အဝေးရောက်အချစ်များ

 

ချစ်တဲ့သူတဲ့ဝေးနေရတဲ့ နေ့တွေဟာ ရင်ကိုတလှပ်လှပ်မွှန်းနေတဲ့ ဓားတစ်ချောင်းလိုပါပဲ။

အခုလို ဆောင်းလေအေးအေးတွေ တိုက်နေတဲ့အချိန်မှာ သီချင်းလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ မေမေနားထောင်နေကျ သီချင်းလေးပေါ့။

“အလွန်အေးတဲ့ရာသီ၊ အလွန်ချမ်းတဲ့ရာသီ၊ မောင်တစ်ရွာ မယ်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်။ မောင်ရယ် ဆောင်းအမီခင့်ဆီ ပြန်ခဲ့စေချင်သည်။”

အရင်တုန်းကတော့ သီချင်းဆို သီချင်းလိုပဲ နားထောင်လိုက်တာ။ ခုတော့ အက်ဒမင်ကိုယ်တိုင် ချစ်သူနဲ့ဝေးနေတော့မှ သီချင်းစာသားထဲက ခံစားချက်အတိမ်အနက်ကို နားလည်တော့တယ်။ ဖုန်းပြောဖြစ်တိုင်း သူ့ဆီမှာ အပူချိန်က ဂဏန်းတစ်လုံးပဲရှိတာ သိရရင်၊ အပူပေးစက်ဖွင့်ထားတာတောင် တစ်ယောက်စာအခန်းလေးထဲမှာ မနွေးနိုင်တဲ့ သူ့ကိုမြင်ရရင်၊ ပြေးသွားပြီး ဖက်ထားလိုက်ချင်တာလေ။

Related article >>> အဝေးကသူ့ဆီသို့

အေးမှ မဟုတ်ပါဘူး။ နွေရာသီ ပူလိုက်တာချစ်ရယ် ဆိုတဲ့စကားလေးကြားပြန်တော့လဲ သူ့လက်ကိုဆွဲပြီး လာခဲ့ ပိတ်ရက်ကလေး ကမ်းခြေသွားရအောင်လို့ ပြောချင်ပြန်ရော။ ဟိုးအဝေးကြီးက အချစ်တွေက ဒီလိုပါပဲယောင်းရယ်။ လွမ်းလွန်းလို့ မျက်ရည်တွေ မခြောက်နိုင်ဘဲ ငိုရတာမောပြီး အိပ်ပျော်သွားရတဲ့ ညတွေနဲ့၊ အနားမှာသူရှိနေရင် သိပ်ကောင်းမှာပဲလို့ စက္ကန့်မလပ် တမ်းတနေရတဲ့ နေ့တွေချည်းပဲကလား။

အဲ့ဒီလို အဝေးကချစ်သူကို လွမ်းနေရတဲ့ ခံစားချက်ဆိုတာကလေ ဘယ်လိုလဲဆိုတော့ –

သူငယ်ချင်းတွေနဲ့ အပြင်သွားမယ့်အစား အိမ်မှာပဲနေပြီး သူနဲ့ချက်တင်ထိုင်ချင်တယ်။

နှစ်ယောက်သား မက်ဆေ့တွေပို့၊ ဖေ့ဘုတ်ပေါ် စတေးတပ်တွေတင်ပြီဆိုလဲ သူမတူအောင် ချွဲကြတယ်။

ညဆို ညဥ့်နက်ထိဖုန်းတွေပြော၊ ဖုန်းပြောနေရင်း အိပ်ပျော်သွားတဲ့ထိ ဖုန်းမချချင်ကြဘူး။

တစ်ယောက်အိပ်ပျော်သွားလဲ နောက်တစ်ယောက်က တတ်နိုင်သလောက် ဖုန်းမချဘဲ ကိုယ်ကိုယ်တိုင် အိပ်မပျော်သွားမချင်း အသက်ရှူသံလေး နားထောင်နေရုံနဲ့ ကျေနပ်တတ်ကြတယ်။

အနားမှာမရှိနိုင်တာမို့ ကိုယ်စားဖက်စရာ အရုပ်ကြီးတွေ ဝယ်ပေးကြတယ်။

အချိန်တိုင်းလိုလို သူ့ကိုလွမ်းတဲ့စိတ်နဲ့ ရူးမတတ်ခံစားရတယ်။

ငါဘာလို့ ဒီလိုခက်ခဲတဲ့အချစ်ကိုမှ လိုချင်သလဲလို့ တွေးမိတတ်ကြတယ်။

ဒါပေမယ့်လဲ ဒီလိုခက်ခက်ခဲခဲ ချစ်ရတာမို့ အချင်းချင်းအရမ်းတန်ဖိုးထားပြီး သိပ်လဲချစ်ကြတယ်။

ရှားရှားပါးပါး နှစ်ယောက်ဆုံရတဲ့ အခါမျိုးမှာဆိုလဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မဝဖြစ်ကြရတယ်။

နှစ်ယောက် မျက်နှာချင်းဆိုင်တွေ့လိုက်တဲ့အချိန်မှာ အခုမှစချစ်တဲ့ ချစ်သူတွေလိုပဲ ရင်ခုန်ကြရတယ်။

ပြန်ခွဲရမယ့်အချိန်ကျလာရင်တော့ မျက်ရည်မဆည်နိုင်ကြတော့ဘူးပေါ့။

Related article >>> LDRS တွေသာ နားလည်နိုင်တဲ့ အခက်အခဲ (၆)ခု

တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့တွေ့နိုင်မလဲလို့ စက္ကန့်တိုင်းကို လက်ချိုးရေနေရတာဟာလဲ အဝေးရောက်ချစ်ခြင်းရဲ့ ရှောင်လွှဲမရတဲ့ အပိုင်းပါပဲ။ အဝေးရောက်အချစ်ဟာ သိပ်ကိုခါးသီးလွန်းပါတယ်။ ဒါပေမယ့် နောက်ဆုံး ဆုံစည်းနိုင်တဲ့ အချိန်ရောက်ရင်တော့ တခြားသူတွေထက် ပိုချစ်ကြပြီး လွမ်းခဲ့ရတဲ့အချိန်တွေ၊ ခံစားခဲ့ရသမျှတွေက သူ့အတွက်ဆို အကုန်ထိုက်တန်သွားပါတယ်။

အက်ဒမင်လဲ အခုလွမ်းနေရတဲ့ အချိန်ပါ။ သူ့ကိုလွမ်းတိုင်း အလွမ်းပြေ စာတွေရေးဖြစ်ပါတယ်။ သူကကိုယ်စာရေးတာကို သဘောကျတာကိုး။ ခုလဲ သူ့ကိုလွမ်းလို့ အလွမ်းပြေ ဒီစာကိုရေးပါတယ်။ ကိုယ်နဲ့ဘဝတူ အဝေးရောက်ချစ်သူတွေအတွက် အလွမ်းပြေဖတ်ရအောင် ရည်ရွယ်ပါတယ် ယောင်းတို့ရေ။

ချစ်တဲ့သူတိုင်း လွမ်းရက်တွေ မြန်မြန်ကုန်လွန်လို့ နှစ်ကိုယ်တူ ကြည်ဖြူနိုင်ကြပါစေကွယ်။

Khine (For Her Myanmar)

Reference : Buzzfeed | Thought Catalog

No Comments Yet

Comments are closed