရဲ့ သွေးစွန်းပြီး ညှီနံထွေးနေတဲ့ ဘယ်ဘက်လက်နဲ့ ထွေးစုပါးစပ်ကို လှမ်းအုပ်ထားတယ်။ ၅မိနစ်လောက်ရုန်းကန်ပြီးသကာလ ထွေးစုလက်လျှော့လိုက်ရတယ်။ ဗီရိုတံခါးပိတ်သွားပြီ။ အခန်းတစ်ခုလုံးတိတ်ဆိတ်ပြီး တစ်အိမ်လုံးမှာ မမယုတစ်ယောက်တည်း။

==================================================================

မမယုမျက်နှာကြီးတစ်ခုလုံး ငိုထားတဲ့အရှိန်ကြောင့် နီရဲဖောင်းရောင်နေပြီ။ မနက်မိုးလင်းကတည်းက ထွေးစုကိုရှာမတွေ့လို့ အပြင်ထွက်သွားတယ်မှတ်နေတာ။ အဝတ်စတစ်ခု ဗီရိုတံခါးအပြင်မှာ ညပ်နေတာတွေ့လို့ ဖွင့်ကြည့်လိုက်တော့မှ ဗီရိုထဲ မူးမေ့လဲနေတဲ့ ထွေးစုကိုတွေ့လိုက်ရတယ်။

နောက်ဆုံးတော့ အိမ်နီးချင်းကားသမားအကူအညီကြောင့်ဆေးခန်းပြေးလိုက်ရတာ ကံကောင်းချင်တော့ ဘာမှမဖြစ်လိုက်ဘူး။ အသက်ရှုကြပ်ပြီးမေ့မျောနေယုံကြောင့်မို့သာ။

ထွေးစုသတိရလာတော့မှ အကျိုးအကြောင်းမေးတော့ ညကဖြစ်ပျက်သမျှအလုံးစုံကိုပြောပြလိုက်တယ်။ တက္ကစီသမားအစ်ကိုကြီးက အဲ့ဒီ့တော့မှ သူတို့ကိုပြောပြတယ်။ အရင်အိမ်ငှားခဲ့တဲ့ မိန်းကလေးကို သူ့အသိကောင်လေးက အိမ်ခန်းထဲအလုအယက်ဝင်ပြီး မုဒိမ်းကျင့်သတ်ပြီး ဗီရိုထဲထည့်ပိတ်ခဲ့တာ။ သူလခမပေးသေးလို့ အိမ်ရှင်တွေဒေါပွပြီးလိုက်လာကာမှ အပုပ်နံ့တွေနဲ့အတူ ဗီရိုထဲမှာသူ့ရဲ့အလောင်းကောင်ကြီးကိုတွေ့လိုက်ရတယ်။ အဲ့ဒီ့နောက်ပိုင်း အမှုတွေပါတွေနဲ့ ရှုပ်ယှက်ခပ်ပြီး ကိစ္စငြိမ်းတော့မှ အိမ်တစ်အိမ်လုံးကိုအလှပြန်ပြင်ပြီး အိမ်ငှားအသစ်တင်လိုက်တာ။

အဲ့ဒီ့နေ့ကစပြီး အိမ်ပိုင်ရှင်ကိုအကြောင်းကြားပြီး ဗီရိုကြီးကို အိမ်ထဲကထုတ်ခိုင်းလိုက်ကြတယ်။ နောက်ပိုင်းတော့ ဘယ်လိုမှအခြောက်မခံကြရတော့ပါဘူး။

Christina (For Her Myanmar)

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *