သူစိမ်းရဲ့ မွေးနေ့ပါတီ

“အစ်မရဲ့မွေးနေ့ပါတီပေါ့နော်။ အဲ့ဒါဒီတစ်နှစ်ထူးထူးခြားခြား သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို မဖိတ်ပဲ တစ်ခါမှ မမြင်ဖူး၊ မရင်းနှီးသေးတဲ့ သူစိမ်းတွေကို ဖိတ်မလို့။”

ရွှေခြည်တစ်ယောက် ရုံးပိတ်ရက်မို့ နေဖင်ထိုးသည်အထိပင် အိပ်လို့ကောင်းနေသည်။ ရုတ်တရက်မြည်လာတဲ့ ဖုန်းသံကြောင့် ဝုန်းခနဲနိုးလာပြီး ဖုန်းထပိတ်ကာပြန်အိပ်လိုက်သည်။ ဒီအချိန်ဖုန်းခေါ်သူသည် သူမရန်သူပင်ဖြစ်ပေလိမ့်မည်။ ရွှေခြည့်သူငယ်ချင်းများက ရွှေခြည့်အကြောင်း ကောင်းကောင်းသိသောကြောင့် အခုလိုပိတ်ရက်မျိုးမှာ ၁၁နာရီမထိုးခင် ဖုန်းဆက်လေ့မရှိ။ အခုဖုန်းဆက်သောသူမှာ အလိုက်ကန်းဆိုးမသိသူတစ်ယောက်မျှသာဖြစ်သောကြောင့် ဒေါပွပွနှင့်ပင် ဆက်အိပ်လိုက်သည်။

အိပ်မပျော်တော့ပါ။ ဟိုလိမ့်ဒီလိမ့်နှင့် ၁၅မိနစ်လောက်လိမ့်ပြီးသကာလ အိမ်ယာမှအပြီးထလေတော့သည်။ ဒီနေ့ဆိုပြီး အမေမရှိ။ ဒေါ်လေးနှင့်ဘုရားသွားမည်ဟု ညကပြောသံကြားမိလေသည်။ မနက်စာ ရှာကြံစားရပေဦးမည်။ ဆင်းဝယ်ရမည်ကို ပျင်းမိသဖြင့် ရေခဲသေတ္တာကို မွှေနှောက်ရှာဖွေလေတော့သည်။ ကံကောင်း၍ ပဲနို့တစ်ဗူးနဲ့ ပေါင်မုန့်တစ်လုံးရှာဖွေတွေ့ရှိသဖြင့် ကျေကျေနပ်နပ်ပြုံးမိသည်။

စားလို့သောက်လို့အပြီး အိမ်ရှေ့ဆိုဖာပေါ်မှာခြေချိတ်ထိုင်ပြီး ဖေ့ဘွတ်လေးပွတ်နေတော့လေသည်။ ချက်ချင်းဆိုသလို မနက်ကဖုန်းခေါ်ထားသည်ကို သတိရပြီး ကမန်းကတန်းဖွင့်ကြည့်လိုက်သည်။Call History မှာမြင်မှသဘောပေါက်မိသည်။ ညက သူမ မှားခေါ်ထားသည့်ဖုန်းနံပါတ်။ဖုန်း ၆ခါလောက်ခေါ်ထားသဖြင့် ပြန်ဆက်ပြီး ပြောရင်ကောင်းမလား၊ ဒီတိုင်းထားရမလားလို့ စဉ်းစားရင်း နောက်ဆုံးတော့ ပြန်ဆက်ခေါ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဖုန်းခေါ်တေးသွားနားထောင်ပြီးကျောချမ်းမိသည်။ “Gloomy Sunday” လို့ခေါ်တဲ့ suicide song အဖြစ်နာမည်ကြီးတဲ့ သီချင်းရဲ့တေးသွား။ ဖုန်းခေါ်ပြီး စက္ကန့်ဝက်လောက်ကြာတော့ အမျိုးသမီးတစ်ယောက်အသံကို ကြားရလေသည်။ အသံအက်အက်ရှရှနဲ့ ပထမတုန်းကတော့ သဲသဲကွဲကွဲမကြားရလို့ ဟယ်လို(၃)ခါထူးရသည်။

-ဟယ်လို…ဟဲလို…ဟယ်လို.. ကြားရလားမသိဘူး။

-ဟဟလို..ဟုတ်ကဲ့..ကြားရပါတယ်။

-အော်..အစ်မရေ။ ညက ဖုန်းမှားခေါ်မိတာပါ။ အဲ့ဒါ့အစ်မဘက် အရေးကြီးကိစ္စထင်မိပြီး မနက်က ဆက်မိတာထင်ပါရဲ့။ ဒါကြောင့်ဆက်ပြောတာပါ။ ဆောရီးပါနော်။

-ဟားဟားဟား။ ရပါတယ်။ အစ်မလည်း ညီမလေးကိုပြောစရာရှိလိုခေါ်တာပါ။

-ဟင်။

-ဒီနေ့အစ်မတို့အိမ်မှာပါတီလုပ်တယ်။ အစ်မရဲ့မွေးနေ့ပါတီပေါ့နော်။ အဲ့ဒါဒီတစ်နှစ်ထူးထူးခြားခြား သူငယ်ချင်းအရင်းခေါက်ခေါက်တွေကို မဖိတ်ပဲ တစ်ခါမှ မမြင်ဖူး၊ မရင်းနှီးသေးတဲ့ သူစိမ်းတွေကို ဖိတ်မလို့။ အဲ့ဒါဘယ်လိုဖိတ်ရမလဲ အကြံအိုက်နေတာနဲ့ ညီမဖုန်းမှားဝင်လာတာနဲ့ အံဝင်ခွင်ကျဖြစ်မိသွားတယ်။ ညီမအသံကြားတာနဲ့တင် ခင်ချင်စိတ်ပေါက်လာပြီ။ လာမယ်မို့လား။

-ဟိုလေအစ်မ။ စိတ်မရှိနဲ့နော်။ ညီမဒီနေ့လာဖြစ်မယ်မထင်ဘူး။

-အစ်မက သူစိမ်းဖြစ်နေလို့လား။ တကယ်ကအစ်မမှာ ဘယ်သူမှမရှိလို့ပါ။ အစ်မက တစ်ကောင်ကြွက်အဖြစ်နေရတာ မွေးနေ့ရောက်မှပဲ ကိုယ်သိတဲ့ သူငယ်ချင်းတွေကို ဖိတ်ပြီးလုပ်လေ့ရှိတယ်။ အစ်မသူငယ်ချင်းတွေအများကြီးရချင်တယ်။ ဒါကြောင့်မို့လည်း ညီမလေးကိုဖိတ်ရတာပါ။ ရတယ်လေ။ ညီမအဆင်မပြေရင်လည်း ရပါတယ်။

သူမအသံတိုးကျသွားသည်။ ရှိုက်သံလေးပါထွက်လာသည်ဟု ရွှေခြည်ခံစားမိသည်။ ချက်ချင်းဆိုသလို သနားမိလာသည်။ မိန်းကလေးတစ်ယောက် တစ်ကောင်ကြွက်ထဲနေရတဲ့ ဒါဏ်ကို ရွှေခြည်နားလည်ပေးနိုင်သည်။ ဒါကြောင့်မို့လည်း ရွှေခြည်သွားဖို့ဆုံးဖြတ်လိုက်သည်။

-ဒါဆို ညီမလာခဲ့မယ်အစ်မ။ ဘယ်ချိန်လောက်လာရမလဲ အစ်မ။

-ဟင်..တကယ်လား။ ည ၇နာရီလောက်စမယ် ညီမ။

-ရတယ်။ ဒါပေမယ့် ညီမခဏပဲနေလို့ရမယ်နော်။ ၈နာရီဆိုရင် သွားစရာရှိလို့။

-အင်း။ရတယ်ညီမလေး။

-ဒါနဲ့ အစ်မလိပ်စာနဲ့ နာမည်လေး။

-အစ်မလိပ်စာကို မက်ဆေ့ခ်ျပို့လိုက်မယ်။ နာမည်ကိုတော့ သူစိမ်းလို့ပဲမှတ်ထားလိုက်။ ဟိဟိ။

ရွှေခြည်တစ်ယောက်ပြုံးမိသည်။ သူမကိုထင်ရတာ သဘောကောင်းမည့်ပုံ။ ဒါကြောင့်မို့လည်း အနီးနားဆိုင်က မိန်းကလေးတိုင်းကြိုက်တတ်တဲ့ အမွေးပွဝက်ဝံရုပ်လေးကို လက်ဆောင်ပေးဖို့ ဝယ်လိုက်သည်။

ဖုန်းထဲက သူမမဖတ်ရသေးသော မက်ဆေ့တစ်စောင်။

===============================================================

တစ်နေကုန်ဟိုလုပ်သည်လုပ်နှင့် အချိန်တွေကုန်သွားသည်မှာ ည (၆)နာရီတောင်ထိုးချေပြီ။ မျက်နှာပေါ်မိတ်ကပ်ခပ်ပါးပါးလေး လိမ်းခြယ်ပြီး မနေ့ကဝယ်ခဲ့သော ဂါဝန်ပန်းနုရောင်လေးကိုဝတ်လိုက်သည်။ မှန်ရှေ့ရပ်ပြီး ကျေနပ်ပြုံးပြုံးရင်းနဲ့မှ ကိစ္စတစ်ခုကို သတိရပြီး တောက်ခနဲခေါက်လိုက်မိသည်။ မသူစိမ်း၏ လိပ်စာကိုမသိရသေး။ ချက်ချင်းဖုန်းကောက်ဖွင့်ပြီး မက်ဆေ့စစ်ကြည့်မှ လိပ်စာမြင်မိသည်။

ကံကောင်းသည်ဆိုရာမည်။ မသူစိမ်းတို့နေရာသည် ရွှေခြည်တို့ အိမ်နှင့်သိပ်မဝေးလှ။ သို့ပေမယ့် ရွှေခြည်သိပ်ရောက်ဖူးလေ့ရှိသည်တော့မဟုတ်။ ဒါကြောင့်မို့လည်းတက္ကစီငှားသွားဖို့ဆုံးဖြတ်လိုက်လေသည်။

ရာသီဥတုဆိုသည်မှာလည်း မနက်ကလောက်မသာယာတော့။ မိုးဖွဲဖွဲစရွာနေပြီ။ တက္ကစီးသမားများ မတန်တရာဈေးတောင်းနေသောကြောင့် နောက်ဆုံးတော့ ရွှေသွားအပြွတ်လိုက်တပ်ထားသော ကားသမားဦးလေးနှင့်အစပ်တည့်သွားလေသည်။

မသူစိမ်းအိမ်မှာ အလွန်ကျဥ်းမြောင်းသော လမ်းသွယ်လေးကဝင်ရမည်ဖြစ်သဖြင့် ကားဝင်ဖို့အဆင်မပြေ၍ လမ်းထိပ်မှာပင်ဆင်းလိုက်သည်။ ဝန်ထမ်းအိပ်ရာ တန်းလျားများကိုဖြတ်ကျော်ပြီး ဆက်လျှောက်လာသော်လည်း ဘယ်သွားရမှန်းမသိတော့သဖြင့် မုန့်ဆီကြော်ဆိုင်က အစ်မကိုမေးလိုက်သည်။ ကံကောင်းထောက်မစွာ ထိုလမ်းသွယ်ကျဉ်းကလေးကို လှမ်းမြင်နေရပြီဖြစ်သည်။

လမ်းသွယ်လေး၏ဘေးတစ်လျှောက်တွင် မြက်ရိုင်းပင်များပေါက်နေပြီး တစ်ဖက်တစ်ချက်တွင် လူနေအိမ်ခြေသိပ်မတွေ့ရတော့။ လမ်းသွယ်လေးထဲ အတော်ဝင်ပြီးနောက် ညောင်ပင်ကြီးတစ်ပင်ကိုလှမ်းမြင်ရပြီး ဘေးမှာတော့ နှစ်ထပ်တိုက်ဟောင်းတစ်ခု။ အိမ်နံပါတ်တိုက်ကြည့်လိုက်တော့ မသူစိမ်းပေးသောလိပ်စာနှင့်တစ်ထပ်တည်းပင်ကျနေသည်။ အိမ်ကြီးကိုမြင်ပြီး ရွှေခြည် နည်းနည်းကြောက်မိတာကတော့အမှန်။ အိမ်ပတ်ပတ်လည်မှာတော့ ဟိုပင်သည်ပင်နဲ့ပြည့်နေပြီး ကိုယ်ပိုင်ခြံတစ်ခုကဲ့သို့ဖြစ်နေသည်။

ရွှေခြည်ခပ်ဖြည်းဖြည်းလျှောက်လာပြီး အိမ်တံခါးဝရောက်တော့ အတန်ငယ်စဉ်းစားပြီးမှ ခပ်တိုးတိုးခေါက်လိုက်သည်။ ၅မိနစ်လောက်ခေါက်နေသော်လည်း ဘယ်သူမှထွက်မလာ။ နောက်၅မိနစ်လောက်ထပ်ခေါက်ကြည့်ပြီး တံခါးပွင့်မလာသည် ရွှေခြည်လည်း လှည့်ပြန်တာကောင်းမည်ဟုတွေးပြီး ဟိုဘက်အလှည့်…….

တံခါးဖွင့်သံကြားရပြီ။

ရွှေခြည်ထင်ထားသလိုပဲ သူမနဲ့အသက်အရွယ်မတိမ်းမယိမ်း မိန်းမချောတစ်ယောက်။ အနီရောင်ဂါဝန်ရှည်ကိုဝတ်ထားပြီး မျက်နှာကိုလည်းလှလှပပပြင်ဆင်မွမ်းမံထားသည်။ သူမရဲ့ရှည်သွယ်တဲ့မျက်နှာနဲ့ ဆံပင်ထုံးထားတဲ့ပုံစံက ပိုပြီးလိုက်ဖက်သဘောကျစရာ။ သို့ပေမယ့် သူမအကြည့်တွေက စူးရှသည်။ တစ်ခုခုကိုပြောနေသလိုခံစားရသည်။ ရွှေခြည့်ကိုမြင်တော့ သူမပြုံးပြရင်း..

-ဟိတ်။ ဘယ်ပြေးမလို့လဲ။ ဟားဟားဟား။

ရွှေခြည့်မျက်နှာတွန့်ခနဲဖြစ်သွားတာကို သူမသတိထားမိပြီး ချောင်တဟန့်ဟန့်ကာ..

-စတာပါညီမ။ အထဲဝင်ပါဦး။ နောက်ကျသွားလို့ ဆောရီးတော့ အစ်မအထဲမှာလိုအပ်တာပြင်ဆင်နေရလို့။

-သြော်..ရပါတယ်အစ်မ။

အိမ်ထဲဝင်တာနဲ့ ရွှေခြည်သတိထားမိသည်က တိုင်ကပ်နာရီ။ ဘာဖြစ်လို့လည်းဆိုရင်ဖြင့် နာရီက အလုပ်မလုပ်ပဲ ၇နာရီမှာရပ်နေသည်။ ရွှေခြည်သူမနာရီကြည့်လိုက်တော့ ၇နာရီ ၁၅။ နာရီရပ်တာကို သူမသတိမထားမိသည်ပဲ ဖြစ်ရလိမ့်မည်ဟုတွေးမိပြီး မသူစိမ်းနောက်သို့သာလိုက်ကြည့်လေသည်။ အိမ်ကဟောင်းနွမ်းသော်လည်း အတော်ကျယ်သည်။ထမင်းစားခန်း၊ ဧည့်ခန်းတွေကိုမြင်ရသည်မှာလည်း ရွှေခြည့်စိတ်ထဲ ရှေးခေတ်အင်္ဂလိပ်ကားတွေထဲက အိမ်မျိုးကိုပြေးပြေးသတိရမိသည်။ ထူးခြားသည်က ဓာတ်ပုံတစ်ပုံမှမရှိ။ တစ်ကောင်ကြွက်ပေမယ့် ကိုယ့်မိဘဓာတ်ပုံလောက်တော့ အိမ်မှာချိတ်သင့်တယ်လို့ထင်မိသည်။

ရွှေခြည်နှင့်စကားတစ်လုံးမျှမပြောပဲ အိမ်လယ်ခန်းအနားက လှေကားအပေါ်သို့ဦးဆောင်ခေါ်သွားသည်။ လှေကားလက်ရန်များမှာ ဆွေးပင်ဆွေးနေပြီ။ ရွှေခြည်လည်း သတိနှင့်တက်သွားရသည်။ အိမ်အပေါ်ထပ်သို့ရောက်ခါမှ သူမအိပ်ခန်းကျယ်ကြီးဖြစ်ကြောင်းသိရသည်။အပေါ်ထပ်တစ်ခုလုံး ဘာအခန်းမှကာခြားထားခြင်းမရှိပေ။ သူမကုတင်တစ်လုံး၊ အကျီင်္ချုပ်စက်၊ စာအုပ်စင်တစ်ခု၊ အဝတ်ဗီရို၊ ဆိုဖာခုံ မှလွဲပြီးဘာမှတော့မရှိ။ သူမသန့်ရှင်းရေးပုံမှန်လုပ်မည့်ပုံမပေါ်။ အခန်းတစ်ခုလုံး ကြပ်ခိုးများပြည့်နေပြီးသူမကုတင်ပင် ညစ်ထေးနေသည်။ သူမရွှေခြည့်ဘက်လှည့်ပြီး…

-တစ်ယောက်တည်းဆိုတော့ အစ်မလည်းသန့်ရှင်းရေးသိပ်မလုပ်နိုင်ဘူး။ စိတ်မရှိနဲ့နော်။ ညီမလေး မတ်တပ်မရပ်နေပါနဲ့။ အစ်မကုတင်ပေါ်ထိုင်နေလိုက်။ အစ်မကိတ်မုန့်သွားယူလာခဲ့မယ်။

-ဟင်။ အစ်မတခြားသူဖိတ်မထားဘူးလား။

-တစ်ယောက်ဆိုတော်ပါပြီ ညီမလေးရယ်။ အစ်မဘေးမှာ တစ်ယောက်လေးရှိရင်ရပါပြီ။ လူများရင် ညီမလည်း နေရကြပ်မှာစိုးလို့။ ကဲ..ခဏလေးနော်…

ရွှေခြည်ခေါင်းညိတ်လိုက်သည်။ အခန်းတစ်ခန်းလုံး မှာ မီးချောင်းတစ်ချောင်းထဲဖွင့်ထားသည်မို့ လင်းရုံမျှလင်းသည်။ ဘာကြောင့်ရယ်မှန်းမသိပဲ ရွှေခြည်ချွေးပြန်လာသည်။ အိမ်ခန်းကျယ်တစ်ခန်းထဲတွင် အမည်တောင်မသိသေးတဲ့ သူစိမ်းတစ်ယောက်ကိုလာတွေ့ရတာ အဓိပ္ပာယ်မရှိဟုထင်မိသည်။

အချိန်အတော်အတန်ကြာမှ မသူစိမ်းတက်လာသည်။ သူမအနောက်မှ အခြားတစ်ယောက်။ အလင်းမှိန်နေသောကြောင့် ရွှေခြည်စူးစိုက်ကြည့်မှ ထိုသူ့ရုပ်ကို မြင်ရသည်။ ရွှေခြည်အသက်မှန်မှန်မရှူနိုင်တော့။ သူမဆီမှ လွန်ခဲ့သည့်တစ်ပတ်ခန့်က ချစ်ခွင့်ပန်ပြီး အဖြေတောင်းထားသည့်မျိုးလွင်။

မျိုးလွင်ကို ရွှေခြည်သိသည်မှာ တစ်လသာရှိသေးမည်။ သင်တန်းတစ်ခုတွင် တစ်ယောက်နှင့်တစ်ယောက်သိခဲ့ကြရုံမျှရှိသည်။ မျိုးလွင်သည်ခန့်သည်၊ အရပ်ရှည်သည်။ မေးနှစ်ခွနှင့်မို့ ပိုပြီးခန့်ညားနေသလို။ သင်တန်းတက်ရင်းနဲ့ပင် မျိုးလွင် ရွှေခြည့်ကိုချစ်ခွင့်ပန်ခဲ့သည်။ ရွှေခြည်လည်းစဉ်းစားပေးမည်ဟု ပြောထားသော်လည်း အဖြေပေးဖို့သေချာသလောက်ပင်။ သူမလည်း ခန့်ညားထည်ဝါလွန်းတဲ့ မျိုးလွင်ကို သဘောကျသည်က မဆန်းတော့။

