ယောင်းတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မြှင့်တင်ပေးမယ့် သူတို့ရဲ့ စကားတွေ

ယောင်းတို့ရဲ့ ခံယူချက်ကလေးတွေကရော? 

အက်မင်တို့ရဲ့ ပျိုမေတို့ကမ္ဘာက ယောင်းတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (self-confidence) ကို မြှင့်တင်ပေးဖို့ ရည်ရွယ်ရင်း ဆောင်းပါးတွေ အများကြီးရေးပေးနေတယ်ဆိုတာ ယောင်းတို့လည်းသိမှာပေါ့နော်။ ဒီနေ့မှာတော့ နိုင်ငံတကာက ပြည်သူချစ်အနုပညာရှင်တွေက ပြောခဲ့တဲ့ ယောင်းတို့အတွက် အားအင်ဖြစ်စေမယ့် စကားစုတွေကို စုဆောင်းဖော်ပြလိုက်ပါတယ်နော်…

Emma Watson ဆိုတာ ဟယ်ရီပေါ်တာမင်းသမီးလေး Hermione လေ။ သူ(မ)ကိုယ်တိုင်က အရမ်းစိတ်ဓာတ်ခိုင်မာတဲ့သံတမန်လေး ဖြစ်နေတဲ့အပြင် သူများတွေကိုလည်း စိတ်ဓာတ်တက်ကြွအောင် မြှင့်တင်ပေးနိုင်တဲ့ နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒီဆောင်းပါးလေးထဲမှာတော့ သူ(မ)ရဲ့ စကားစုတွေ အများကြီးထဲမှာမှ သူ့ကိုယ်သူ ယုံကြည်မှုပြင်းထန်နေတယ်ဆိုတာကို အထိရောက်ဆုံးဖော်ပြပေးထားတဲ့ ‘ကျွန်မကို ဘာပါလို့ အခြားလူတွေ ဆုံးဖြတ်ကြတာကို မလိုအပ်ပါဘူး။ အဲဒါက ကျွန်မကိုယ်တိုင်ပဲ ဆုံးဖြတ်ချင်တဲ့အရာပါ’ လို့ ဆိုထားတဲ့ စကားလေးကို ယောင်းတို့အတွက် ဖော်ပြပေးထားပါတယ်။ ဒါလည်း မှန်ကန်တဲ့ စကားတစ်ခုပဲ မဟုတ်ဘူးလား? ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်ကိုယ်တိုင် ဆန်းစစ်ရမှာပဲလေ.. ကိုယ်က ဘာပါဆိုတာ ကိုယ့်ရဲ့ လုပ်ရပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်တွေက အဆုံးအဖြတ်ပေးသွားတာပါပဲ။ 

Emma Watson’s quote

အခုတလော အရမ်းနာမည်ကြီးနေတဲ့ 13 reasons why (Season 2) ဇာတ်ဝင်သီချင်း Back to you ကိုသီဆိုထားပြီး မကြာသေးခင်ကမှ lupus ရောဂါကနေ ပြန်ရုန်းထွက်လာနိုင်တဲ့ ကမ္ဘာကျော် အဆိုတော်မလေး Selena Gomaz ကတော့ ‘ကျွန်မကို ရိုက်ချခဲ့တဲ့လူတွေကို ကျွန်မကတော့ ပိုကောင်းတဲ့နေရာကို တက်လှမ်းနိုင်ဖို့ သတ္တိတွေပေးတဲ့လူတွေလို့ပဲ  သတ်မှတ်တယ်’ လို့ပြောသွားခဲ့ပါတယ်။ လဲကျနေလည်း ပြန်ထမယ့် အာဂအမျိုးသမီးလေးပါလားနော်။ (ပေါ့သေးသေးတော့ မဟုတ်ဘူး)

