ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲရင် ဘာတွေဖြစ်လာနိုင်သလဲ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ယုံကြည်မှုလွန်ကဲသွားရင်တော့ မကောင်းတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်

ယောင်းတို့ရေ…

ယုံကြည်မှုလွန်ကဲတယ်ဆိုတာဟာ မာနကြီးတာ၊ စိတ်ကြီးဝင်တာကို သွယ်ဝိုက်ပြောတဲ့ စကားလုံးပါ။ လုပ်ငန်းခွင်လိုနေရာမျိုး၊ ပြသနာတစ်ခုကို ဖြေရှင်းဖို့တာဝန်ကျလာတဲ့အခါမျိုး စသဖြင့် လိုအပ်တဲ့နေရာမှာ ယုံကြည်မှုထားတာကောင်းပေမယ့် မလိုအပ်ဘဲ မာနကြီးပြနေရင်တော့ ကိုယ့်အတွက် ကောင်းတာတစ်ခုမှ မရှိပဲ ဆိုးကျိုးတွေသာ ရလာနိုင်ပါတယ်နော်။

ပထမဆုံး လူမုန်းများနိုင်ပါတယ်။ လူဆိုတာ အချီးမွမ်းခံချင်ကြတဲ့ အမျိုးပဲလေ။ ဘယ်သူကမှ အသားလွတ် အချေခံရတာကို မကြိုက်ကြပါဘူး။ လုပ်ငန်းခွင်မှာ မလိုအပ်ဘဲ ယုံကြည်မှု လွန်ကဲနေမယ်ဆိုရင်တော့ အလိုလိုနေရင်း မျက်စိဆံပင်မွှေးစူးခံထိနိုင်ပါတယ်။ သိတယ်မလား ယောင်းတို့ရေ.. လုပ်ငန်းခွင်ဆိုတာ လူအမျိုးမျိုးစိတ်အထွေထွေ ရှိကြတဲ့ နေရာပေါ့။ ကိုယ့်ကို ကြည်ဖြူတဲ့လူရှိသလို မကြည်ဖြူတဲ့ လူလည်း ရှိနိုင်တယ်လေ။ ကိုယ်က သူတို့ရှေ့မှာ အလဟဿမာနကြီးပြနေရင်တော့ အခန့်မသင့်ရင် လုပ်ငန်းခွင်တွင်းပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။

 

Relationship တစ်ခုမှာတောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး စိတ်ကြီးဝင်ပြနေရင်တော့ ကိုယ့်လက်တွဲဖော်က ကိုယ့်ကို စိတ်ပျက်ငြီးငွေ့သွားနိုင်ပါတယ်။ Relationship ဆိုတာ တစ်နည်းအားဖြင့် တစ်ဦးပေါ်တစ်ဦး တန်ဖိုးထားနိုင်ဖို့ပါပဲ။ ချစ်သူရဲ့တန်ဖိုးကို အသိအမှတ်မပြုပဲ ကိုယ့်ကိုယ်ကိုယ် အထင်တွေကြီးပြီး မာနတွေဝင်လာမယ်ဆိုရင်တော့ အကွဲအပြဲနဲ့ပဲ ရင်ဆိုင်ရတော့မှာပါ။

ဒီလိုတွေပြောလိုက်လို့ ယုံကြည်မှုရှိတာဟာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ယုံကြည်မှုကို သူ့နေရာနဲ့သူ အသုံးမချနိုင်ဘဲ လွန်လွန်ကဲကဲ ထားရှိနေမယ်ဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးတွေကို ပြောပြထားတာပါ။ “တန်လျှင်ဆေး၊ လွန်လျှင်ဘေး” ဆိုသလိုပေါ့။
ယောင်းယောင်းတို့လည်း ယုံကြည်မှုကို သူ့နေရာနဲ့သူ အသုံးပြုနိုင်ကြပါစေနော်။

Windy (For Her Myanmar)

No Comments Yet

Comments are closed