ကိုယ့်ချစ်သူကောင်လေးရဲ့ အတိတ်အကြောင်းကို လိုက်စုံစမ်းကြည့်သင့်လား…..

ငါ့ရဲ့အတိတ်ကတော့ ရှင်းရှင်းလင်းလင်းပဲ… ရည်းစားဟောင်းလည်း လက်ချိုးရေလို့ရသလို၊ သူတို့နဲ့ ဆက်ဆံမှုကလည်း ကင်းကင်းရှင်းရှင်းပဲ။ သူကကော ငါ့လိုမျိုးကင်းရှင်းပါ့မလား…. ရည်းစားဟောင်းတွေဘယ်လောက်တောင်များခဲ့မလဲ…. ဟူး… 

ဒီလိုအတွေးတွေ ဝင်တတ်တဲ့ ကိုယ်တို့မိန်းကလေးတော်တော်များများက အပေးအယူသဘောကို သိပ်ပြီးအသုံးချတတ်တယ်ဆိုတာ ယောင်းတို့သတိထားမိကြရဲ့လား….. အပေးအယူသဘောတွေဆိုတာကို အက်မင်နည်းနည်းဥပမာပေးပြမယ်နော်…

  • ငါကတော့သူ့ကို သူ့သူငယ်ချင်းတွေရှေ့မှာ ဒီလောက်ချစ်ပြလိုက်ရတာ သူကျတော့ငါ့သူငယ်ချင်းတွေရှေ့မှာ ငါ့ကိုတောင်အဖက်မလုပ်တော့ဘူး။
  • သူ့မိဘတွေကိုတော့ သူမလွန်ဆန်နိုင်ဘူး ငါ့ကျတော့ ငါ့မိဘတွေကိုလိမ်ပြီး သူနဲ့တွေ့ဖို့ကြိုးစားရတယ်။

စတဲ့ အတွေးလေးတွေက အပေးအယူသဘောကိုဆောင်နေတယ်နော် ယောင်းတို့။ သူကြင်မှ ကိုယ်ကြင်မယ် ဆိုတာ စာအုပ်ထဲ၊ ဝတ္ထုထဲမှာပဲ အလုပ်ဖြစ်တာပါ။ တကယ့်အပြင်မှာ အဲ့လို နင်ဒါမလုပ်ပေးလို့ ငါလည်းနင့်ကိုဒါမလုပ်ပေးနိုင်ဘူးဆိုပြီး လုပ်လို့ကော ကိုယ့် ပါတနာက သြော်… မလုပ်ပေးလိုက်ရလေခြင်း… ဆိုပြီး နောင်တအထပ်ထပ်ရ၊ လာတောင်းပန်၊ ဒူးထောက်လုပ်မယ်မထင်နဲ့ ယောင်းရေ…. ဒါပေမဲ့ ကံကောင်းတာက ဒီလိုကိစ္စလေးတွေမှာ အပေးအယူသဘောကို “အပြန်အလှန်ဖြည့်ဆည်း” ပေးတယ်လို့ ခေါင်းစဉ်လွှဲချလိုက်လို့ ရပေမယ့် အပေါ်ကလို အတိတ်အကြောင်းအရာတွေအတွက်တော့ သိပ်ကိုဖြေရှင်းရခက်တဲ့ ပုစ္ဆြာဖစ်သွားမယ်နော်….

ဒါဆို ကိုယ့်ချစ်သူကောင်လေးရဲ့ အတိတ်အကြောင်းကို စုံစမ်းသင့်သလား…. ဆိုတဲ့ မေးခွန်းလေး မေးစရာရှိလာမယ်…

Related Article >>> ခက်ခဲတဲ့နေ့တွေကိုအတူကျော်ဖြတ်ကြမယ်

YES… စုံစမ်းသင့်တာပေါ့

ကိုယ်တရားဝင်တွဲထားတဲ့ ချစ်သူဖြစ်တဲ့အတွက် ကိုယ့်အသိုင်းအဝိုင်းထဲ သူဝင်ရမယ်၊ အပြင်သွားလို့ ကိုယ်မပါရင်တောင် သူ့ကို ကိုယ်မပါဘူးလားဆိုပြီး မေးကြမှာလေ… ကိုယ့်ရဲ့ Image ကသူ့ကိုဟပ်သလို၊ သူ့ရဲ့ Image ကလည်း ကိုယ့်ကိုလာဟပ်တာ ဖြစ်တဲ့အတွက် သူ့နောက်ကြောင်းက ကောင်းရဲ့လား စုံစမ်းရမှာပဲ… ဘာဖြစ်လို့လဲဆိုတော့ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ထားလို့ပါ… (ဒီနေရာမှာ အပျော်တွဲတဲ့ စုံတွဲတွေကို မရည်ညွှန်းပါဘူးနော်)

စုံစမ်းပြီးပြီ၊ သိသင့်သလောက်လည်းသိပြီးပြီဆို…. မေ့လိုက်ပါ။

 

