ဘာသာစကားအသစ် သင်တော့မှာလား

 

ဘာသာစကားအသစ် တတ်တာတော့ ကောင်းတာပေါ့နော်၊ ဒါမယ့် အကုန်အကောင်းချည်းပဲလားဆိုတော့…

ယောင်းတို့ရေ ဘာသာစကားအသစ် သင်ယူရခြင်းရဲ့ ကောင်းကျိုးတွေကို အက်ဒမင်တစ်ခါပြောခဲ့ဖူးပါပြီ။ ဒီလိုမျိုး ဘာသာစကားတစ်ခုထက် ပိုသင်ယူခြင်းက ယေဘုယျအားဖြင့် ကောင်းကျိုးတွေအများကြီး ရှိနေပေမယ့်၊ ဘာသာစကားအသစ်တစ်ခုကို အခုစပြီးသင်တော့မယ်ဆိုရင်တော့ ယောင်းအတွက်ကောင်းကျိုး ဘယ်လောက်ရမလဲဆိုတာကို စဉ်းစားသင့်ပါတယ်လို့ ပြောချင်ပါတယ်။

ဟဲဟဲ ဒီအက်ဒမင် စကားကိုရှုံ့ချည်နှပ်ချည်နဲ့လို့တော့ အပြစ်တင်မစောလိုက်ပါနဲ့ဦး။ အက်ဒမင်ပြောချင်တာက ဘာသာစကားသင်တာ ကောင်းတယ်ဆိုပေမယ့် ယောင်းရဲ့အခြေအနေအရ ကောင်းကျိုးများလား၊ ဆိုးကျိုးများလားစဉ်းစားပါလို့။ ဥပမာပြောရရင်ယောင်းရယ် ယောင်းက အင်္ဂလိပ်စာကို ပိုကျွမ်းကျင်ချင်တယ် ဆိုပါစို့။ အဲ့ဒီမှာ အင်္ဂလိပ်စာကို တစိုက်မတ်မတ်သင်ယူမယ်ဆို ဒါကောင်းတယ်ပေါ့ကွယ်။

ဒါပေမယ့် အင်္ဂလိပ်စာလဲတတ်ချင်၊ တရုတ်စာလေးကိုလဲ မြည်းစမ်းချင်၊ ဂျပန်စာကလဲ အခုပေါ်ပြူလာဖြစ်နေတာ သင်ကြည့်လိုက်ဦးမယ်ဆိုတာမျိုးဆိုရင်တော့ မကောင်းဘူးပေါ့။ မယုံမရှိနဲ့ယောင်းရေ အဲ့လိုလူတွေတကယ်ရှိတယ်။ အနီးဆုံးကိုကြည့်မလား။ ယောင်းတို့ရဲ့ အက်ဒမင်… အီဖေကိုယ်လေ ဟဲဟဲ။

Related article >>> ဘာသာစကားတစ်ခုခုကို လွယ်လွယ်နဲ့မြန်မြန်တတ်စေဖို့

အခုလဲ အက်ဒမင်ကို ကိုယ်ကိုယ်တိုင်ရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ဘာသာစကားအသစ်တစ်ခု သင်တော့မယ်ဆို စဉ်းစားရမယ့်အချက်တွေ ပြောပြပေးပါ့မယ်။ အဲ့ဒါသုံးချက်ရှိပါတယ်။

၁) တကယ်တတ်ချင်တာလား။ ဒါကအရေးကြီးပါတယ် တတ်ချင်စိတ်မရှိလို့ကတော့ ဘယ်လောက်ကြာအောင် သင်သင် တတ်မှာမဟုတ်ပါဘူး။

၂) ဘာဖြစ်လို့သင်ချင်တာလဲ။ တကယ်လိုတာလား။ ကိုယ့်အလုပ်အကိုင်အတွက် လိုနေလို့လား။ စာဆက်သင်ဖို့အတွက် လိုတာလား။ မလိုအပ်တဲ့ ဘာသာစကားတစ်ခုကိုတော့ အချိန်တွေအရမ်းပိုနေမှ သင်ဖို့စဉ်းစားသင့်ပါတယ်။

၃) အချိန်ရောရှိရဲ့လား။ အချိန်ပေးချင်ရဲ့လား။ ခုနပြောသလိုပါပဲ ဘာသာစကားတစ်ခုသင်တယ်ဆိုတာ သုံးလနဲ့ပြတ်လို့ရတဲ့ဘာသာ တစ်ခုမှမရှိပါဘူး။ နှစ်ရှည်လများ စွဲပြီး တတ်သည်ထိသင်ဖို့ အချိန်ပေးနိုင်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။

အက်ဒမင့်အတွေ့အကြုံအရတော့ အက်ဒမင်ဟာအင်္ဂလိပ်စာကို ၁၇-၁၈နှစ်လောက်ကတည်းက သေချာဖိဖိစီးစီးစလုပ်ပါတယ်။ အခုနှစ်ဆယ့်ငါးကျော်လာတဲ့အချိန်ကျမှ ကိုယ့်ကိုယ်ကိုယ် fluent speaker – အင်္ဂလိပ်စာ ကျွမ်းကျင်စွာပြောနိုင်သူအဖြစ် ခေါ်ရဲပါတယ်။ အက်ဒမင် တရုတ်စာကို နှစ်နှစ်သင်ခဲ့ဖူးပါတယ်။ စိတ်သိပ်မပါတော့ အခုအချိန်မှ နားလည်နိုင်ရုံပဲရှိပြီး ပြောလဲမပြောတတ်၊ ရေးဖို့ဖတ်ဖို့ဆိုတာ ဝေးရောပဲ။ အခုမှ အလုပ်သဘောအရလိုလာတော့ နောင်တတွေရပြီး ပြန်သင်နေပေမယ့် အချိန်မပေးနိုင်တော့တာမို့ ထင်သလောက် စိတ်မရောက်ပါဘူး။

ဒါကြောင့်မို့ ယောင်းတို့တွေ ဘာသာစကားတစ်ခုကို သင်မယ်ဆို စိတ်နှစ်သင်နိုင်မှ သင်ဖို့စဉ်းစားသင့်တယ်လို့ ပြောပါရစေ။ ဘာလို့လဲဆိုတော့ ဘာသာစကားသင်တန်းတွေက ဈေးမသေးပါဘူး။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပြီး တကယ်မတတ်ရင် အရမ်းနှမြောဖို့ကောင်းပါတယ်။

Related article >>> အင်္ဂလိပ်လိုကျွမ်းကျင်ဖို့ စကားပြောသင်တန်းတွေ ဈေးကြီးပေး တက်ဖို့လိုသလား

တစ်ခုတော့ရှိတယ်ယောင်းရေ… အခုဆို အင်္ဂလိပ်စာသာမက တရုတ်စာ၊ ဂျပန်စာနဲ့ တခြားတခြားသော ဘာသာစကား သင်တန်းတွေလဲ မှိုလိုပေါက်၊ အင်တာနက်ကသင်မယ်ဆိုလဲ ဖြစ်နေပြီလေ။ ဒီလိုဆိုတော့ ဒုတိယဘာသာစကား၊ တတိယဘာသာစကားသင်ချင်တဲ့ ယောင်းတို့အတွက် ပိုက်ဆံအကုန်ခံပြီး သင်တန်းတွေတက်မယ့်အစား အင်တာနက်က သင်ခန်းစာတွေ ရှာပြီး အဲ့ဘာသာကို မြည်းစမ်းကြည့်မယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။ ဒါတောင် အချိန်ပေးရမယ်နော်။

အက်ဒမင်လဲ ဒီလိုပဲသင်နေတာပါ တစ်နေ့ကို နာရီဝက်ရနာရီဝက်၊ တစ်နာရီရတစ်နာရီ ဗီဒီယိုတွေကြည့် podcast တွေနားထောင်ပြီး ကိုယ့်တရုတ်စကေးကို ပြန်မြှင့်ဖို့ ကြိုးစားနေပါတယ်။ ကြာတော့ကြာတယ်ပေါ့ ဒါပေမယ့် စိတ်အားထက်သန်မှု ရှိမယ်ဆိုရင်တော့ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အက်ဒမင်ယောင်းတို့ကို ပြောချင်တာလေးကတော့ ဘာသာစကားအသစ်သင်တာကောင်းပါတယ်။ သင်ဖို့အဆင်သင့်ဖြစ်နေဖို့၊ တတ်ချင်စိတ်ပြင်းပြဖို့ လိုတယ်ဆိုတာလေးကိုပါ။ ယောင်းတို့တွေဟာ ထက်မြက်တဲ့မိန်းကလေးတွေမို့ ဖြစ်မြောက်မယ်ဆိုတာတော့ အက်ဒမင်ယုံပါတယ်။

Khine (For Her Myanmar)

Ref: Telegraph | Guardian

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။