အစအနောက်သန်တဲ့ မိန်းကလေးကို ချစ်သူတော်မိပြီဆိုရင်

ကိုယ့်ကောင်မလေးက အခွီတစ်လိုင်းဆိုရင်တော့ ဒီလိုကိစ္စတွေကြုံတွေ့ရမှာပါ။

လူအမျိုးမျိုးစိတ်အထွေထွေရှိကြတဲ့အထဲမှာမှ ဒီလိုအစအနောက်သန်တဲ့မိန်းကလေးတွေကို ချစ်မိပြီဆိုရင် ဒါမျိုး ဒဏ်တွေခံရလိမ့်မယ်နော်။ သူတို့က ပျော်တတ်သလောက် အထဲမှာတော့ အရမ်းကို လေးနက်လွန်းလို့ အတွေးပေါင်းစုံနဲ့ပြည့်နှက်နေတာပါပဲ။ သူတို့လို မိန်းကလေးအများစုကို သွားကြည့်လိုက် စင်ဂယ်လ်တွေက ပိုများပါတယ်။ ပျော်တတ်လွန်းလို့ စိတ်ဆင်းရဲတာဆိုဝေးဝေးက ရှောင်ရင်းနဲ့ မစွံကြတော့ပါဘူး။သူတို့တွေဟာ ချစ်ဖို့ကို စဉ်းစားလိုက်မယ်ဆိုရင် အရင်ဆုံး သူကသစ္စာရှိပါ့မလား၊ သတင်းတွေထဲကလို ငါ့ကိုလုပ်လေမလား၊ အပျော်ကြံတာလား၊ ခဏလေးနဲ့ ပြတ်မှာလား စသည်ဖြင့် အတွေးပေါင်းစုံနဲ့နှိပ်စက်တတ်ကြပါတယ်။ အဲ ရည်းစားဖြစ်သွားပြန်တော့လည်း ချိန်းထားတာနောက်ကျရင် သူနောက်တစ်ယောက်နဲ့ တွဲနေတာလား၊ ငါ့များ ရိုးလာပြီလား စသည်ဖြင့်တွေးကြပြန်ရော။ ကိုယ့်အချင်းချင်းအဆင်ပြေနေရင်တောင် အထီးကျန်နေတဲ့ သူငယ်ချင်းကိုကြည့်ပြီး ငါလဲအပျိုကြီးပဲလုပ်၇မလား၊ သူ့ယူပြီးတော့ကော ငါကဘာဆက်လုပ်ရမှာလဲ စသည်ဖြင့် အတွေးမျိုးစုံတွေဝင်လာပြန်ရော။

သူတို့ကို ရည်စားတော်မိတဲ့ ကောင်လေးကတော့ သေပြီသာမှတ်။ တစ်နေ့တစ်နေ့ သူ့ကိုပဲ ဂရုစိုက်ပြီး အဲ့ပြဿနာတွေဖြေရှင်းရတော့တာပါပဲ။ ဒီလိုကောင်လေးမျိုးကို ရထားတဲ့ ကောင်မလေးတွေအနေနဲ့ကလည်း လိုတာထက်ပိုပြီးမဆိုးမိစေဖို့ ဂရုစိုက်ပေးပါ။ ဒါတင်မကသေးဘူးနော်…အစအနောက်သန်တဲ့သူကလေ ကိုယ့်ရည်းစားကိုများဘာမှတ်နေလဲမသိ ဆေးကလည်းတစ်ချက်တစ်ချက်ထိုးသေး၊ အကောင့်တုနဲ့ဝင်ပြီး အီစီကလီ လုပ်သေးတာမလား။ အပြင်မှာချိန်းတွေ့ပြန်ရင်လည်း သူကြောက်တတ်တဲ့ သတ္တဝါယူလာပြီးနောက်တတ်သေးတာ။ စကားပြောရင်လည်း ထဖောက်တတ်သလို သူကအတည်ပြောနေတဲ့အချိန်ဆိုလည်း နောက်လိုက်ရမှ။
မနေ့ကချစ်တယ်လို့ပြောပြီး ဒီနေ့ကျတော့ နင်နဲ့ငါ ပြတ်ပြီပြောရင် ပြောတတ်တာမျိုး။ အက်မင်ဆို ကိုယ့်ရည်းစား ဖင်ကို ဆောင့်ကန်ပစ်တဲ့အထိ နောက်တတ်သူမျိုးတောင် တွေ့ဖူးတယ်။ သူတို့ ပုံစံကလေ ကိုရီးယားကား My Sassy Girl ထဲက ဂျွန်ဂျီဟွန်းပုံစံနဲ့တောင် တူသေး။ ပြောချင်တာက စတတ်နောက်တတ်တဲ့ ကောင်မလေးတွေအနေနဲ့လည်း တရားလွန်ကြီးမဖြစ်စေဖို့ဂရုစိုက်ကြပါလို့။ သူတို့တွေက ကိုယ့်ချစ်သူကို ဘော်ဒါအရင်းလိုလို အကိုလိုလိုပေါင်းတတ်ကြလို့ ချစ်သူကောင်လေးတွေအနေနဲ့ငြိုငြင်လာနိုင်ပါတယ်။
အဲဒီတော့ ဒီလိုကောင်မလေးမျိုးကို ရည်းစားတော်ထားတဲ့ကောင်လေးတွေအနေနဲ့ကလည်း သည်းခံပေးဖို့စဉ်းစားပေးပါ။သူတို့တွေက ဘယ်လောက်ပဲ တလွဲလုပ်တတ်ပါစေ၊ သူတို့ရဲ့ချစ်သူကိုတော့ အသေအကြေချစ်တတ်ကြပါတယ်။ သေချာတာတစ်ခုကတော့ ဒီလိုကောင်မလေးမျိုးက သင့်ကို အပျင်းပြေစေပြီး အမြဲတမ်းစိတ်လှုပ်ရှားစေမှာပါ။

Me Me (For Her Myanmar)

No Comments Yet

Comments are closed