Selena Gomez’s quote

‘ကျွန်တော်အမြင့်မရောက်ချင်ဘူးဆိုတာ ကျွန်တော်မတက်ချင်လို့ပဲ ဖြစ်မယ်လို့ ကျွန်တော်တော့ ထင်တယ်။’ ဆိုတာတော့ Justin Bieber ရဲ့ စကားပေါ့နော်…အောင်မြင်မှုအပေါ်ထားတဲ့ သူ့သဘောထားဟာ အရမ်းရိုးရှင်းကြောင်း အောင်မြင်မြင် မမြင်မြင်ဂရုမစိုက်တဲ့အကြောင်း ပြောပြသွားတာလည်း သူ့ကိုယ်သူ ဘယ်အခြေအနေပဲရောက်နေပါစေ လက်ခံပါတယ် ဆိုတဲ့အကြောင်းကို ဒဲ့တွေကစ်ချသွားတာ။ (ဒါမှ တို့ကိုကိုကွ။)

Justin Bieber’s quote

 

 

 

 

 

 

 

 

 

 

Related Article >>> သူတို့အောင်မြင်သလို ငါတို့ဘာလို့ မအောင်မြင်ရတာလဲ

‘ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းက ပထမဆုံးကြုံရမယ့် အချစ်ဇာတ်လမ်းလေးပါပဲ’ လို့ သူများကိုမချစ်ခင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့မေ့နေတဲ့ ယောင်းတွေကို သတိပေးသွားတာတော့ အဆိုတော်မလေး Zara Larsson ပါ။ (ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှ သူများကိုလည်း ချစ်တတ်မှာပေါ့ ဆိုတဲ့အဆိုကို စာတစ်ကြောင်းထဲနဲ့ မီးမောင်းထိုးပြသွားတယ်။ သိပ်မိုက်။)

Zara Larsson’s quote

Camp Rock မင်းသမီးလေး Demi Lovato ကိုလည်း အရမ်းချစ်စရာကောင်းပြီး သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေတဲ့ အဆိုတော်မလေး တစ်ယောက်လို့ သိကြမှာပါ။ သူ(မ)ရဲ့ခန္ဓာကိုယ်အကြောင်းကို ဝေဖန်လာတဲ့လူတွေအပေါ် တုန့်ပြန်လိုက်ပုံက ‘ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ရဖို့အတွက် ကျွန်မရဲ့စိတ်ကို စတေးပစ်မှာမဟုတ်ပါဘူး’ တဲ့။ (ဝဝပိန်ပိန် သူမက သူမပါပဲလို့ တိတိကျကျပြတ်ပြတ်သားသား ပြောသွားလို့ အက်မင်ကတော့ သိပ်သဘောကျမိပြီလေ။)

Demi Lovato’s quote

သိပ်လှတဲ့ ကမ္ဘာကျော်အဆိုတော်မလေး Shakira ကလည်း ‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေတာထက် ပိုကောင်းတဲ့မိတ်ကပ်မရှိပါဘူး’ လို့ သူမရဲ့အလှအပလျှို့ဝှက်ချက်ကို ပြောပြပေးသွားပါတယ်။ (အက်မင်ကတော့ ဘယ်သွားသွား မျက်ခုံးလေးတော့ ဆွဲလိုက်ရမှ။ နောက်ဆို မိတ်ကပ်မပါဘဲ မျက်နှာပြောင်နဲ့တောင် သွားရဲလာရဲတဲ့အထိ ယုံကြည်မှုပြည့်နေအောင် ကြိုးစားရမယ်။)

Shakira’s quote

Related Article >>> သိပ်လှတာလည်း အနိစ္စပါပဲ… ၀ိတ်ကို အတင်းကြီးမချပါနဲ့လို့…

ကမ္ဘာကျော် အမျိုးသမီး rap အဆိုရှင် Nicki Manaj ကလည်း ‘တကယ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်နေတဲ့လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘာမှန်းသေချာသိတာမို့ သူများကိုမနာလိုနေဖို့တောင် အချိန်မရှိပါဘူး’ တဲ့လေ။ ကြည့်ပါဦး သူ့ကိုယ်သူ ယုံကြည်မှုတွေ ဘယ်လောက်တောင် ပြည့်နေသလဲမေး။ (သူ့ရဲ့တစ်ဝက်လောက်ရရင်ပဲ ကျေနပ်ပြီ။)

