အိမ်တွင်းပုန်းယောင်းယောင်းတို့အတွက် မင်မင့်နှစ်သစ်လက်ဆောင်။
ဒီအပ်မှိုထောင်းလေးက ဝိတ်လျှော့နေပြီး ချဉ်ချဉ်စပ်စပ်စားချင်တဲ့ယောင်းတို့နဲ့ သဘောင်္သီးထောင်း အရသာကြိုက်ပေမဲ့ သဘောင်္သီးမကြိုက်တဲ့ယောင်းတို့ အတွက် သင့်တော်မယ်ထင်တယ် 😁
အခုနှင်းပြထားတဲ့ အညွှန်းတွေကတော့ အပ်မှိုတစ်ဝက်စာ အညွှန်းဖြစ်ပါတယ်။ (အမှန်တော့ အရမ်းကြီး အတိအကျချိန်မနေနဲ့ အနီးစပ်ဆုံးပစ်သာထည့် အရသာကသိပ်ကွာတာမဟုတ်ဘူး။ :P) ပါဝင်ပစ္စည်းတွေကတော့…
အပ်မှို – တစ်ဝက်
ပုစွန်ခြောက် – လက်တစ်ဆုပ်
ငရုတ်သီး – အသေး ၆ ထောင့်
ထန်းလျက် – အလုံးကြီးဆို တစ်လုံး၊ အလုံးသေးဆို ၂ လုံး
ကြက်သွန်ဖြူ – ၄ မွှာ
ယိုးဒယားငံပြာရည် – ထမင်းစားဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
အချိုမှုန့် – အနည်းငယ်
သကြား – အနည်းငယ်
သံပုရာသီး – ၁လုံး
Related Article >>> သာမန်ထက် အရသာတစ်မူထူးနေမယ့် ဂျပန်စတိုင် ထမင်းကြော် (၂) မျိုး
ပထမဆုံး အပ်မှိုတစ်ဝက်ကို ရေထဲစိမ်ပြီး စင်အောင်ဆေးပါ။ အပ်မှိုရဲ့ အောက်ဘက်ကအမြစ်တွေကို ဖြတ်ပစ်လိုက်ပါ။ ပြီးရင် အပ်မှိုတွေကို တစ်စုချင်းစီ ခွဲလိုက်ပါနော်။ ပြီးရင် ရေနွေးဖျောပြီး ရေအေးချက်ချင်းပြန်စိမ်ပြီးတာနဲ့ ဇကာနဲ့ရေကို စစ်ချထားလိုက်နော်။ (အပ်မှိုက ရေအရမ်းထွက်တော့ မစစ်ထားရင် ရေပေါလောဖြစ်နေလိမ့်မယ်။) ဆော့စ့်ကို စပြီးပြင်ဆင်ပါတော့မယ်။
ကြက်သွန်ဖြူ ၄ မွှာနဲ့ ငရုတ်သီးကို ညက်အောင်ထောင်းပါ။ အဲ့နှစ်ခု ညက်လာပြီဆိုရင်
ပုစွန်ခြောက်လက်တစ်ဆုပ်ရယ် ထန်းလျက်တစ်ခဲရယ် ထည့်ထောင်းပါ။ (ကြက်သွန်ဖတ်ကလေးတွေ စားချင်ရင်တော့ အညက်တညက်လေး ထောင်းပေါ့နော်။ အဖတ်မကြိုက်တတ်တဲ့ ယောင်းတို့ကတော့ ညက်အောင်သာ ကိုယ့်ရန်သူမျက်နှာကို ငရုတ်ကျည်ပွေ့ထဲမြင်ယောင်ပြီး မတရားထောင်းပါ။)
ညက်လာပီဆိုရင်တော့ ယိုးဒယားငံပြာရည်နည်းနည်းထည့်ပြီး သံပုရာသီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ။ အချိုမှုန့်၊ ဆား နဲ့ သကြားတွေကို အပေါ့အငန်မြည်းပြီး ထည့်လိုက်ရင်တော့ဖြင့် ဆော့စ့်လေးရသွားပြီပေါ့။ ဆော့စ့်ရသွားရင်တော့ ခုနက ရေစစ်ထားတဲ့ အပ်မှိုတွေကို ပန်းကန်ထဲထည့်ပြီး အပေါ်ကဆော့စ့် လောင်းချလိုက်ရင်ဖြင့် ချိုချဉ်ငန်စပ် ယိုးဒယားအပ်မှိုထောင်းကို စားလို့ရပါပြီလို့။
Related article >>> ဟင်းသီးဟင်းရွက်တွေကို အမျိုးအစားလိုက်ပြီး မှန်မှန်ကန်ကန် ဆေးကြောမယ်..
ဒါတင်ပဲလားဆိုတော့ စေတနာပိုတဲ့ အက်မင်က အပ်မှိုမုန့်နစ်ကပ်ကြော်လေးကိုပါ ထည့်ရေးပေးဦးမယ်လေ။ အရမ်းလွယ်ပါတယ်။ အပ်မှိုကိုရေဆေး၊ အမြီးဖြတ် တစ်စုစီခွဲပြီး ရေပြန်စစ်ထား။ ရွှေလိပ်ပြာ အကြော်မှုန့်ကိုရေဖျော်ပြီး ဆီဆူလာအောင် စောင့်နော်။ ဆူလာတဲ့အချိန်မှာတော့ အပ်မှိုကို မုန့်နှစ်ထဲနှစ်ပြီး ရွှေညိုရောင်သမ်းလာတဲ့အထိ ကြော်ပါ။ ပြီးရင် အဲ့ဒီ အကြော်လေးတွေရဲ့ အပေါ်မှာ ဆားနဲ့ ငရုတ်ကောင်းလေး နည်းနည်းဖြူးလိုက်ပြီးရင်တော့ သုံးဆောင်လို့ရပါပြီရှင်။ ယောင်းတို့ လုပ်စားပြီးသွားရင်လည်း ပုံလေးတွေနဲ့ လာမန့်ပေးဦးနော်။ အရသာကတော့ ရုံးလာပို့မြည်းခိုင်းလည်း စိတ်မဆိုးပါဘူးလို့။ 😛
Hnin Ei Oo (For Her Myanmar)
Photo Credit : www.timeoutdubai.com