ဆာဂျရီအမှားများ

ကြိုက်လွန်းလို့ ကိုယ့်အိုင်ဒေါနဲ့တူအောင်ခွဲစိတ်လိုက်ပေမယ့်……

ယောင်းတို့ရေ.. အခုတလော အင်တာနက်မှာ ခေတ်စားလာတဲ့ ၁၉ နှစ်အရွယ် အီရန်နိုင်ငံသူ Sahar Tabar အကြောင်းသိပြီးပြီလား။ သူ့ရဲ့အိုင်ဒေါ အိန်ဂျလီနာဂျိုလီနဲ့ တူအောင်လို့ ပလတ်စတစ်ဆာဂျရီပေါင်း ၅၀ ကျော်လုပ်ခဲ့တယ်ဆိုပြီး နာမည်ကြီးလာပါတယ်။ ဒါပေမဲ့ အချို့သူတွေကတော့ သူ့ရဲ့ ဓါတ်ပုံတွေအရ ပလတ်စတစ်ဆာဂျရီ လုပ်တဲ့ပုံနဲ့ မတူဘူးလို့ပြောပါတယ်။ လူတွေဖန်တီးထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအတုတွေကိုသုံးပြီး လူတွေစိတ်ဝင်စားအောင် လုပ်တယ်ဆိုပြီး ဝေဖန်ခံရပါသေးတယ်။ ဆာဂျရီလုပ်တယ်ဆိုတာ မှန်တယ်ဆိုရင်တောင် သူ့ဆာဂျရီ မအောင်မြင်ဘူးလို့ပဲ ပြောရမှာပေါ့။ ဘာလို့လဲဆိုတာကိုတော့ အောက်က ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်ပုံက Sahar ဖြစ်ပြီး ညာဘက်ပုံက Jolie ပါ။

ဒါကတော့ လက်တလောသတင်းပေါ့။ သူ့လိုမျိုးပဲ နာမည်ကြီးတွေနဲ့ တူချင်လို့ ဆာဂျရီလုပ်ခဲ့တဲ့ လူတွေရှိပါသေးတယ်။

သူကတော့ အာဂျင်တီးနားလူမျိုး Fran Mariano ပါ။ တူချင်တဲ့ နာမည်ကြီးကတော့ Ricky Martin ပါတဲ့။ ယောင်းတို့ American Crime Story ဆိုတဲ့စီးရီးကို သိကြမလားမသိဘူး။ Ricky Martin က အဲ့ စီးရီးမှာ ပါဝင်တဲ့ နာမည်ကြီး သရုပ်ဆောင်ပါ။ Fran ဟာ Ricky နဲ့တူဖို့ ဆာဂျရီ ၆ ကြိမ်လုပ်ခဲ့ပါတယ်။ ဆာဂျရီလုပ်အပြီးမှာ ဘာဖြစ်သွားလဲဆိုတာကိုတော့ အောက်ကပုံမှာ ကြည့်နော်။ ဘယ်ဘက်မှာတော့ Ricky ဖြစ်ပြီး ညာဘက်က Fran ပါ။

 

Related article >>> အရုပ်နဲ့တူသွားအောင် မိတ်ကပ်လိမ်းကြည့်ကြမလား

နောက်တစ်ယောက်ကတော့ Brittany Forster ဆိုတဲ့ အမျိုးသမီးပါ။ သူကတော့ Kylie Jenner ရဲ့ ဖန်အကြီးစားပေါ့။ Kylie ကိုတော့ ယောင်းတို့သိကြမယ်ထင်ပါတယ်။ ကိုယ်ပိုင်ကော်စမတ်တစ်တံဆိပ်ရှိတဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက်ပါ။ သူ့ရဲ့ မျက်နှာမှာ စွဲဆောင်မှုအရှိဆုံးက နှုတ်ခမ်းဆိုတာတော့ ငြင်းစရာမရှိပါဘူး။ Brittany ကလည်း Kylie ရဲ့ နှုတ်ခမ်းကို အားကျလွန်းလို့ အသေးစားခွဲစိတ်မှုနဲ့ ဆေးထိုးပြုပြင်မှုတွေလုပ်ခဲ့ပါတယ်။ Kylie ကလည်း သဘာဝနည်းနဲ့ ဒီလိုနှုတ်ခမ်းမျိုးရတာမဟုတ်ဘူးဆိုတာကို Brittany မေ့သွားတယ်ထင်တယ်။ ဒီဆာဂျရီက တကယ်ပဲ အောင်မြင်သွားလားဆိုတာတော့ အောက်ကပုံမှာ ကြည့်လိုက်နော်။ ညာဘက်က Kylie ဖြစ်ပြီး ဘယ်ဘက်က Brittany ပါ။

 

နောက်တစ်ယောက်ကတော့ ခပ်ဆန်းဆန်းပဲ ယောက်ျားလေးဖြစ်ပေမဲ့ အမျိုးသမီးစတားတစ်ယောက်နဲ့ တူချင်လို့ဆာဂျရီလုပ်ခဲ့တာတဲ့။ အသက်နှစ်ဆယ့်လေးနှစ်အရွယ် Jordan James Parke တူချင်တဲ့ နာမည်ကြီးကတော့ Kim Kardashian ပါ။ သူက တော်တော်လေးတော့ ဆွဲဆာင်မှုရှိတယ်နော်။ ကဲ ဒီကောင်လေးရဲ့ ဆာဂျရီအောင်မြင်သွားသလားဆိုတာကိုတော့ အောက်မှာကြည့်လိုက်နော်။ ညာဘက်က Jordan ပါ။ ညာဘက်က Kim ပါ။

အက်ဒ်မင်တော့ ဒါတွေကိုရှာဖွေကြည့်ရင်းနဲ့တင် တော်တော်လန့်သွားတယ်။ အိုင်ဒေါတွေကို ကြိုက်လို့မရတာ မဟုတ်ဘူး။ ရပါတယ် ကြိုက်ပါ။ အက်ဒ်မင်ကိုယ်တိုင်ကလည်း fan girl အကြီးစားပါ။ fan တွေရဲ့ ခံစားချက်ကိုနားလည်ပါတယ်။ ဒါပေမဲ့ အချို့သောသူတွေဟာ ကိုယ်သဘောကျတဲ့လူ၊ အားကျရတဲ့လူတွေနဲ့ တူလာရင် သူတို့ကိုလူတွေလေးစားသလို၊ အားကျသလို ကိုယ့်ကိုလည်း အားပေးကြမှာဆိုတဲ့ အတွေးတွေဝင်လာကြတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှု လျော့လာကြတယ်ဆိုတာ သူတို့သတိမထားမိကြဘူး။ ကိုယ်ဟာ “ကိုယ်” ဆိုတာကို လက်မခံချင်ကြတော့ဘဲ အခြားလူတစ်ယောက်ဖြစ်အောင်ကြိုးစားကြရင်းနဲ့ “ကိုယ်” ဆိုတဲ့ ဖြစ်တည်မှုကို အလေးမထားစွန့်ပစ်လိုက်ကြတယ်။ အက်ဒ်မင်အကြံပေးချင်တာက ကိုယ်ချစ်တဲ့အိုင်ဒေါကို လေးစားအားကျတယ်ဆိုရင် သူ့ရဲ့ကြိုးစားမှုကို အတုယူပါ၊ သူ့ရဲ့ စိတ်ဓါတ်ကိုအတုယူပါ။ အိုင်ဒေါတစ်ယောက်ကို အတုယူပြီး လူတော်တစ်ယောက်ဖြစ်လာရင် ကိုယ့်အိုင်ဒေါလည်း ဂုဏ်ရှိတယ်မလား။ အတုယူမှန်ကြပါစေ!!

Reference

Mirror.co

Latina

Huffington

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