ဟယ်ရီပေါ်တာကမ္ဘာထဲရောက်သွာစေမယ့် အပျော်စီးသင်္ဘော

ဒီတစ်ခါတော့ Potterhead ယောင်းတို့အတွက် သတင်းထူးလေးလာပြီနော်။

ရေး ……… ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာအစီအစဉ်တွေ စတင်နေပါပြီ။ အမေရိကန် ခရီးသွားကုမ္ပဏီတစ်ခုက ယောင်းတို့ ရဲ့ ပျော်စရာမှော်ကမ္ဘာလေးကို လက်တွေ့ဖြစ်အောင်ဖန်တီးပေးတော့မယ်တဲ့။ ဟယ်ရီပေါ်တာရဲ့ မှော်ကမ္ဘာ အပျော်စီးသင်္ဘောကြီးဟာလန်ဒန်မြို့တော်ကြီးရဲ့ သိမ်းစ်မြစ်ထဲကို ရောက်ရှိလာတော့မှာပါ။ တစ်ကြိမ်ကို ရက်သတ္တတစ်ပတ်စီ ကြာမြင့်မယ့် ဒီအပျော်စီးသင်္ဘောခရီးစဉ်တွေကို ပြေးဆွဲမယ့် ကုမ္ပဏီကတော့ ဇိမ်ခံအပျော်စီးသင်္ဘောကုမ္ပဏီတစ်ခုဖြစ်တဲ့ ဘာ့ခ်ျလေဒီ (Barge Lady) အပျော်စီးသင်္ဘောကုမ္ပဏီပဲ ဖြစ်ပါတယ်။

<3

ဒီခရီးစဉ်တွေကို ပြေးဆွဲနိုင်ဖို့အတွက်လည်း အချိန်တော်တော်ကြာကြာယူပြီး ပြင်ဆင်ခဲ့ပါသတဲ့။ ပထမဆုံး ဟယ်ရီပေါ်တာဝတ္ထုကို စတင်ထုတ်ဝေခဲ့တဲ့အချိန်ကနေစပြီး နှစ်ပေါင်း ၂၀ အကြာမှာ (ဒီလို စဉ်းစားရတာ ကိုယ်တွေတောင် တော်တော်အိုသွားသလိုပဲ။) ဒီလို ခရီးစဉ်မျိုးကို ပြေးဆွဲဖို့အတွက် ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်တွေကို လာမယ့်နွေရာသီမှာစတင် ပြေးဆွဲဖို့အတွက် ရက်သတ်မှတ်ထားပါတယ်။ (သြဂုတ်လ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိရယ်၊ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိရယ် ဆိုပြီး သတ်မှတ်ထားပါတယ်။)

Related Article >>> ဟယ်ရီပေါ်တာကိုသာမက ကိုယ်ပိုင်ဘဝကိုပါ မှော်အစွမ်းတွေနဲ့ ဖန်တီးခဲ့သူ

သွားချင်လိုက်တာနော်..

ခရီးစဉ်တစ်လျှောက် ဟယ်ရီပေါ်တာရုပ်ရှင်ဇာတ်ကား ၈ ကားကို ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းနေရာ အများအပြားမှာ သင်္ဘောကို ဆိုက်ကပ်သွားမှာ ဖြစ်ပါတယ်။ ဗာဂျင်းနီးယားဝါးတား (ဟယ်ရီက ဘတ်ခ်ဘိခ်ကို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့အခန်း) နဲ့ ပစ်ကတ်ပို့ကလို့စ် (အမှတ် ၄၊ ပရီဗက်ဒရိုက်အဖြစ် ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းနေရာ) တို့ အပါအ၀င်ပေါ့။ သင်္ဘောဆိုက်ကပ်မယ့် နေရာတွေထဲမှာ ၀ါနာဘရားသားစ် ရုပ်ရှင်စတူဒီယိုတွေလဲ ပါပါတယ်။

Diagon Alley များလား

ဒါ့အပြင် အစားအသောက်တွေကိုလည်း ဟယ်ရီပေါ်တာမှော်ကမ္ဘာထဲက အစားအသောက်တွေကို စားလို့ရပါသတဲ့။ ဒီခရီးစဉ်ကို ဖန်တီးခဲ့သူ Barge Lady ခရီးသွားကုမ္ပဏီကိုတည်ထောင်သူ Stephanie Sak ဟာလည်း Potterhead တစ်ယောက်ပါပဲတဲ့ကွယ်…

” ဒီခရီးစဉ်ကလေးကို ကျွန်မရဲ့သွေးသားလို့ခံစားမိပြီး၊ ကျွန်မအလုပ်ရဲ့အောင်မြင်မှုအသီးအပွင့်ပါပဲ” လို့ Good Morning America အစီအစဉ်မှာ သူမက ဖွင့်ဟခဲ့ပါတယ်။

တစ်ခုပဲ။ မှော်စွမ်းရည်သာ တကယ်ရှိခဲ့ရင် ပြောင်းလဲလို့ရရင် ပြောင်းပစ်လိုက်ချင်တဲ့ ကိစ္စလေး တစ်ခုတော့ ရှိတယ်။ ခရီးစဉ်တစ်ကြောင်းစာအတွက် လူတစ်ယောက်ကို ဒေါ်လာ ၄,၁၉၀ ကြီးများတောင် ကျသင့်ပါမယ်တဲ့။ ကိုယ်ပျောက်ဝတ်ရုံလေး ရှိရင်တော့လည်း ဒီခရီးစဉ်မှာ ခိုးလိုက်လို့ ရလောက်မယ် ထင်သားနော်။

Sugar Cane

Referece : Viva Lifestyle & TravelAltpress

Sugar Cane
Sugar Cane

ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။