လူတွေကြားမှာ ရဲရင့်ထင်ပေါ်စေနိုင်မယ့် နည်းလမ်း (၅)ခု

တစ်ယောက်တည်း ခွဲနေတတ်တဲ့ ယောင်းလေးတို့အတွက် အက်ဒ်မင် လူတတ်လေး လုပ်လိုက်ပါတယ်လို့ 😛 

လက်ချောင်းတစ်ချောင်းနဲ့ တစ်ချောင်းတောင် အရှည်အတိုမညီတာ လူရယ်လို့ဖြစ်လာရင် စိတ်နေစိတ်ထားအမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုးကွဲတတ်ကြတာ သဘာဝပါပဲ။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ အစုစုနေတတ်တဲ့လူရှိသလို တစ်ဦးတစ်ယောက်ထဲ ခွဲထွက်နေတတ်တဲ့လူမျိုးလည်း ရှိတတ်ကြပါတယ်။ အထူးသဖြင့် တစ်ယောက်တည်း နေတတ်တဲ့လူတော်တော်များများက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုမှာ အေးအေးဆေးဆေးနေချင်ကြတဲ့လူမျိုးတွေပါ။ ဒီလိုအေးအေးဆေးဆေးနေတတ်တာက ပုံမှန်အသိုက်အဝန်းထဲမှာ ရှင်သန်ချင်တဲ့လူတွေဆိုရင်တော့ ဘာမှမဖြစ်ပေမဲ့ အပြင်ကမ္ဘာကိုထွက်တဲ့အချိန်မှာ အဆင်မပြေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

နှင်းကိုယ်တိုင်လည်း အရင်က တစ်ယောက်တည်း အရမ်းခွဲနေတတ်တာမို့ လူကြားထဲသွားရမှာ အရမ်းကြောက်ခဲ့တာပေါ့။ ဒါပေမဲ့ အပြင်လောကကို ထွက်မယ့် အချိန်မှာတော့ ဒီလိုအမြဲနေလို့မရတော့ဘူးလေ။ ဒါကလည်း လုံးဝပြင်လို့မရတာမျိုး မဟုတ်ပါဘူး။ ပြင်ချင်ရင်ပြင်လို့ရတာမို့ နှင်းသုံးခဲ့တဲ့ နည်းတစ်ချို့ ပြောပြမယ်နော်။ ဘာမှမလုပ်ခင် ယောင်းတို့ ပထမဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ‘ငါဟာ Anti social (လူတွေနဲ့မဆက်ဆံတတ်တဲ့လူ) ဆိုတဲ့အတွေးကိုခေါင်းထဲကအရင်ထုတ်လိုက်ရမှာပါ။

အရင်တုန်းကလေ နှင်းအခြေအနေက ဘယ်လောက်ဆိုးရွားလဲဆို အပြင်လုံးဝမထွက်ဘဲ အခန်းထဲမှာ တစ်ယောက်တည်း ထောင့်ကပ်နေတာများတယ်။ စကားတစ်စက်မှမပြောတာ့ လူတွေစိတ်ထားဘယ်လိုရှိတယ်၊ ဘာတွေဘယ်လိုဆက်ဆံရမယ်ဆိုတာ လုံးဝမသိခဲ့ဘူးလေ။ အထက်တန်းကျောင်းတုန်းကဆို တစ်တန်းတက်ရင် တစ်ခန်းမှာ သူငယ်ချင်းတစ်ယောက်ပဲရှိတော့ သူမလာရင်တခြားသူတွေနဲ့မပေါင်းတတ်၊ ကြောင်စီစီဖြစ်နေတာမျိုး၊ သူကတစ်ခြားတစ်ယောက်နဲ့ပေါင်းသွားရင် ကိုယ်ကအောင့်သက်သက်ကျန်ခဲ့တာမျိုးတွေကြုံရော။ ၁၆ နှစ်အထိဒီပုံစံကြီးနဲ့ အရွယ်ရောက်လာရာကနေ သင်တန်းကျောင်းတွေတက်လာရတဲ့အခါ ပထမဆုံးလူတွေနဲ့ ဆက်ဆံဖို့ အကြောင်းတွေဖန်လာရင်း ကိုယ်ကလည်း ပြောင်းလဲမှဖြစ်မယ်ဆိုပြီး ဒီလိုအချက်တွေကို စမ်းလုပ်ကြည့်ဖြစ်ပါတယ်။ တကယ်လည်း အသုံးတည့်တာမို့ ယောင်းတို့ကိုပါ သတိရမိတာပေါ့.. 