Nicki Manaj’s quote

‘ကျွန်မဝတ်ချင်တာကို ဝတ်ချင်သလိုဝတ်ပါတယ်။ ကျွန်မမဟုတ်တဲ့ လူတစ်ယောက်လို အယောင်ဆောင်ပြီး မဝင်စားတတ်ပါဘူး။’ လို့အဆိုတော် Britney Spears ကလည်း သူ(မ)ရဲ့ အရှိကို အရှိတိုင်း နေတတ်တဲ့စိတ်ထားကိုဖွင့်ဟခဲ့ပါတယ်။ နာမည်ကြီးတစ်ယောက်ဖြစ်သည့်တိုင် သူ့ဘာသာနေချင်သလိုနေမယ်လို့ ပြောနေတာက သူ့ရဲ့ပင်ကိုယ်စရိုက်ကို ကောင်းကောင်းလက်ခံမယ့် သူ့ပရိတ်သတ်တွေ အခိုင်အမာရှိနေတာကို ယုံကြည်မှုအပြည့် ရှိနေတဲ့ပုံပါပဲ။ (အက်မင့်ကိုရော ဘာရေးရေးချစ်မှာလား ပြော :P)

Britney Spears’s quote

ပုရိသအပေါင်းကို ဆွဲဆောင်နိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပြီး အောင်မြင်မှုသရဖူကို အခုထိဆောင်းထားနိုင်တဲ့ Jenifer Lopez ကတော့ ‘ကျွန်မခန္ဓာနဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက မကောင်းတဲ့အမြင်မရှိခဲ့ပါဘူး။ အရင်ကတည်းက အံဝင်ခွင်ကျဖြစ်နေခဲ့ပါတယ်’ တဲ့။ ဆိုလိုတာက အခုလိုအရာရာပြည့်စုံနေမှ ယုံကြည်မှုပြည့်နေတာမဟုတ်ဘဲ အရင်ဘာမှမဟုတ်တဲ့ အခြေအနေကတည်းက ယုံကြည်မှုအပြည့်နဲ့ နေနိုင်ခဲ့တယ်ပေါ့။

Jennifer Lopez’s quote

ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲတမ်း ရှေ့ပြေးနေတဲ့ Paris Hilton ကတော့ သူမရဲ့ အလှအပ လျှို့ဝှက်ချက်ကတော့ တန်ဖိုးကြီး အဝတ်အစားတွေ ဝတ်မှလှနေတယ်လို့ ခံစားရတာမဟုတ်ဘဲ အချိန်တိုင်း သူ့ကိုယ်သူ ဘာဝတ်ဝတ် လှနေတယ်လို့ ခံစားပြီး ဝတ်စားတာပါတဲ့။ ‘ဒီအမျိုးသမီးက ဘာပဲဝတ်ထားဝတ်ထား သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိနေရင်တော့ သူမက ဆွဲဆောင်မှုရှိတာပါပဲ’ တဲ့။ (ဒီနေ့ကစပြီး ရုံးက အယ်ဒီတာမမလို ညဝတ်အင်္ကျီနဲ့လည်း အပြင်သွားတော့မယ် :P)

အခုနှင်းဖော်ပြပေးခဲ့တဲ့ စကားစုတွေကတော့ မအောင်မြင်ခင်အချိန်ကရော အောင်မြင်ပြီးအချိန်မှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အမြဲအပြည့်ရှိနေတဲ့ ကမ္ဘာကျော်တွေရဲ့ စကားစုတွေပါ။ သူတို့ဟာ အရှိကို အရှိတိုင်း လက်ခံတတ်သူတွေဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ချစ်ပြီး သူကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ အချိန်နဲ့အမျှ တိုးတက်နေအောင် ကြံဆောင်တတ်တဲ့လူတွေဖြစ်တာမို့ မြင်ရတဲ့လူတိုင်းကို စိတ်ဓာတ်တက်ကြွစေပါတယ်။ အက်မင်ကတော့ ဒီစကားစုလေးတွေ ဖတ်လိုက်တာနဲ့ စိတ်ဓာတ်တွေ အရမ်းတက်ကြွသွားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မတရားတိုးလာတယ်။ ယောင်းတို့ရော?

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed