ဖိနပ်ဝယ်တော့မယ်ဆိုရင်သတိပြုရမယ့်အချက် (၆)ချက်

ဖိနပ်လေးကြိုက်လို့ဝယ်လိုက်မိပါတယ်။ စီးကြည့်တုန်းကတော့ အံကိုက်.. စီးပြီးမကြာပါဘူး၊ ဖိနပ်ပေါက်ရတာနဲ့၊ ချော်ရတာနဲ့ ၊ ခြေထောက်နာရတာနဲ့ဆိုရင်တော့.. အွန်း.. မလွယ်ပါဘူး ယောင်းတို့ရေ…

ယောင်းယောင်းတို့ရေ ဖိနပ်တစ်ရံဝယ်ရတာလည်း တကယ်တမ်းကျတော့ ထင်သလောက်မလွယ်လှဘူးနော် ။အက်ဒ်မင်မှာတော့  လှလှပပလေးတွေ တွေ့တိုင်း စိတ်အလိုလိုက်ပြီးဝယ်ပြီးကာမှ ရေရှည်စီးရတာ သက်တောင့်သက်သာမဖြစ်တာမျိုး ၊ ကိုယ်အမြဲဝတ်နေကျ အဝတ်အစားတွေနဲ့ မလိုက်ဖက်လို့  ချောင်ထိုးလိုက်ရတာမျိုးတွေ ဆိုတာလည်း ခဏခဏပါပဲ ။ ခြေထောက်ဆိုတာ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်လို့ သူ့ရဲ့ကျန်းမာရေးကလည်း အခြားအပိုင်းတွေလို အရမ်းအရမ်းကို အရေးကြီးလှပါတယ် ယောင်းရေ ။

ဖိနပ်တစ်ရံအရွေးမှားရင် ခံစားရမယ့် ရေရှည်ပြဿနာတွေကိုအသာထားဦး  ပထမဆုံးအနေနဲ့ သိသိသာသာကြီးခံစားရမှာတော့ ခြေဖနောင့်နဲ့ ခြေချောင်းလေးတွေ အလွန်အမင်းနာကျင်တာပါပဲ။ အခန့်မသင့်ရင် corn လို့ခေါ်တဲ့ အသားမာ အရည်ကြည်ဖုလေးတွေ ပေါက်လာတဲ့အထိတောင် ဖြစ်နိုင်ပါတယ်နော် ။အများအားဖြင့်တော့ အဲ့ဒီလို အသားမာဖုလေးတွေဟာ ခြေချောင်းလေးတွေကြားထဲနဲ့ ခြေဖနောင့်အပေါ်ဘက်နားလေးတွေမှာ အမြဲလိုလို ဖြစ်တတ်တာကို ယောင်းလည်းသတိထားမိမှာပါ။ အဲ့လိုတွေဖြစ်လာပြီဆိုရင် တစ်နေကုန် ဘယ်သွားသွား ထော့နဲ့ထော့နဲ့နဲ့ ဖြစ်ပြီး နာကလည်းနာ ရှိုးကလည်းပဲ့သေးတယ်နော်။

ဒါကြောင့် ဖိနပ်တစ်ရံကို နှစ်သက်သဘောကျလို့ ဝယ်ယူဖို့စိတ်ကူးလိုက်မိပြီဆိုရင် ချက်ချင်းဆုံးဖြတ်ချက်မချပဲ အောက်ကအချက်လေးတွေပါ တစ်ချက်လောက် ထည့်ပြီးစဉ်းစားကြည့်ပေးပါဦးနော်။

Related Article >>> အထာကျကျ ဒေါက်ဖိနပ်လှလှလေးစီးကြမယ်

၁။    နေ့လည်ချိန်မှာ ဖိနပ်ဝယ်ပါ။

ဖိနပ်ဝယ်တော့မယ်ဆိုရင် ပုံမှန်အားဖြင့် နေ့လည်ခင်းအချိန်တွေဟာ အသင့်တော်ဆုံးပါပဲယောင်းရေ ။ ဘာလို့လဲဆိုတော့ ခြေချောင်းလေးတွေက နေ့ဖက်တွေနဲ့ ရာသီဥတုပူပြင်းနေတဲ့အချိန်တွေမှာ နဂိုကထက် အနည်းငယ်ကြီးမားကျယ်ပြန့်လာတတ်ကြလို့ပါပဲ။  ဒါကြောင့် အဲ့လိုဖြစ်နေချိန်မှာ ရွေးချယ်မိတဲ့ ဖိနပ်ဆိုဒ်အမှန်ကသာ ရေရှည်မှာယောင်းအတွက် အမြဲတမ်းသက်တောင့်သက်သာရှိစေနိုင်မှာပါ။

၂။    ခြေထောက်ဆိုဒ်တွေမတူညီတဲ့အချက်ကိုမမေ့ပါနဲ့။

နောက်တစ်ချက်ကတော့ ဖိနပ်ဆိုင်တွေရောက်လို့ ကိုယ်ကြိုက်တဲ့ဖိနပ်လေးကိုတွေ့တဲ့အခါ အားရဝမ်းသာပြေးပြီး မဝယ်လိုက်နဲ့ဦးယောင်းရေ ။ အရင်ဆုံး ကိုယ့်ရဲ့ခြေထောက် ဘယ်ဖက်ရော ညာဖက်နဲ့ပါ စမ်းပြီးစီးကြည့်လိုက်ပါဦး။ တချို့ခြေထောက်တွေက တစ်ဘက်နဲ့တစ်ဘက် အနည်းငယ်ဆိုဒ်မတူညီတာမျိုးတွေ ရှိတတ်လို့ နှစ်ဘက်စလုံးနဲ့ သက်တောင့်သက်သာ ဖြစ်တယ်ဆိုမှာသာ စိတ်ချလက်ချ ရွေးချယ်ဝယ်ယူလိုက်ပါနော်။

၃။    Shoes ဖိနပ်ဝယ်တဲ့အခါသတိထားစရာ

နောက်တစ်ချက်ကတော့ Shoes ဖိနပ်လေးတွေဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်လေးပါ။ Shoes ဖိနပ်တစ်ရံရဲ့ အတွင်းဘက်နေရာမှာ  ကိုယ့်ခြေထောက်ရဲ့အရှည်ဆုံးခြေချောင်းအတွက် အနည်းဆုံးလက်မဝက်ကနေ တစ်လက်မရဲ့လေးပုံတစ်ပုံလောက်ထိ လွတ်နေရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ ကြာကြာစီးတဲ့အခါ ခြေချောင်းလေးတွေနဲ့ ဖိနပ်ထိပ်တို့ပွတ်တိုက်မိပြီး ပွန်းပဲ့နာကျင်တာမျိုးတွေ ဖြစ်တတ်ပါတယ်တဲ့ယောင်းရေ။

၎။    ဖိနပ်ဆိုဒ်တွေဟာအမြဲမမှန်ကန်နိုင်ပါဘူး။

ဖိနပ်ဆိုဒ်တွေကို ကိုယ့်ရဲ့သက်တောင့်သက်သာရှိမှုထက်ပိုပြီး မယုံကြည်ပါနဲ့ယောင်းရေ ။ ဒါလေးက ဖိနပ်ဆိုဒ်ကို အမြဲအသေမှတ်တတ်တဲ့ အက်မင်အတွက်စောင်းပြောနေသလားတောင် ထင်ရတယ်။ ဈေးကွက်ထဲမှာ ဖိနပ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ အမျိုးအစား အများအပြားရှိတဲ့အတွက်ကြောင့် သူတို့ရဲ့တိုင်းတာနည်းစနစ်တွေ ၊ အသုံးပြုတဲ့ နည်းပညာတွေဟာ တစ်ခုနဲ့တစ်ခုမတူညီနိင်ပါဘူး ။ ဒါကြောင့် ဖိနပ်ဆိုဒ်ကို ပုံသေမှတ်ပြီး ဝယ်ယူတဲ့အခါ ကိုယ်နဲ့ကွက်တိမဖြစ်ဘဲ အဆင်မချောတဲ့ ပြဿနာတွေလည်း မကြာခဏ ကြုံရတတ်ပါသေးတယ်။ ဒါကြောင့် ဖိနပ်ဝယ်ယူတော့မယ်ဆိုရင် လူကြုံမှာတာတို့ ၊ online ကနေ အလွယ်တကူဝယ်ယူတာတို့ထက်စာရင် ကိုယ်တိုင်စိတ်ကြိုက်စီးကြည့်ပြီးမှ ဝယ်သင့်ပါတယ်ယောင်းရေ။

၅။   ကိုယ့်ရဲ့ဖက်ရှင်ကိုလည်းထည့်စဉ်းစားပါ။

နောက်ပြီးတော့ ကိုယ့်ပုံမှန်အမြဲဝတ်ဆင်လေ့ရှိတဲ့ အဝတ်အစားဒီဇိုင်းတွေနဲ့ လိုက်ဖက်မှုရှိ မရှိကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။ ဥပမာ ကိုယ်ကမြန်မာဝတ်စုံဒီဇိုင်းတွေ အဝတ်များသူဆိုရင် Sport Shoes တွေ ၊ Leather Shoes တွေ ဝယ်မိတော့မယ်ဆိုကာနီးတိုင်း ပြန်သတိထားပေါ့နော် ။ ဒီလိုမှမဟုတ်ပဲ ကိုယ်က နေ့စဉ်သွက်လက်လှုပ်ရှားတဲ့ လုပ်ငန်းခွင်ကို အမြဲဝင်ရသူဆိုရင် Pencil Heel တွေ ၊ ကတ္တီပါပုံတော်ဖိနပ်တွေချည်းပဲ ဝယ်ထားမိရင် ဘယ်အဆင်ပြေမလဲယောင်းရဲ့ နော်။ ဒါကြောင့် ဖိနပ်ဝယ်တော့မယ်ဆိုရင် ကိုယ်ကြိုက်တဲ့ဒီဇိုင်းတွေဆိုတာထက် ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ လိုက်ဖက်အဆင်ပြေရဲ့လားဆိုတဲ့ အချက်လေးကိုလည်း ထည့်စဉ်းစားပေးနော်။

၆။    ရာသီဥတုကိုလည်း မေ့မမထားပါနဲ့ယောင်းရေ။

နောက်ဆုံးတစ်ခု သတိထားရမှာကတော့ ရာသီဥတုအခြေအနေပါပဲယောင်းရေ ။ ဒါလေးကတော့ ကိုယ့်အနေနဲ့ ထူးထူးထွေထွေ မစဉ်းစားမိရင်တောင် ဈေးကွက်ကတော့ ဒီအချက်လေးကို ကောင်းကောင်းသိလို့ သိပ်တော့ပူစရာမလိုပါဘူး။ ဥပမာ – စိုစိုစွတ်စွတ်မိုးရာသီဆိုရင် အစိုဓာတ်လွယ်လွယ်မပျောက်တဲ့ ကတ္တီပါဖိနပ်တွေ ၊ အလွယ်တကူ slip ဖြစ်နိုင်တဲ့ ဖိနပ်အမြင့်တွေကိုတော့ နိုးလို့သာ ပြောလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီလို စိုစွတ်နေတဲ့ဖိနပ်တွေကို အမြဲစီးမိတဲ့အခါ တစ်နေကုန် အအေးဓာတ်ကိုခံစားရပြီး နှာစေးဖျားနာတာမျိုးတောင် ဖြစ်နိုင်လို့ပါ ယောင်းတို့ရေ.. ယောင်းတို့ရဲ့ ကျန်းမာရေးကို စိတ်ပူမိလို့ပါလို့.. :*

ဒါဆိုရင် ဖိနပ်အသစ်ဝယ်ဖို့ စိုင်းပြင်းနေတဲ့ ယောင်းယောင်းတို့အတွက် အနည်းနဲ့အများတော့ ဒီအချက်လေးတွေက အထောက်အကူပြုမယ်လို့ ထင်ပါတယ်နော်.. ယောင်းတို့ သိထားတာလေးတွေ၊ အဆင်မပြေတာလေးတွေ ရှိရင်လည်း ပြောခဲ့ပေးဦးနော်..

Harlynn (For Her Myanmar)

Reference- Health Harvard, On Health,Mens Journal

 

 

Harlynn
Harlynn

နာမည်ကတော့Harlynn ပါ ။
စာ​တွေ​ရေး ဓာတ်​ပုံရိုက်​ရင်း ခရီး​တွေသွားရတာ အရမ်းဝါသနာပါပါတယ်​ ။ စာအုပ်​​တွေ နဲ့ ​ခွေးက​လေး​ကြောင်​က​လေး​တွေကို ချစ်​တဲ့ အပျိုကြီးမမဆိုလည်း မမှားပါဘူး။ ​နေ့တိုင်း သင်​ယူစရာ​တွေများလွန်းလို့ ကြိုးစား​နေသူတစ်​​ယောက်​ပါ​နော်​။