Related Article >>> ကိုယ်က သိုးမည်းတစ်ကောင် ဖြစ်နေတဲ့အခါ

(၁) အင်္ဂလိပ်ကျောင်းတက်နေတဲ့လူတွေနဲ့ စကားပြောပါ။

အများသောအားဖြင့် အင်္ဂလိပ်ကျောင်းတက်နေတဲ့ကလေးတွေက လူတွေနဲ့အရမ်းဆက်ဆံရတာမို့ စကားအသွားအလာအနေအထားကို သူတို့တွေဆီက လေ့လာလို့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်စာလုံးတွေ၊ စကားတွေ ညှပ်ညှပ်ပြောတာကြောင့် ကိုယ့်အင်္ဂလိပ်စာစွမ်းရည်လည်း တိုးတက်လာပါလိမ့်မယ်။ (နောက်ပိုင်းပြောရဲလာရင် အင်္ဂလိပ်စကားပြောဖက်တွေတောင် ဖြစ်လာနိုင်ပါတယ်။)

(၂) လူတွေအရှေ့မှာစကားထွက်ပြောပါ။

အမလေး လူတစ်ယောက်နှစ်ယောက်နဲ့တောင်စကားမပြောရဲပါဘူးဆိုမှ ဘယ်လိုလူတွေအများကြား ထွက်ပြောမလဲဆိုတော့ ယုံကြည်ချက်ကိုတည်ဆောက်စေချင်တာပါ။ လူအများကြား ဝုန်းကနဲထွက်လိုက်တဲ့အခါ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတတ်ပါတယ်။ ဒီဟာကိုတွေးပြီးကြောက်နေရင် ယုံကြည်ချက်တွေလဲ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် presentation (အုပ်စုဖွဲ့တင်ပြခြင်း) တွေလုပ်တဲ့အခါ ဦးဆောင်ဖို့ရှောင်နေကြရင် ကိုယ်ကသတ္တိရှိရှိထွက်ပါ။ ယုံကြည်မှုတွေတိုးလာပါလိမ့်မယ်။

(၃) သူငယ်ချင်းအသစ်တွေဖွဲ့ပါ။

နှင်းအမြဲတမ်းပြောသလိုပဲ လူအမျိုးမျိုးစိတ်အထွေထွေမို့ ပေါင်းရသင်းရ လက်ပေါက်ကပ်တဲ့လူတွေကိုလည်း စိတ်ရှည်ရှည်ထားပြီးပေါင်းကြည့်ပါ။ ကိုယ့်ရဲ့ အရင်းနှီးဆုံးလူတွေလည်း ရှိတာပေမဲ့ သူတို့ကလွဲ တခြားလူတွေနဲ့လုံးဝမပေါင်းရဘူးဆိုတာမျိုး မဟုတ်ဘူးလေ။ အကုန်လုံးကိုသိသိမသိသိ မိတ်ဆက်ပေးရင်း ကိုယ့်မှာလည်းအသိတွေတိုးလာပါလိမ့်မယ်။

(၄) မျက်နှာကိုတည်မထားပါနဲ့။

တစ်ယောက်တည်း ခွဲနေတတ်တဲ့သူတော်တော်များများက ‘နင့်မျက်နှာကြည့်ရတာ တစ်လောကလုံးနင့်လုပ်စာထိုင်စားနေသလိုပဲ’ ဆိုတဲ့ဘွဲ့ထူးဂုဏ်ထူးပိုင်ရှင်တစ်ယောက်ပါ။ အလုပ်လုပ်တဲ့အချိန် ရုံးမှာအဲ့မျက်နှာနဲ့ထိုင်နေရင် အဆင်မပြေနိုင်ဘူးလေ။ ဒါကြောင့်မျက်နှာကို မပြုံးနိုင်ရင်တောင် ရွှင်ရွှင်လန်းလန်းဖြစ်နေရင် သူများတွေလည်း ကိုယ့်ကိုကြည့်ပြီး စိတ်မဆင်းရဲတော့ဘူးပေါ့။ ကိုယ့်ရဲ့ကြည်နေတဲ့မျက်နှာလေးကြောင့် တစ်ယောက်ယောက်က ကြွေကျမသွားဘူးလို့လဲ မပြောနိုင်ဘူးလေ.. နော်..  😛 

(၅) လူကြီးတွေနဲ့လည်း စကားပြောကြည့်ပါ။

ကိုယ့်မိဘ၊ ဆွေမျိုးမဟုတ်ဘဲ တခြားဆွေမျိုးနီးစပ် အိမ်နီးနားချင်းလူကြီးတွေနဲ့ စကားပြောတဲ့အခါ ကိုယ်လုပ်ငန်းခွင်ဝင်လို့ လူကြီးတွေနဲ့ဆက်ဆံရမယ့်အချိန် အဆင်သင့်ဖြစ်နေမှာပါ။ ဒါကြောင့်လူကြီးတွေနဲ့ စကားပြောကြည့်ပါလို့ ပြောတာပေါ့.. သူတို့ဆီက အတွေ့အကြုံတွေကိုလည်း ကိုယ်က ပြန်သင်ယူနိုင်တယ်လေ.. 

ဒါလေးတွေက နှင်းကိုယ်တိုင် ပြုပြင်ခဲ့တဲ့ နည်းလမ်းလေးတွေပါ။ အရမ်းကောင်းတဲ့အနေအထားတစ်ခုမရောက်သေးပေမဲ့ အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာမို့ နှင်းလိုဘဝတူတွေကိုလည်း ပိုကောင်းစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးလေးကိုရေးလိုက်ပါတယ်။ နေရာကောင်းလေးတစ်ခုကို ယောင်းတို့နဲ့ အတူတူ သွားချင်တယ်လေ.. :*

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed