ချစ်သူနှစ်ဦးကြား နားလည်မှုကို ဒီလိုတည်ဆောက်ပါ

ရင်မှာခံစားရတဲ့အဖြစ်ကို မင်းကနားမလည်ဘူး… ဒါဆိုနားလည်အောင် ဒီလိုကြိုးစားကြည့်လိုက်ပါ

ယောင်းတို့ရေ လူရယ်လို့ဖြစ်လာကတည်းက အချစ်နဲ့ကင်းနိုင်တဲ့သူ ခပ်ရှားရှားမဟုတ်လား။ ငယ်ငယ်တုန်းက မိဘ၊ မောင်နှမတွေကိုချစ်တယ်။ ကျောင်းတက်ရပြီး သူငယ်ချင်းတွေရတော့ သူငယ်ချင်းတွေကိုချစ်တယ်။ ဟော ….အရွယ်ရောက်လာတော့ ချစ်သူတွေ့ပြီး ချစ်သူကိုချစ်တယ်။ ဆွေမျိုးမိဘတွေနဲ့၊ သူငယ်ချင်းတွေနဲ့တုန်းကကျ ရန်ဖြစ်လိုက်ကြ၊ အော်လိုက်ကြ၊ နောက်တော့ပြန်တည့်လိုက်ကြ။ ဒီလိုသံသရာလည်နေပေမယ့် ချစ်သူနဲ့ကျ မတူတော့ဘူးနော်။ ချစ်တဲ့သူနဲ့ စိတ်ကောက်ပြီးအချော့ခံရတာက အရသာတစ်ခုဆိုသော်ငြား တကယ်နားလည်မှုလွဲတဲ့အခါကျ ပျော်စရာမကောင်းတော့ဘူးလေ။ နားလည်မှုလွဲပြီး စိတ်ဆိုးရာကနေ ပြတ်ဆဲတဲ့အထိ ဖြစ်သွားတဲ့ ချစ်သူစုံတွဲတွေ အများကြီးရှိတယ်မလား။

အဲ့ဒီလိုဆိုတော့ နားလည်မှုတွေမလွဲရအောင်၊ ချစ်တဲ့သူတိုင်း ပျော်ရွှင်ရအောင် အချစ်တစ်ခုတည်းရှိနေလို့တော့ မဖြစ်တော့ဘူးလေ။ အချင်းချင်းနားလည်မှုကလဲ အရေးကြီးတာပဲမဟုတ်လား။ အက်ဒမင်က ချစ်သူချင်းနားလည်မှု အပြန်အလှန်ရှိနိုင်အောင် ဘယ်လိုတွေလုပ်ရမလဲ အကြံပေးမယ်နော်။

ပထမဆုံးအချက်ကတော့ ယောင်းတို့တော်တော်များများက (အက်ဒမင်နဲ့တူမယ်ဆိုရင်) ကိုယ့်စိတ်ကို သူသိနေစေချင်တာပဲ။ ကိုယ်ကစိတ်ဆိုးနေပေမယ့် ရတယ် ဘာမှမဖြစ်ဘူးဆိုပြီး ရွဲ့လိုက်ကော။ အဲ့အခါကျရင် သူ့ကို ကိုယ်စိတ်ဆိုးနေတယ်ဆိုတာ အော်တိုငုတ်တုတ်သိပြီး လာချော့စေချင်တယ်မဟုတ်လား။ (အိမ်း… မဟုတ်ပါဘူးလို့ ငြင်းကြမယ့် ယောင်းတွေ ဘယ်နှယောက်ရှိမယ်မသိ 😛 ) တကယ်ကတော့ကွယ် အကြားအမြင်ပေါက်ရောက်နေကြတာမှမဟုတ်တာနော်… ဘယ်လောက်နားလည်တယ်ပြောပြော အမြဲတမ်းတော့ ကိုယ့်စိတ်ထဲ ဘာဖြစ်နေလဲဆိုတာ သူဘယ်လိုသိနိုင်မလဲ။ သူ့စိတ်ထဲ ဘာဖြစ်နေလဲလဲ ကိုယ်မသိနိုင်ဘူးလေ။

Related Article >>> ချစ်သူတွေကြားမှာ ခိုင်မာတဲ့ နှောင်ကြိုးလေးတွေ ဖန်တီးနိုင်ဖို့

အက်ဒမင်ဆို သိပ်စိတ်ကောက်တတ်တာ။ ဒါပေမယ့် စိတ်ကောက်လိုက်တိုင်း သူ့ကိုမသိရကောင်းလားလို့ ဖြစ်မနေတော့ဘဲ ကိုယ်ဘာဖြစ်လို့ စိတ်ကောက်လဲဆိုတာ သူ့ကိုပြောပြတယ်။ အဲ့ကျတော့ သူ့ဘက်ကနေ ပြန်ဖြေရှင်းခွင့်ရှိတယ်။ သူစိတ်ဆိုးလည်း အဲ့လိုပဲ ကိုယ့်ကိုလာပြောပြ ကိုယ်က ပြန်ရှင်းပေါ့။ အဲဒီမှာဘာဖြစ်လဲဆိုရင် အရင်က သုံးရက်တစ်ခါလောက် စိတ်ကောက်တတ်ကြတဲ့နှစ်ယောက် အခုကျတော့ တော်ရုံစိတ်အခန့်မသင့်တောင် မဖြစ်ကြတော့ဘူး။ ဖြစ်လည်း ခဏပဲ… သူ့ဘက်ကိုယ့်ဘက် ခံစားချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြရင်း၊ တစ်ယောက်စိတ်ပြေအောင် တစ်ယောက်ဘာလုပ်ပေးရမလဲ မေးရင်း၊ ပြန်အဆင်ပြေသွားတာပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ဆိုတာ ဆက်ဆံရေးကောင်းဖို့လဲ အများကြီးလိုပါတယ်လို့။ အဲ့ဒီလို တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးချောမွေ့ဖို့ကတော့ ဒီအချက်တွေကို လုပ်သင့်ပါတယ် ယောင်းတို့ရေ။

၁) စကားပြောတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အာရုံစူးစိုက်မှုအပြည့်ပေးပါ။ မျက်လုံးက ဖုန်းကမခွာဘဲ “ဟုတ်လား” “ဒါပေါ့” ဆိုပြီး စိတ်မပါလက်မပါ ဖော်လိုလိုက်တာမျိုး မလုပ်ပါနဲ့။ အဲ့ကျမှ မပြေလည်ဘဲ ထသတ်ကုန်ကြလို့ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မယ်။

၂) တစ်ဖက်သားကို အပြစ်ဖို့တာထက် ကိုယ့်ခံစားချက်ကို နားလည်အောင် ပြောပြပါ။ “နင်အချိုး ပြင်မှဖြစ်မယ်” “နင်ဒီလိုလုပ်တာ ငါမကြိုက်ဘူး” ဒီလိုတွေ ပြောတာထက် “သူဒီလိုပြောလိုက်ရင် ကိုယ့်စိတ်ထဲ ဒီလိုခံစားသွားရတယ်” ဆိုပြီး သူနားလည်အောင် လေအေးအေးလေးနဲ့ ပြောပြသင့်ပါတယ်။

၃) ကိုယ့်ခံစားချက်ကို ပြောပြသလို၊ သူ့ခံစားချက်ကိုလဲ လေးလေးစားစားပြန်နားထောင်ပေးပါ။ ခံစားချက်တွေဖလှယ်တာက ချစ်သူချင်းပိုရင်းနှီးလာစေပါတယ်။

၎) ကြားမဖြတ်နဲ့။ ကိုယ်ပြောနေရင် သူက သေချာနားထောင်ပေးတာ လိုချင်သလို၊ သူပြောနေရင်လဲ ကိုယ်က ကြားမဖြတ်ဘဲ သူပြောစရာရှိတာကို နားလည်အောင် နားထောင်ပေးလိုက်ပါ။

၅) ရှိနေတဲ့ပြဿနာကိုပဲ ဖြေရှင်းပါ။ နှစ်ယောက်ကြားထဲမှာ ပြဿနာရှိနေရင် လက်ရှိပြဿနာကိုပဲ ဘယ်လိုဖြေရှင်းရမလဲလို့ အဖြေရှာသင့်ပါတယ်။ နင်ဘယ်တုန်းက ဘာလုပ်ခဲ့တာဆိုပြီး ပဝေသဏီက စိတ်မကျေတာတွေ ပြန်ဖော်နေလို့ကတော့ ရှင်းလို့မပြီးဘဲ ထပ်ရှုပ်ဖို့ပဲရှိပါတယ်။

၆) ကိုယ့်အသံကိုယ်နားထောင်ပါ။ သူ့ကိုပြောနေရင်းနဲ့ ကိုယ့်အသံကိုယ် သတိထားကြည့်ပါ။ ဒေါသပါလာလား အသံကျယ်လာလား။ နောက်ပြီးတော့ ချစ်တို့ မောင်တို့ ပြောရာကနေ နင်နဲ့ငါဖြစ်လာသလား။ အဲ့လိုဖြစ်လာရင် သတိထားပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းပေးပါ။

ဒီအချက်လေးတွေကို သတိထားလိုက်နာကြည့်ရင်တော့ အဆင်ပြေတဲ့ ချစ်သူချင်းဆက်ဆံရေးကို ပိုင်ဆိုင်ကြရမှာပါပဲ။

Related Article >>> ချစ်သူဘဝ ဖြစ်တတ်ကြတဲ့ ကတောက်ကဆလေးတွေ ပြေလည်စေဖို့

ဆက်ဆံရေးချောမွေ့ဖို့ဆိုတဲ့နေရာမှာ second guessing လို့ခေါ်တဲ့ ကိုယ့်ဘက်ကနေ အတွေးတွေများနေတာလဲ လျှော့ရမယ်နော်။ သူကအကြားအမြင်ရတာ မဟုတ်သလို၊ ကိုယ်လဲ အကြားအမြင်မရဘူးလေ။ သူကတော့ငါကိုဒီလိုပြောလိုက်တာ သူဒီလိုစဉ်းစားနေမှာပဲလို့ အတွေးမများကြပါနဲ့။ တကယ်တော့လဲ သူ့ဘက်က နာကျင်သွားပါစေလို့ မရည်ရွယ်ဘဲ ပြောလိုက်မိတာ လုပ်လိုက်မိတာလေးတွေဖြစ်နေမှာပါ။ အဲ့ဒီလို နာကျင်ခံစားသွားရတဲ့အချိန်မှာ အရေးကြီးတာက ကိုယ်တစ်ယောက်တည်း ကြိတ်ခံစားမနေဘဲ သူ့ကိုပြောပြပါ။ သူ့ဘက်က ဖြေရှင်းချက်ကို နားထောင်ပါ။ သူ့ကိုဖြေရှင်းခွင့်ပေးလိုက်ပါ။ ဒါဆို ရင်မှာခံစားရတဲ့အဖြစ်ကို မင်းကနားမလည်ဘူး ဆိုတာမျိုးတွေ မရှိတော့ဘူးပေါ့နော်။

ဒီလောက်ဆို ယောင်းတို့လဲ စိတ်လျှော့ပြီး ခံစားချက်ချင်း ဖလှယ်ရင်း ချစ်ချစ်နဲ့ အဆင်ပြေအောင်နေတတ်သွားပြီပေါ့။ ယောင်းယောင်းတို့တင်မဟုတ်ဘူး မတ်ကလေးတွေလဲ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်နော်။ ခေးချစ်တဲ့ကွီး ဖြစ်သွားပါလိမ့်မယ်။ ဆိုတော့ကာ စကားပြောဖို့ ဝန်မလေးကြပါနဲ့။ တစ်ယောက်တည်းကြိတ်ပြီး ရုပ်ရှင်မရိုက်ကြပါနဲ့လို့။ ဒါဆို အိုကေမှာစိုပြေသွားလိမ့်မယ်။

အဲ… အရေးအကြီးဆုံးတစ်ချက်ကျန်သွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်တယ်ဆိုတာလဲ ပြောပြဖို့မရှက်ကြနဲ့နော်။ ကိုယ်ချစ်တာသူသိစေဖို့ သူချစ်တာကိုယ်သိစေဖို့ ပေါက်ပေါက်သာဖောက်ကြပါတော့ ယောင်းတို့ရေ။ ယောင်းတို့ရေ။ အက်ဒမင်ကတော့အားပေးတယ်… ဟိ။

Khine (For Her Myanmar)

Ref:

https://www.psychologytoday.com/blog/lifetime-connections/201605/10-steps-effective-couples-communication

No Comments Yet

Comments are closed