Love Relationships

အလွမ်းတွေလျော့နည်းစေဖို့

အဝေးရောက်ချစ်သူကို အရမ်းလွမ်းလာတဲ့အခါ ခံစားချက်တွေနဲ့ မွန်းပိတ်မနေအောင်…

ယောင်းတို့ရေ အက်ဒမင်တစ်ယောက်တော့ ဒီရက်ပိုင်း ထိုင်မရထမရ ဖြစ်နေပါတယ်။ အဝေးရောက်ချစ်သူ ခဏပြန်လာမယ့်အချိန် နီးလာလို့ပါ။ တွေ့ဖို့အများကြီး လိုတုန်းက လွမ်းတယ်ဆိုတာ ရက်ပိုင်းအလိုမှာ မစောင့်နိုင်တဲ့ခံစားချက်နဲ့ ယှဉ်ရင်သေးသေးလေး ဖြစ်သွားတယ်။ ဘာပဲပြောပြော လွမ်းတာက လွမ်းတာပါပဲယောင်းရယ်။

ကိုယ်တွေလိုဘဝတူ အဝေးရောက်ချစ်သူတွေ လွမ်းကြတဲ့အခါ ဘယ်လိုအလွမ်းဖြေရမလဲ ဝေမျှချင်လို့ပါ။ ကိုယ်လဲ လွမ်းတိုင်း ဒီလိုနည်းတွေနဲ့ စိတ်သက်သာအောင် လုပ်ရတာပဲမို့။

Related article >>> အဝေးရောက်အချစ်များ

၁) သီချင်းနားထောင်ပါ။

အချစ်သီချင်းလေးတွေကို အပြန်အလှန် ဝေမျှပြီး တူတူနားထောင်ပါ။ အလွမ်းတွေ မခံမရပ်နိုင်အောင် အရမ်းများလာရင်တော့ အဆွေးသီချင်းတွေ နားထောင်ပြီးငိုပစ်လိုက်ပါ။ တခါတလေတော့လဲ အားရပါးရငိုပြီးရင် ခံစားချက်တွေကို အနည်းနဲ့အများ ခံနိုင်ရည်ရှိသွားတာ တွေ့ရမှာပါ။

၂) စာဖတ်ပါ။

စာအုပ်ကောင်းကောင်းတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး တခြားသူတွေရဲ့ ဘဝနဲ့ဇာတ်လမ်းထဲ စီးမြောဝင်လိုက်ပါ။ ကိုယ့်ဘဝနဲ့၊ ကိုယ့်အလွမ်းကိုမေ့ပြီး သူတပါးနေရာက ခံစားပေးလိုက်ခြင်းအားဖြင့် ခဏတာတော့ စိတ်သက်သာရာရမှာပါ။

၃) သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ။

လူတွေအများကြီးကြားမှာ ဟိုရောက်သည်ရောက် စကားတွေပြောနေရတာ ချစ်သူနဲ့အတူမရှိနေဘူးဆိုတဲ့ အထီးကျန်မှုကို လျော့နည်းစေပါတယ်။ အရမ်းခင်တဲ့ သူငယ်ချင်းတွေဆို ပိုကောင်းပါတယ်။ သူတို့ကယောင်းကို စိတ်သက်သာအောင် ဘယ်လိုလုပ်ပေးရမလဲ သိနေကြမှာပါ။

၎) မိသားစုကို အချိန်ပေးပါ။

မေမေနဲ့ ရုပ်ရှင်သွားကြည့်ပါ။ တူလေးတူမလေးတွေကို အိမ်စာကူလုပ်ပေးပါ။ မောင်ညီမတွေနဲ့ ဂိမ်းဆော့ပါ။ ချစ်သူမရှိခင်ကတည်းက ယောင်းနားမှာရှိနေကြတဲ့ သူတွေက ယောင်းရဲ့မိသားစုပါပဲ။ ချစ်သူကိုလွမ်းပြီး တစ်ယောက်တည်း ခွေနေမယ့်အစား ယောင်းကိုချစ်တဲ့ မိသားစုနဲ့ အချိန်များများ ကုန်ပေးလိုက်ပါ။

၅) ဓာတ်ပုံတွေအပြန်အလှန်ပို့ပါ။

အတူတူရှိတဲ့အချိန်မှာ ဓာတ်ပုံတွေအများကြီး တူတူရိုက်ထားပါ။ တူတူမရှိတော့လဲ ကိုယ့်ပုံသူ့ပုံ အပြန်လှန်ပို့ပါ။ အလွမ်းပြေကြည့်ရအောင်ပါ။ လူပုံတွေမှမဟုတ်ဘဲ ကိုယ်ရှိနေတဲ့နေရာတွေ၊ ကိုယ့်အိမ်၊ ကိုယ့်ကျောင်း၊ ကိုယ့်အလုပ်နေရာတွေပါ မျှဝေပါ။ ကောင်းကင်ကြီးလှနေတာမျိုး၊ ထူးထူးခြားခြားလေးတွေ မြင်ရလဲ သူ့ကိုလှမ်းပြပါ။ ဗီဒီယိုအဆင်ပြေရင် ဗီဒီယိုရိုက်ပြီးပို့ပါ။ အက်ဒမင်တို့နှစ်ယောက်လဲ ဒီလိုပဲလုပ်ရင်း တူတူရှိမနေပေမယ့် တစ်ယောက်ဘဝထဲ တစ်ယောက်ရှိနေသလို ခံစားရအောင် လုပ်ကြတာပါ။

၆) ချစ်သူဆီစာရေးပါ။ သူ့ကိုပေးဖို့ လက်ဆောင်တွေ ဖန်တီးပါ။

အခုခေတ်မှာ လက်နဲ့ရေးတဲ့စာတွေ မရှိတော့ပါဘူး။ အက်ဒမင်ကတော့ ဒီအလေ့အကျင့်လေးကို သိပ်သဘောကျပါတယ်။ လက်နဲ့ရေးတဲ့ စာတစ်စောင်ကို လက်ခံရရှိတာ အီးမေးလ်ရတာ၊ မက့်ဆေ့ခ်ျတစ်ခုရတာနဲ့ ပျော်ရွှင်မှုက ဘာမှမဆိုင်ပါဘူး။ ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ ကိုယ်တိုင်လုပ်တဲ့ လက်ဆောင်က ပိုတန်ဖိုးကြီးပါတယ်။ အလွမ်းတွေကို လှပတဲ့ စာလေးတစ်စောင်၊ လက်ဆောင်လေးတစ်ခုအဖြစ် ဖန်တီးလိုက်ပါယောင်းရေ။

၇) ချစ်သူနဲ့ စကားများများပြောပါ။

Text messages, voice messages, voice call, video call, ဘယ်လိုနည်းနဲ့ဖြစ်စေ ချစ်သူနဲ့ တစ်ချိန်လုံး စကားပြောနိုင်အောင် ကြိုးစားပါ။ ဖုန်းပြောနိုင်တဲ့ အခြေအနေဆို ဖုန်းပြောပါ။ မပြောနိုင်ရင်တောင် မက်ဆေ့လေးပို့တာပဲဖြစ်ဖြစ် အဆက်အသွယ်ရှိနေအောင် ကြိုးစားကြည့်ပါ။ ဒီလောက်ကိုလွယ်ပါတယ်။ လွမ်းတယ်ဆို ဆက်သွယ်လိုက်ပါ။ ဒါပါပဲ။

Related article >>> အဝေးကသူ့ဆီသို့

ဘယ်လိုလုပ်လုပ် ချစ်သူအနားမှာမရှိတဲ့ ဟာတာတာခံစားချက်ကြီးကို ဘာနဲ့မှ အစားထိုးလို့မရတာ သိပါတယ်။ ဒါပေမဲ့ အနည်းနဲ့အများတော့ သက်သာရာရသွားမယ်ဆိုရင် အက်ဒမင်မျှဝေရကျိုးနပ်ပါတယ်။ ယောင်းတို့တွေရော ချစ်သူကိုလွမ်းရင် ဘာတွေလုပ်တတ်သလဲ အက်ဒမင်ရော၊ တခြားယောင်းယောင်းတွေပါ သိရအောင် ပြန်ပြောသွားကြပါလားဟင်။

Khine (For Her Myanmar)

Reference : Survive LDR | Long Distance Lover

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *