အိမ်ထောင်မပြုခင် ဖတ်သင့်တဲ့စာအုပ်လေး (၂) အုပ်

ချစ်သူနဲ့ ရွှေလက်တွဲကြတဲ့အခါ ထင်မထားတဲ့ အခက်အခဲတွေက ဘာတွေများဖြစ်မလဲ

အရွယ်ရောက်ပြီး ချစ်ရသူရှိတဲ့သူမှန်ရင် တစ်ချိန်ချိန်မှာ ချစ်ရသူနဲ့ ရွှေလက်တွဲရရင်ဘယ်လိုပျော်စရာကောင်းမလဲလို့ စိတ်ကူးတွေယဉ်မိမှာပဲနော်။ ချစ်သူနဲ့လည်း လက်ထပ်ပြီးရင် ဘယ်လိုနေကြမယ်ဆိုတဲ့ အတွေးစိတ်ကူးတွေအပြန်အလှန်ဖလှယ်ရင်း လေထဲတိုက်အိမ်ဆောက်ခဲ့ကြမှာပါ။

တကယ့်လက်တွေ့ဘဝမှာရော ချစ်သူနဲ့ ရွှေလက်တွဲရတာ ထင်သလောက်ပျော်စရာကောင်းပါရဲ့လား။ ချစ်သူနဲ့ ရွှေလက်တွဲရတဲ့အခါ ထင်မှတ်မထားတဲ့ အခက်အခဲတွေကြုံတွေ့ရမယ်ဆိုရင်ရော အဲ့ဒါတွေက ဘာတွေဖြစ်မှာပါလဲ။

တကယ်လို့များ ဒီမေးခွန်းတွေရဲ့အဖြေအပြည့်အစုံမဟုတ်ခဲ့ရင်တောင် တစ်စိတ်တစ်ပိုင်းလောက်ကို သိချင်တယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ်လေးနှစ်အုပ်ကို ယောင်းတို့အတွက်မျှဝေပေးပါရစေ။

ဒီစာအုပ်လေးဟာဆိုရင် မိန်းကလေးတွေအိမ်ထောင်မပြုခင်ဖတ်ထားသင့်တဲ့စာအုပ်လေးနှစ်အုပ်ပါပဲ။ ဒီစာအုပ်လေးတွေက ပေါ့ပေါ့ပါးပါးဘဝသရုပ်ဖော်စာအုပ်တွေမို့ စာဖတ်တာသိပ်ဝါသနာမပါဘူးဆိုတဲ့ ယောင်းတွေတောင် သဘောကျကြမှာပါ။

Related Article >>> သင်္ကြန်အငွေ့အသက်လေးတွေကိုခံစားရမယ့်စာအုပ်လေးနှစ်အုပ်

အမှောင်ထဲမှာ

ပထမစာအုပ်ကတော့ ဆရာမ လမင်းမိုမိုရဲ့ အမှောင်ထဲမှာဆိုတဲ့ စာအုပ်ပါပဲ။ ဒီစာအုပ်ဟာ ၂၀၁၇ခုနှစ်မှာ ရင်ဘတ်ထဲကဓါးဆိုတဲ့အမည်နဲ့ ရုပ်ရှင်ထွက်ရှိခဲ့ပြီး အဓိကသရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ဝတ္ထုလေးလည်း သူ့အရသာ တစ်မူထူးတာမို့ ထပ်ညွှန်းလိုက်ပါတယ်နော်။

ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်ကတော့ လရောင်ဝေး ခေါ် အဝေးဆိုတဲ့ အမျိုးသမီးလေးပါ။ အဝေးဟာ အောင်မြင်ထက်မြက်တဲ့ ပညာတတ်ခေတ်သမီးပျိုလေးတစ်ဦးပါ။ အရွယ်နဲ့ မလိုက်တဲ့ ရာထူးတာဝန်ကို ထမ်းဆောင်နေပြီး ဝင်ငွေကောင်းသူလည်း ဖြစ်ပါတယ်။ အများက အားကျရတဲ့ အဝေးဘဝမှာ အားနည်းချက်တစ်ခုကတော့ သူမရဲ့အတိတ်ဆိုးပါ။ သူမရဲ့ မိခင်ဟာ လူသတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရပြီး သူမမိခင်သတ်ခဲ့သူကတော့ အဝေးရဲ့ဖခင်ပါပဲ။ အဝေးဟာ အဖေချစ်သမီးမို့ မိခင်ရဲ့ မသာယာတဲ့အိမ်ထောင်ရေးအခြေအနေကို ကလေးအသိဥာဏ်မီသလောက် သိခဲ့ပေမဲ့ အဖေကိုသတ်ဖြတ်တာကြောင့် မိခင်ကိုလည်း စိတ်နာနေပါတယ်။