ဒါဟာ relationship တစ်ခု ခိုင်မြဲဖို့ရာ တစ်ခုသော သော့ချက်ဖြစ်ပါတယ်။ မမေ့ဘဲနဲ့ ဒီလူကို သူ့အတိတ်နဲ့ ပတ်သက်ပြီး ခဏခဏ ခနဲ့မယ်၊ ရွဲ့မယ် ဆိုလို့ကတော့ မကြာခဏရန်ဖြစ်ကြပြီး နှစ်ဦးနှစ်ဘက် စိတ်မချမ်းမသာနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ဘယ်သူ့မှလည်း ထုတ်မပြော၊ တစ်ယောက်တည်း ကြိတ်မှိတ်ခံစား၊ စိတ်ဆင်းရဲဖို့ဟာလည်း မတန်ပါဘူးယောင်းတို့ရယ်…. မတန်ဘူးဆိုတာ… ပျော်ရွှင်နေရတဲ့ လက်ရှိကာလလေးမှာ ပြီးဆုံးသွားတဲ့ အတိတ်ကအဟောင်းတွေနဲ့ တဖန်ပြန်လည် ဝင်ရောက်မစွက်ဖက်စေချင်တော့ဘူး၊ ပျော်ရွှင်ချိန်လေးတွေနဲ့ မလဲနိုင်ဘူး၊ မတန်ပါဘူး… နော်။ ကိုယ့်ချစ်သူကလည်း ကိုယ်နဲ့တွေ့တဲ့ အချိန်ကစပြီး ကိုယ့်အပေါ်ကောင်းမွန်၊ သစ္စာရှိတယ်ဆိုရင် အတိတ်အကြောင်းကို ဘာမှကြည့်နေစရာမလိုတော့ဘူး။ လက်ရှိဘဝလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့သာ ဖြတ်သန်းပါ… တန်ဖိုးရှိပါတယ်။

ဒီတော့ အက်ဒ်မင်အကြံပေးချင်တာက….

  • ချစ်သူရဲ့ အတိတ်အကြောင်းကို သိထားသင့်တယ်လို့ ထင်ရင်… ယောင်းတို့ ကိုယ့်ကိုယ်ကို အရင်သုံးသပ်ပါ၊ ယောင်းက အငြိုးအတေးကြီးတဲ့သူလား… ဒါမှမဟုတ် အေးအေးဆေးဆေး အရာရာတိုင်းကို ဖြတ်သန်းတဲ့သူလား။ အငြိုးအတေးကြီးတယ်ဆိုရင်တော့ မစုံစမ်းနဲ့နော်၊ မသိတာအကောင်းဆုံးပဲ….
  • ကိုယ်လည်းမစုံစမ်းရပါဘဲနဲ့ တစ်ဆင့်စကားတွေကြောင့် သိခဲ့ရတယ်ဆိုရင်လည်း ကြိုးစားပြီးမေ့ပါ။ မေ့ဖို့ခက်မယ်ဆိုတာ သိပါတယ်… ဒီတော့ အခုလက်ရှိဘဝကိုပဲ ကြည့်ပါ၊ အာရုံစိုက်ပါ၊ သူကိုယ့်ကို အခုချစ်နေတယ်၊ ကိုယ့်ဘေးမှာပဲ သစ္စာရှိရှိ ချစ်နေတယ်ဆိုတာလေး တွေးပါ။ ကိုယ်က သူ့ရဲ့ အခုလက်ရှိချစ်သူပါ… အတိတ်ဆိုတာ ပြီးခဲ့တဲ့ အဟောင်းတွေပါ။ ကိုယ်ဟာသူ့ရဲ့ လူသစ်၊အချစ်သစ်ပါ… စသဖြင့် နှလုံးသွင်းပေးရင် ဖုံးနေတဲ့အမှောင်စိတ်တွေဟာ တဖြည်းဖြည်း အလင်းရလာပြီး ပျော်ရွှင်မှုတွေပြန်လည် သယ်ဆောင်ပေးပါလိမ့်မယ်နော်။

    မေ့ပစ်ပါ။
  • ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ၊ ကိုယ့်ချစ်သူရဲ့ ဘယ်ရည်းစားဟောင်းနဲ့မှ ကိုယ့်ကိုယ်ကိုယ် မယှဉ်ပါနဲ့။ လိုက်တုပြီးလည်း မလုပ်ပါနဲ့။ ကိုယ့်ချစ်သူက ကိုယ့်ရဲ့ဖြစ်တည်မှုကို ရွေးခဲ့ပြီးပြီပဲ… ဒါသူ့ဘဝအတွက် သူလိုချင်တဲ့ နောက်ဆုံးပုံစံလေးဖြစ်လို့ပေါ့။ ဥပမာ.. ကိုယ့်ချစ်သူရဲ့ အရင်ရည်းစားဟောင်းက မိတ်ကပ် အရမ်းပြင်တယ်ဆိုတိုင်း ယောင်းတို့ လိုက်ပြင်စရာမလိုပါဘူးနော်… ဒီတော့ “Be Yourself” ပါ ယောင်းတို့။
ကိုယ်ဟာ ကိုယ်ပဲဖြစ်ပါစေ

ကဲ… တဖန်ပြန်မေးစရာ ဖြစ်လာပါပြီ….

ကိုယ့်ချစ်သူကောင်လေးရဲ့ အတိတ်အကြောင်းကို စုံစမ်းသင့်သလား…..

ဒီတစ်ခါ အက်မင်ကတော့ “No” ပါလို့

ချောတီးပဲ နိုးဘာ :3

ကိုယ့်ရဲ့လက်တွဲဖော်လေးနဲ့ သံသယကင်းရှင်းစွာ လက်ရှိအခြေအနေလေးကိုပဲ အာရုံစိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ချစ်နိုင်ကြပါစေလို့ ဆိုတောင်းပေးရင်း…….

Youth Thu (For Her Myanmar)