Tips

တစ်ခါမှ မရင်းနှီးဖူးတဲ့ လူတွေနဲ့ အထာကျကျ ဘယ်လို စကားပြောကြမလဲ?

ဒီနည်းလမ်းလေးတွေ သုံးတော့မယ် ခု… 

အိမွန်က ရင်းနှီးသူတွေနဲ့တွေ့ရင် သာလိကာလို ပြောတတ်ပေမဲ့ သူစိမ်းနဲ့ဆိုရင်တော့ ပါးစပ်မှာ အာစေးထည့်ထားသလို ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် မင်္ဂလာဆောင်သွားရင် မမြင်ဖူးတဲ့ လူတွေကြားထဲ ယောင်လည်လည် ဖြစ်နေတာမျိုး၊ အလုပ်အင်တာဗျူး ဖြေနေချိန်မှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတဲ့အခါမျိုးတွေမှာ ကိုယ့်ဘက်ကစပြီး တိတ်ဆိတ်မှုကို ထိုးဖောက်ဖို့ဆိုတာမျိုး တကယ်ကို မရဲပေါ့…

လူတွေရဲ့  ပင်ကိုယ်စရိုက်ကလည်း တစ်ဦးနဲ့ တစ်ဦး မတူဘူးလေနော်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေကတော့ ဘယ်သူနဲ့တွေ့တွေ့ အရင်ဘဝက ဆွေမျိုးလိုမျိုး ဆက်ဆံတတ်ပေမဲ့  အိမွန်အတွက်ကတော့ လူများများနဲ့ဆိုရင် ထွက်ပြေးချင်စိတ်ပဲ ပေါက်နေတော့တာပဲ ယောင်းရေ။ ဒီတော့ကား ကိုယ်နဲ့ မရင်းနှီးတဲ့လူတွေနဲ့ စကားလက်ဆုံပြောနိုင်ဖို့ နည်းလမ်းကောင်းတွေကို ရှာဖွေရတော့တာပါပဲ။ ရှာဖွေလေ တွေ့ရှိလေပေါ့။

လူလုံးထွက်ပြရမှာ မကြောက်ပါနဲ့။ 

ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကို ရင်းနှီးသူတစ်ယောက်နဲ့ စကားလက်ဆုံကျရတာက အရမ်းပျော်ဖို့ ကောင်းတာပဲ။ အတင်းကြီး လုပ်ယူရတာ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလေးပဲ စကားလမ်းစခင်းရတာကို အိမွန်ကတော့ အရမ်းကြိုက်တယ်။ ဒီလိုလုပ်ဖို့ဆိုရင်တော့ ပထမဦးဆုံး comfort zone ထဲက ရုန်းထွက်မှ ရပါမယ်။  မသိတဲ့ လူစိမ်းတွေနဲ့ စကားပြောရတာက စိတ်ဖိစီးမှု ပေးတယ်ဆိုပေမဲ့ လူမှုဆက်ဆံရေး ကောင်းသူတောင်မှ ဒီလိုအခြေအနေမှာ ကသိကအောက် ဖြစ်ရတာမျိုး ရှိသေးတာပါပဲ။ ဒါကြောင့်မို့ လူလုံးထွက်ပြရမှာ မကြောက်ပါနဲ့ ယောင်းရေ။

စူးစမ်းအားကောင်းပြီး နားထောင်ကောင်းသူတစ်ယောက် ဖြစ်ပါစေ။

တစ်ခုခုကို  လူစိတ်ဝင်စားအောင် ပြောတတ်တာက ကိုယ်နဲ့ ပြောဆိုဆက်ဆံသူတွေပေါ်မှာ လွှမ်းမိုးမှု ကောင်းကောင်း သက်ရောက်ပါတယ်။ ဒီလိုဆိုတော့ လူတွေအများကြီးကြားမှာ ကိုယ်နဲ့ ရင်းနှီးနိုင်ချေရှိတဲ့လူကို စူးစမ်းရှာဖွေပြီး စကားလက်ဆုံကျလို့ ရမယ့်သူကိုတွေ့ရင် ပြေးကပ်လိုက်ရုံပါပဲ။ စကားလက်ဆုံကျနေတဲ့ အဖွဲ့ထဲ ကိုယ်ဝင်သွားတဲ့အခါ ကိုယ့်အတွက် စကားလမ်းကြောင်း ဖွင့်ပေးမလားဆိုတာကိုတော့ သူတို့ရဲ့ ကိုယ်ဟန်ဗေဒကို ကြည့်ပြီး အကဲခတ်ရပါမယ်။ လမ်းပေါက်ဖွင့်ပေးလိုက်ရင် ခဏနားထောင်ပြီး သဘာဝကျကျ စီးမျောလိုက်ရုံပါပဲ။ အရေးကြီးတာကတော့ သူများပြောတဲ့ စကားတွေကို ဟန်ကျပန်ကျ နားထောင်တတ်ဖို့ပါပဲနော်။

Related Article >>> အင်္ဂလိပ်လိုကျွမ်းကျင်ဖို့ စကားပြောသင်တန်းတွေ ဈေးကြီးပေး တက်ဖို့လိုသလား

ပေါ့ပေါ့ပါးပါး အကြောင်းအရာလေးတွေကို ပြောပါ။

များသောအားဖြင့် ကိုယ်တွေအသက်အရွယ်မှာ လူချင်းတွေ့ပြီဆိုတာနဲ့ ကျောင်းပြီးပြီလား ဘာအလုပ်လုပ်နေပြီလဲ ဆိုတာက နှုတ်ဆက်စကားလိုတောင် ဖြစ်နေပါပြီ။ ဒီလိုဆိုတော့ ပညာရေး ၊ အလုပ် ၊ ဝါသနာဆိုတဲ့ အကြောင်းအရာတွေက စကားပြောတဲ့နေရမှာ အဖွင့်မိတ်ဆက်လို ဖြစ်နေပါတယ်။ ဒီလိုလေးတွေပြောရင်း တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ စကားဝိုင်းလေးက ချောမွေ့သွားတာပါပဲ။

 ပြောစရာစကား စဉ်းစားလို့မရမှာကို ကြောက်မနေပါနဲ့။ 

တစ်ခါတလေ ပြောစရာစကားက လည်ပင်းမှာထဲ တစ်နေပြီး အပြင်ကို ထွက်မလာရဲတာမျိုး ဖြစ်ဖူးလား ယောင်းရေ။ အိမွန်ကတော့ မရင်းနှီးတဲ့လူတွေ ရှေ့မှာဆိုရင် အဲဒီလို အမြဲဖြစ်တယ်။ အဲဒီလို ဖြစ်တိုင်းလည်း ဘာလို့မပြောရဲတာလဲဆိုပြီး မုန်းမိတယ်။ တစ်ခါတလေ ပြောနေရင်းနဲ့ စကားကြောပြတ်သွားရင် ဘာဆက်ပြောရမလဲ စဉ်းစားမရတာမျိုးပေါ့။ အဲဒီလိုမျိုး ဖြစ်သွားတာက ကြောက်ဖို့ မလိုပါဘူး ယောင်းရေ။ တခြားသူက ဘာဆက်ပြောမလဲဆိုတာကို နားထောင်ရင်း အလိုက်သင့် ပြန်ဆက်လိုက်ရုံပါပဲ။

စိတ်ကိုလျှော့ပြီး အေးဆေးနေပါ။

စကားပြောတာမှ အဆင်ပြေပါ့မလား။ ဒါပြီးရင် နောက်ထပ် ဘာဆက်ပြောရကောင်းမလဲ ဆိုတာ တွေးပူနေစရာ မလိုပါဘူး။ အသက်ဝဝရှူပြီး စိတ်လျှော့ နေလိုက်ရုံပါပဲ။ ခေါင်းထဲမှာ အတွေးတွေများနေတဲ့အခါ စကားလုံးတွေက အပြင်ကို ထွက်လာနိုင်မှာ မဟုတ်ပါဘူးနော်။

ဒီအချက်လေးတွေကို အိမွန်ကတော့ ကြိုးစားကြည့်ဖို့ စိတ်ကူးထားတယ်။ ယောင်းရော..

With love

Ei Mon (For Her Myanmar)

References: Psychology Today ,Lifehacker

Ei Mon
Ei Mon
For Her Myanmar ရဲ့တက်သစ်စ ဆောင်းပါးရှင် အိမွန်ဖြစ်ပါတယ်။ စာရေးရတာ ဝါသနာ ပါပါတယ်။ ဆောင်းပါးတွေကတစ်ဆင့် စိတ်ကူးလေးတွေကို ယောင်းတို့ရဲ့ ရင်ထဲအရောက် ပို့ပေးချင်ပါတယ်။ အထူးအားသာတာကတော့ အနုပညာရှင်သတင်းတွေပဲ ဖြစ်ပါတယ်။ အိမွန်ရဲ့ လက်ရာဆောင်းပါးတွေကို အားပေးမယ်မှတ်လား…….

Leave a Reply

Your email address will not be published. Required fields are marked *