သူမရဲ့အလှည့်ကျရင်မိခင်လိုမဖြစ်စေဘဲ သာယာတဲ့အိမ်ထောင်တစ်ခုကို ဘယ်လိုပင်အခက်အခဲတွေရှိနေပါစေထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုလဲရှိပါတယ်။ ဒီလိုနဲ့ အဝေးရဲ့ မိခင် ထောင်ကလွတ်လာချိန်နဲ့ မရှေးမနှောင်းမှာပဲ အဝေးတစ်ယောက် ချစ်သူနဲ့ အိမ်ထောင်ပြုခဲ့ပါတော့တယ်။

အဝေးရဲ့ အမျိုးးသားဖြစ်သူ မောင်မောင်ကျေးဟာ အရာရှိဖခင်မှာမွေးဖွားလာပြီး မျိုးရိုးကောင်းတဲ့ကာ ဆရာဝန်လောင်းတစ်ဦးပေါ့။ အများအမြင်မှာတော့ မိန်းကလေးတိုင်းအတွက် တပ်မက်ဖွယ်ကောင်းသောအမျိုးသားတစ်ဦးပင်။ ထိုသို့သောသူနှင့်ဖူးစာဆုံကာ လက်ထပ်ခဲ့သောအဝေးတစ်ယောက် မည်သို့မျှမထင်မှတ်ထားသောအခက်အခဲများကိုရင်ဆိုင်ရတဲ့အခါ….. အဝေး ဘယ်လို ရုန်းကန်ခဲ့ရလဲ… အဝေးတစ်ယောက် အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဆရာမလမင်းမိုမိုရဲ့ အမှောင်ထဲမှာဝတ္ထုကို ဖတ်ရှူကြည့်ပါနော်။

Related Article >>> အချစ်ကို ယုံကြည်ကိုးစားလွန်းတဲ့ မိန်းကလေးတိုင်း ဖတ်သင့်တဲ့ စာအုပ်လေး ၂အုပ်

ပျောက်သောလမ်းမှာစမ်းတဝါးဝါး

နောက်တစ်အုပ်ကတော့ စာရေးဆရာမကြီး မိုးမိုး(အင်းလျား) ရဲ့ ပျောက်သောလမ်းမှာစမ်းတဝါးဝါးဆိုတဲ့ အမျိုးသားစာပေဆုရစာအုပ်ပါပဲ။ ၁၉၇၃ ခုနှစ်ဝန်းကျင်ကထွက်ရှိခဲ့တဲ့ ဒီစာအုပ်ဟာ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့တာတောင် ခေတ်အဆက်ဆက်အိမ်ထောင်ရေးဇာတ်လမ်းကောင်းအဖြစ်ညွှန်းဆိုခံခဲ့ရတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာတော့ အဓိကဇာတ်လိုက်ဟာ နီနီလှိုင်ဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဘွဲ့ရ ပြီးပြီးချင်းမှာတင် သူမချစ်သူ ကိုဟန်သာနှင့် လက်ထပ်ကြပုံနဲ့ ဇာတ်လမ်းအစဖွင့်ထားပါတယ်။ တစ်နေ့မှာ အောင်မြင်သာယာတဲ့ မိသားစုဘဝကိုတည်ထောင်နိုင်မယ့် အိမ်ထောင်ရှင်မကြီးဖြစ်ရမယ်လို့ ရည်ရွယ်ထားတဲ့ လှိုင်တို့အိမ်ထောင်ရေးဟာ အဖွင့်မှာတင်မသာယာခဲ့ပါဘူး။

ကိုကို( ခေါ်) ကိုဟန်သာဟာ သာမာန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး လှိုင်က ဘွဲ့ရခါစအလုပ်မရှိသေးတာကြောင့် လှိုင်တို့ အချစ်ခရီးအစကို ကိုင်လှုပ်ခဲ့တာက မပြည့်စုံမှုပါပဲ။ သီးသန့် နေစရာတောင် အဆင်မပြောတာကြောင့် လက်ထပ်ပြီးစမှာပဲ ကိုကိုတို့မိသားစုဝင်တွေစုပေါင်းနေထိုင်တဲ့ အိမ်ခန်းကျဉ်းလေးမှာ လှိုင်တစ်ယောက် ညှိုးငယ်စွာနေထိုင်ရပါတော့တယ်။ ဒီကြားထဲ အဆန်မရှိပေမယ့် ဟန်လုပ်ချင်တဲ့ အထည်ကြီးပျက် ကိုကို့မိသားစုဝင်တွေနဲ့ နယ်မှာပြည့်စုံသူဖြစ်ပေမယ့်ရိုးရိုးကုပ်ကုပ်နေတတ်တဲ့ မိသားစုကလာတဲ့ လှိုင်တို့အဆင်မပြေဖြစ်ရပါတယ်။

အဆင်မပြေမှုတွေထဲမှာ ယောင်းမတွေ၊ လင်ညီအစ်မတွေနဲ့ တည့်အောင်ပေါင်းရင်း ကိုကိုနဲ့ ရတဲ့ရင်သွေးလေးကို လှိုင်တစ်ယောက်လွယ်ရပါတော့တယ်။ ဒီလိုအခြေအနေမှာတောင် စာနာနားလည်ခြင်းမရှိတဲ့ ကိုကို့မိသားစုတွေကို သည်းမခံချင်တော့တာကြောင့် လှိုင်တစ်ယောက်အိမ်ကဆင်းလာပါတော့တယ်။

ကိုကိုက လှိုင့်အလိုကိုလိုက်လျောပြီး အိမ်ခွဲနေခဲ့ပေမယ့် လှိုင်ထပ်မံကြုံတွေ့ရတဲ့ပြဿနာကိုတော့ ကိုကိုတစ်ယောက် မဖြေရှင်းပေးနိုင်တော့ပါဘူး။ လစာနည်းတဲ့ သာမာန်ဝန်ထမ်းတွေဘဝမှာ လစာနဲ့ မမျှတတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လှိုင်တစ်ယောက်အိမ်ထောင်ရေးဒုက္ခတွေကိုခါးစီးခံရပါလေတော့တယ်။ လင်နဲ့မယားအတူရှိနေချိန်တောင် ချစ်တင်းစကားမဆိုနိုင်တော့ဘဲ ကြက်သွန်ဈေး၊ ဆီဈေး၊ အသားငါးဈေးတွေက လှိုင်တို့အိမ်ထောင်ရေးကိုလှုပ်ခါလာတဲ့အခါ….

လှိုင်တို့အိမ်ထောင်ရေးတည်မြဲလေမည်လား၊ ပြိုကွဲရလေမလားဆိုတာသိရဖို့ ဆရာမမိုးမိုးအင်းလျားရဲ့ ပျောက်သောလမ်းမှာစမ်းတဝါးဝါးစာအုပ်ကိုဖတ်ကြည့်ကြဖို့ ညွှန်းဆိုချင်ပါတယ်။

ဒီစာအုပ်တွေကိုဖတ်ပြီးရင်တော့ ယောင်းတို့တစ်တွေအိမ်ထောင်ပြုတယ်ဆိုတာထင်သလောက် မလွယ်ကူတာနားလည်သွားပါလိမ့်မယ်။ အပျိုကြီးလုပ်ပါလို့ မတိုက်တွန်းပေမယ့် ကိုယ်တစ်ဘဝလုံးလက်တွဲမယ့်သူကို သေချာစဉ်းစားရွေးချယ်သလို ကိုယ့်ဘဝအတိုင်းအတာတစ်ခုထိ ပြည့်စုံမှ၊ နှစ်ယောက်သားတင့်တင့်တယ်တယ်အခြေခိုင်ကာမှ အိမ်ထောင်ပြုကြပါလို့ အက်ဒ်မင်ကတိုက်တွန်းလိုပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

error: Content is protected !!