Knowledge Uncategorized

Blue Whale(သို့) ခြောက်ခြားစရာ စိတ္တဇဂိမ်းတစ်မျိုး

အဲ့ဒီ့ဂိမ်းရဲ့နောက်ဆုံး ရက်(၅၀)မြောက်စိန်ခေါ်မှုကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းပါပဲ။

ဂိမ်းဆိုတိုင်းပျော်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးစေတယ်မထင်နဲ့နော်။ ဂိမ်းတွေရဲ့အားနည်းချက်က “စွဲလန်းခြင်း” ပါပဲ။ ဂိမ်းတစ်ခုစွဲလန်းသွားရင် ထိုင်ရာကနေမထပဲ လူကို ထမင်းမေ့ဟင်းမေ့ဖြစ်စေတယ်ဆိုတာ ယောင်းတို့သိကြမှာပါ။ ဂိမ်းအပေါ် စွဲလန်းမှုကြီးလာတဲ့အခါ ယောင်းရဲ့စိတ်တစ်ခုလုံးကို အဲ့ဒီ့ဂိမ်းကလွှမ်းမိုးသွားနိုင်ပါတယ်။ မှတ်တမ်းတွေမှာဆို Halo 3ဆိုတဲ့ အပစ်အခတ်ဂိမ်းကိုပေးမဆော့တဲ့အတွက် မိဘနှစ်ပါးလုံးကို သတ်ခဲ့တဲ့ ဂိမ်းသားကောင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ယောင်းရှာဖတ်ကြည့်မယ်ဆိုရင်တော့ ဒီထက်မကပါဘူး။

ဒါပေမယ့် အခုအက်ဒမင်ပြောပြမယ့်ဂိမ်းကတော့ ခြောက်ခြားစရာ၊ ကြက်သီးထစရာကောင်းတဲ့ဂိမ်းမျိုးပါ။ အက်ဒမင်စသိတာက အိန္ဒိယ troll group တစ်ခုကပါ။ “Blue Whale” ဆော့ကြည့်ကြပါလား။ ဆော့လို့ကောင်းတယ် ဆိုပြီးဆေးထိုးထားတာကို အက်ဒမင်ကအကောင်းမှတ်ပြီး ရှာပါတော့တယ်။ နောက်မှတကယ်သိရတာက အက်ဒမင်ထင်ထားသလို ကီးဘုတ်လေး တတောက်တောက်ခေါက်ပြီး စိတ်ပြေလက်ပျောက်ဆော့ရတဲ့ ဂိမ်းမျိုးမဟုတ်ဘူးဆိုတာပဲ။

Blue Whale ဆိုတဲ့ဂိမ်းက ရက်(၅၀)စိန်ခေါ်မှုဂိမ်းပါ။ အဲ့ဒီ့ဂိမ်းမှာ ထိန်းချုပ်တဲ့သူတွေနဲ့ ပါဝင်ကစားသူတွေကို တစ်နေ့ကိုစိန်ခေါ်မှုတစ်ခုပေးပါတယ်။ ဥပမာပြောရရင် မနက်၎နာရီထပြီး သရဲကားကြည့်တာမျိုး၊ ကိုယ့်လက်ကို ပင်အပ်နဲ့ထိုးတာမျိုး၊ အိမ်ခေါင်မိုး၊ တံတားဘောင်ပေါ်တက်ရပ်တာမျိုး၊ လက်မှာဘလိတ်ဓားနဲ့ စာလုံးတွေ၊ ပုံတွေ ရေးတာမျိုး၊ ထိန်းချုပ်သူတွေပို့ပေးတဲ့ ဗီဒီယို၊ သီချင်းတွေနားထောင်တာမျိုးစသဖြင့် သာမန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ဗီဒီယိုတွေ၊ သီချင်းတွေဆိုတာလည်း ထိန်းချုပ်သူတွေ တည်းဖြတ်ထားတဲ့ စိတ္တဇ ဆန်ပြီး ခြောက်ခြားစရာကောင်းတာမျိုးတွေပါ။

နမူနာ စိန်ခေါ်မှု (၁၀)မျိုး

အဲ့ဒီ့ဂိမ်းရဲ့နောက်ဆုံး ရက်(၅၀)မြောက်စိန်ခေါ်မှုကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းပါပဲ။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ သဘောတူမလဲဆိုပြီး ယောင်းတွေးမိပါလိမ့်မယ်။ ထိန်းချုပ်သူတွေက သိပ်ပါးနပ်ပါတယ်။ အိပ်ရေးမဝပဲ ၃ရက်လောက်နေရင်တောင် လူတစ်ယောက်က စိတ်ဂယောက်ဂယက်တွေဖြစ်သွားနိုင်ပါတယ်။ စိန်ခေါ်မှုတွေလုပ်နေတဲ့ ရက်တိုင်းလိုလိုမှာ ညသန်းခေါင်ယံအချိန်ထရတာမျိုး၊ စိတ်ဆင်းရဲစရာ၊ ခြောက်ခြားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်နေရရင် လူ့စိတ်က လုံးဝဖောက်ပြားသွားမှာပါပဲ။ ပါဝင်ကစားသူတွေကို နောက်ဆုံးရက်တွေမှာ တခြားသူတွေ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့ ဗီဒီယိုတွေကို ဆက်တိုက်ကြည့်ခိုင်းပါတော့တယ်။ ဒါကြောင့်မို့လည်း စိတ်ဖောက်ပြားပြီး ထိန်းချုပ်သူတွေစေခိုင်းတဲ့အတိုင်းသတ်သေကြတာပါ။