မျိုးလွင်ကိုမြင်မြင်ချင်းသူမကြက်သေသေသွားသည်မှာ မည်မျှလောက်ကြာသည်မသိ။ ပါးသိုင်မွေးရေးရေးနဲ့ပေမယ့် သူမမျိုးလွင်ကို မှတ်မိသည်။ မျိုးလွင်မှမျိုးလွင်အစစ်။ မသူစိမ်းရွှေခြည့်ကိုကြည့်သည်။ သို့သော်ပြုံးမပြတော့။ သူမစိုက်ကြည့်သည့်အကြည့်က ရွှေခြည့်ကို တစ်စုံတစ်ခုပြောချင်သယောင်။ အခန်းထောင့်နားမှာ ရပ်သောရွှေခြည့်ကို မျိုးလွင်လည်းမမြင်။

ရွှေခြည် မျိုးလွင်ကိုခေါ်သည်။ သို့သော်မျိုးလွင်က လှည့်မျှပင်မကြည့်။ ရွှေခြည် အခါပေါင်းများစွာအော်နေသော်လည်း ဘာမှမထူးခြား။ ရွှေခြည်မျက်ရည်တွေဝဲလာသည်။ ခဏမျှကြာလျှင်မသူစိမ်းအနီးနားရှိမီးခလုတ်ကိုပိတ်လိုက်သည်။ အခန်းတစ်ခန်းလုံးအမှောင်ကျသွားသည်။

ရွှေခြည်မျက်လုံးထဲသို့အလင်းတစ်စုံဝင်လာသည်။ ဖယောင်းတိုင်လျှံနေသော ကိတ်မုန့်ရှေ့က မသူစိမ်းနှင့် မျိုးလွင်ကို သူမကောင်းကောင်းမြင်နေရသည်။ မျိုးလွင် ဟက်ပီးဘက်ဒေး သီချင်းကိုစဆိုသည်။ သူ၏မျက်လုံးမှာ မသူစိမ်းအပေါ်မှမခွာပဲ ကျယ်လောင်သောအသံနှင့်ဆိုသည်မှာ ကျောချမ်းစရာ။ မွေးနေ့ဖယောင်းတိုင်ကို မသူစိမ်းမှ ဖူးခနဲမှုတ်လိုက်သည်နဲ့ အခန်းတစ်ခုလုံးအမှောင်ဖုံးသွားပြန်သည်။

ရွှေခြည်ကြောက်စိတ်မွှမ်ပြီး ခေါင်းတွေမူးဝေလာသလိုခံစားရသည်။ ဝုန်းခနဲဆိုသလို တစ်စုံတစ်ယောက်လဲကျသွားသံကြားရသည်။ ရွှေခြည်သတိဝင်လာပြီး အခြေအနေကိုအကဲခတ်သည်။ အသံဗလုံးဗထွေးနှင့်မသူစိမ်း၏အော်သံကိုပါကြားရသည်။

-လွှတ်..လွှတ်၊ မျိုးလွင်။ နင်ငါ့ကိုဘာလုပ်နေတာလဲ။

-နှင်း၊ ကိုယ့်ကိုအဖြေမပေးသေးလို့လေ။ ကိုယ်နှင်းကိုတစ်ခါတည်းသိမ်းပိုက်ဖို့။ ကိုယ့်ကိုနှင်းလက်ခံပေး။

-ဂီးး…ထွက်သွား….

အဲ့ဒီ့နောက်ပိုင်း အသံတွေပိုကျယ်လာပြီး တစ်စုံတစ်ခုနဲ့ ဆောင့်မိသံလိုပါကြားလိုက်ရသည်။ ရွှေခြည်လည်း ကမန်းကတန်းနဲ့ မီးခလုတ်ရှိရာကို စမ်းတဝါးဝါးနဲ့ပင်ပြေးသွားသည်။ ခလုတ်မိလျှင်မိချင်း ချက်ချင်းဖွင့်လိုက်ရာ အခန်းတစ်ခုလုံးပြန်လင်းလာသည်။ ရွှေခြည် မသူစိမ်းကိုလှည့်ကြည့်သည်။

ဟင်….

အခန်းတစ်ခန်းလုံးရှင်းနေပြီး မည်သူမျှပင်မရှိ။ ကိတ်မုန့်ပန်းကန်လည်းမရှိ။ မသူစိမ်းလည်းမရှိ။ မျိုးလွင်လည်းမရှိတော့။ ရွှေခြည်အခြေအနေကို မမှန်းစနိုင်တော့ပဲ ကမန်းကတန်းအိမ်အောက်သို့ပြေးဆင်းသွားလေ၏။ တံခါးကိုဆွဲဖွင့်ဖို့အလှမ်းမှာ တစ်ဖက်ကတစ်စုံတစ်ယောက်ဆွဲဖွင့်လိုက်သည်။

မျိုးလွင်..

တစ်ဖက်ကလူကိုမြင်ပြီး ရွှေခြည့်ပါးစပ်ကထွက်လာတဲ့စကား။ ဟုတ်သည်။ နေခြည့်ကိုတအံ့တသြနှင့်ကြည့်နေသော မျိုးလွင်။

-ရွှေခြည်..နင်ဒီကိုဘယ်လိုရောက်နေတာလဲ။

-ဒါ..ဒါ..မျိုးလွင်ကရော ဘယ်..ဘယ်လို…

-ဒါကိုယ့်အိမ်ပါ။ရွှေခြည်ကိုယ့်ကိုတွေ့ဖို့ တကူးတကရှာလာတာလား။

-အဲ..ဟို..ဟို..ရွှေခြည်သွားစရာရှိလို့ပြန်တော့မယ်။

မျိုးလွင်မျက်မှောက်ကြုတ်ရင်း ရွှေခြည့်ကို စိုက်ကြည့်ပြီးခေါ်ပြန်သည်။ ရွှေခြည်ပြန်မည်ဟုအတင်းပြောနေသဖြင့် မျိုးလွင်မျက်နှာကြီးနီလျက်ရွှေခြည့်လက်ကိုအတင်းဆွဲပြီး အိမ်ခန်းတွင်းသို့တွန်းသွင်းလိုက်လေသည်။ အခန်းတစ်ခုလုံးမှောင်လို့…….

============================================================

မျက်နှာပေါ်သို့ ပူခနဲတစ်ခုခုကျလာသည်ကိုခံစားရသည်။ရွှေခြည် မောနေသည်။ မျက်နှာတစ်ခုလုံးချွေးတရွှဲရွှဲဖြစ်နေသလို ခံစားရသည်။ ခလုံခလွမ်ဆိုသောဆူညံသံတွေပါနားထဲဝင်လာသည်။

-ရွှေခြည်။ ထသင့်ပြီမထင်ဘူးလား။ ဆယ့်နှစ်နာရီထိုးပြီ။ ဖုန်းဆက်တာကိုလည်း ဖုန်းပိတ်ပြီးအိပ်လို့အိပ်။ ပိတ်ရက်လေး အမေ့ကိုအိုးခွက်လေးတောင်တိုက်ပေးမယ်မရှိဘူး။ ထတော့။ ဒီမယ် မုန့်ပါဝယ်လာတယ်။

ရွှေခြည်ပြုံးလိုက်သည်။

-စောင်အိပ်မက်ဆိုး။ မျိုးလွင်ကို သူ့လုပ်ဖော်ကိုင်ဖက်အစ်မနဲ့ သဝန်တိုတာ အိပ်မက်ထဲတောင်ထည့်မက်လို့။ ဘာတဲ့… မသူစိမ်း။ ဟီးဟီး။

အိပ်ယာထဲတွင် ပွစိပွစိပြောရင်း တဟီးဟီးတဟားဟားရယ်နေသောကြောင့်အဆူခံရပြန်လေသည်။

Christina (For her Myanmar)

No Comments Yet

Comments are closed