ဂိမ်းကို whatsapp၊ face book ၊ Viber အစရှိတဲ့ chat group တွေကနေတစ်ဆင့် ဆက်သွယ်ပြီးလုပ်ကြတာပါ။ တစ်ခါတစ်လေ ပါဝင်ကစားသူအချင်းချင်း (သို့) ပါဝင်ကစားသူနဲ့ ထိန်းချုပ်သူ နှစ်ယောက်ချင်း Video Chat နဲ့ဆက်သွယ်တာမျိုးလည်းရှိပါတယ်။

ဒီရက်စက်တဲ့ ဂိမ်းကိုဘယ်သူကစထွင်ခဲ့တဲ့သူကတော့ ရုရှားနိုင်ငံက Philipp Budeikin လို့ခေါ်တဲ့ အသက်(၂၁)နှစ်အရွယ် စိတ္တဗေဒလေ့လာသင်ယူနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ၂၀၁၃မှာစတင်ပေါ်ပေါက်လာပြီး သူထွင်ခဲ့တဲ့ ဒီဂိမ်းကြောင့်သေဆုံးကြရတဲ့ ဆယ်ကျော်သက်အရွယ်တွေ (၁၆)ယောက်ရှိပြီလို့သတင်းအခိုင်အလုံရတဲ့အတွက်ကြောင့် အဖမ်းခံခဲ့ရပါတယ်။ ရဲတာဝန်ရှိတွေမေးမြန်းတဲ့အခါ သူက “ကျွန်တော်ဒီဂိမ်းကိုထွင်ရတဲ့အကြောင်းအရင်းတွေက လောကအတွက်အသုံးမကျတဲ့ ဆန်ကုန်မြေလေးတွေကို သုတ်သင်ရှင်းလင်းဖို့ပဲ ရည်ရွယ်ခဲ့တာပါ” လို့ဖြေပါတယ်။

ဒါပေမယ့် Philipp မှာလည်းစိတ်မကောင်းစရာအချက်တစ်ချက်က သူ့ငယ်ငယ်ကတည်းက အထီးကျန်တာများပါတယ်။ သူ့အမေကိုတောင် တစ်နေ့လုံးမှ အချိန်ခဏပဲ တွေ့ရတယ်လို့ တစ်ချို့သတင်းတွေမှာဖော်ပြထားပါတယ်။ အက်ဒမင့်ရဲ့ထင်မြင်ချက်အရဆိုရင် Philipp မှာလည်းစိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုကြောင့် ဒီလိုတွေရက်စက်နေရတာလို့မြင်ပါတယ်။

ဒီ Blue Whale ဂိမ်းကြောင့်သေရသူက ဒီထက်မကပါဘူး။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ လျှို့ဝှက်စွာပျံ့နှံ့နေပြီး ဆယ်ကျော်သက်အများစုကသားကောင်ဖြစ်နေကြပါတယ်။ အထီးကျန်သူတွေပဲဆော့ကြတာမဟုတ်ပါဘူး။ စပ်စပ်စုစုရှိတတ်တဲ့ ဆယ်ကျော်သက်တွေပါလေရာငါးပိချက်လုပ်ပြီးစမ်းကြတာတွေလည်းရှိပါတယ်။ ဒါပေမယ့်အဆုံးသတ်တော့မလှဘူးပေါ့နော်။ တိုက်ပေါ်ကကျသေတဲ့သူတို့၊ တံတားပေါ်ကခုန်ချတဲ့သူတို့၊ ကြိုးဆွဲချသေတဲ့သူတို့ စသဖြင့်မရှုမလှသေကြပါတယ်။ ကံကောင်းသူတစ်ချို့သာ အသက်မသေပဲလွတ်မြောက်လာကြတာပါ။

ယောင်းတို့လည်း ဒီဂိမ်းနဲ့ပတ်သတ်ပြီး သိချင်တာထပ်ရှိရင် google (သို့) wikipedia ထဲမှတစ်ဆင့်အသေးစိတ်ဖတ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ယောင်ပြီးတော့တောင် ရှာကြံမဆော့ကြဖို့တိုက်တွန်းပါတယ်။ အသက်တစ်ချောင်းဖျက်ရတာလွယ်ပေမယ့် ၉လလုံးလုံးအနာခံမွေးပေးတဲ့ ကိုယ့်အမေကျေးဇူးကိုတော့ သိသင့်တယ်။

Source: Wikipedia, Dailymail.co.uk

 

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *