Love Relationships

ရည်းစားဟောင်းနဲ့ ပြန်တွဲတော့မယ်ဆို ဒါလေးတွေတော့ အရင် ပြန်စဉ်းစားသင့်တယ်နော်..

အချစ်ဟောင်းနဲ့ အသစ်ပြန်ဖြစ်အောင် တည်ဆောက်ဖို့ဆိုရင်တော့… 

ယောင်းတို့ရေ… ပြတ်ပြီးသားအတွဲတွေက ပြန်တွဲလည်း အဆင်ပြေရိုးထုံးစံမရှိဘူးတဲ့။ (ဒါလူတိုင်းနီးပါး ပြောနေကျစကား)။ အဲဒါကြောင့် တော်တော်များများက ရည်းစားဟောင်းဆိုရင် ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ၊ ဘယ်လောက်ပဲချစ်ချစ် ပြန်တွဲဖို့ကိုတော့ လက်ရွံ့တတ်ကြတယ်မလား။ ဒါပေမဲ့ တကယ်ရော ရည်းစားဟောင်းတွေပြန်တွဲရင် ပြန်ပြတ်ကိုပြတ်မှာပဲလား???????

အမှန်တော့လေ အတွဲတစ်တွဲပြတ်တယ်ဆိုတာ အကြောင်းပြချက်အမျိုးမျိုးရှိကြတယ်ဆိုပေမဲ့ ချစ်လျက်နဲ့လမ်းခွဲတဲ့အတွဲတွေမှာ နှစ်ဦးနှစ်ဘက်ညှိနှိုင်းလို့မရတဲ့ အကြောင်းပြချက်ကြီးကြီးမားမားတစ်ခုကြောင့် ခွဲခွာကြရတာများပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုရောက်လာတဲ့အချိန် မပြတ်သေးတဲ့သံယောဇဉ်ကြောင့် ပြန်တွဲကြတဲ့အခါ အရင်လက်မခံနိုင်တဲ့ပုံစံကို ညှိနှိုင်းဖို့မကြိုးစားဘဲ ဒုံရင်းကဒုံရင်းမို့ ပြန်ကွဲကြပြန်ရော။ အဓိကပြဿနာက ဒါပါပဲ။ တစ်ယောက်နဲ့တစ်ယောက်က နားမလည်နိုင်တာကို လိုက်ညှိဖို့မကြိုးစားဘဲ သံယောဇဉ်လက်ကျန်နဲ့ တွဲရင်တော့ ကွဲကြမှာပါပဲ။

ဒါကိုဘယ်လိုဖြေရှင်းကြမလဲ? လွယ်ပါတယ်။ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး ညှိနှိုင်းဖို့ပါ။ အချိန်အတိုင်းအတာတစ်ခုကို နှစ်ယောက်အတူတူ ကောင်းကောင်းဖြတ်ကျော်ခဲ့တာပဲ။ သူ့ရဲ့ဘယ်အရာတွေကိုတော့ ကိုယ်မကြိုက်ဘူး။ ကိုယ့်ရဲ့ ဘယ်အပြုအမူတွေကတော့ သူ့ကိုအရမ်းစိတ်ဆိုးစေတယ် ဆိုတာတွေကို သေချာလေ့လာပြီး ပြင်သင့်တာပြင်ရမှာပေါ့။ (ဥပမာ အရမ်းသဝန်တိုတတ်တဲ့ချစ်သူရထားတယ်ဆိုရင် သူနဲ့ရန်ဖြစ်တိုင်း တခြားတစ်ယောက်အပေါ် ရွဲ့ပြီးတွဲပြ သွားလာပြတာမျိုးကို ရှောင်ရမယ်လေ။) အဲ့လိုအပြုအမူတွေ ဆက်ဆက်ပြီး ထပ်ဖြစ်နေရင်တော့ အဆင်မပြေကြတာ မဆန်းပါဘူး။ ပြန်တွဲတဲ့အချိန်မှာ သူ့အတွင်းစိတ်ကို အရင်ကထက် ပိုမြင်အောင်ကြည့်ပေးရင်း နားလည်ပေးဖို့လိုအပ်ပါတယ်။

Related Article >>> ကိုယ့်ချစ်သူကောင်လေးရဲ့ အတိတ်အကြောင်းကို လိုက်စုံစမ်းကြည့်သင့်လား…..

နောက်တစ်ခုက အဲဒီလိုကွဲနေတဲ့အချိန်မှာ တစ်ယောက်ယောက်က နောက်တစ်ယောက်တွဲသွားခဲ့သည် ထားပါဦး။ ပြန်တွဲမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဒါကိုလွှတ်ချထားခဲ့ဖို့ မေ့ပစ်လိုက်ဖို့ လိုအပ်ပါတယ်။ သူတောင်အစားထိုးလိုက်တာပဲလို့ တွေးမယ်ဆိုရင်တောင် အခုမပြတ်နိုင်ကြလို့ပြန်တွဲတာမလား။ ဘာလို့အဲ့ဒီအကြောင်းတွေ ပြန်တွေးမှာတုန်း။ ပြန်တွေးတော့ရော ဘာပြန်ရမှာလဲ။ ကိုယ်ပဲစိတ်ဆင်းတွေရဲ ပြီးရင် သူများကိုပြဿနာပြန်ပြန်သွားရှာ။ ဘယ်မလဲ အဆင်ပြေဖို့လမ်းစ? မဖြစ်နိုင်ဘူးလေ။ အဲ့တော့ ဒီလိုတွေမတွေးဘဲ ပြန်တွဲမယ်လို့ဆုံးဖြတ်ပြီဆိုရင် အကုန်လုံးကိုလွှတ်ချလိုက်ပါ။ သူ့ကို ကိုယ်အရင်ကမချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့မြင်ပြီး အခွင့်အရေးထပ်ပေးလိုက်ပါ။ (အနည်းဆုံးတော့ ကိုယ်ကအကောင်းဆုံးပေးနိုင်သလောက် ပြန်ပေးခဲ့ပြီလေ.. တန်တာမတန်တာတော့ သူ့အပိုင်းပေါ့။)

နောက်ထပ် ထည့်တွက်ရမယ့်အချက်တစ်ခုက ဘေးပတ်ဝန်းကျင်ပါ။ ကိုယ်တွေနှစ်ယောက် သံယောဇဉ်လက်ကျန်၊ အချစ်တွေနဲ့ ပြန်တည်ဆောက်ထားရတဲ့ ဘဝတစ်ခုကို လတ်တလော နှစ်ကိုယ်ကြားပဲသိနေတာအကောင်းဆုံးပါ။ အကယ်လို့ တစ်စွန်းတစ်စနဲ့ သိကုန်ကြပြီဆိုရင်လည်း သူတို့ဟာသူတို့ ကိုယ်တွေကို နွားမကလို့ တိရစ္ဆာန်ပေါင်းချုပ်နေတယ်ပြောပြော ပြန်လှည့်ပြီး အဖက်လုပ်စရာမလိုပါဘူး။ အရေးကြီးဆုံးက နှစ်ယောက်သားပျော်နေဖို့ပဲလေ။ အဲဒါကို ပြောသမျှစကားတွေ ခေါင်းထဲထည့် ဖီးလ်နေလို့ကတော့ အဆင်ပြေဖို့နေနေသာသာ အပူတွေပါထပ်တိုးပြီး ထပ်ကွဲကြဦးမှာပဲ။

ဘယ်သူကကဖျက်ယဖျက်လုပ်လို့၊ ဘယ်ဝါက ဘာလုပ်လို့ဆိုပြီး ထပ်ပြတ်ရမယ်ဆို အစတည်းက ပြန်တည်ဆောက်မနေပါနဲ့တော့… ကြိုးတစ်ချောင်းကပြတ်ပြီးလို့ ပြန်ဆက်မယ်ဆိုရင် အထုံးတော့ရှိတတ်တာပဲ။ အဲဒီအထုံးက တစ်ထုံးလောက်ဆို ဘာမှသိပ်မသိသာပေမဲ့ အရမ်းများလာတဲ့အခါ အဆင်မပြေတော့ဘူးလေ။ ဒါကြောင့် အသစ်တစ်ချောင်းပြန်ဖြစ်ဖို့အထိ နှစ်ဦးနှစ်ဖက်အားထုတ်ရမှာပါ။ ဒီလမ်းကို နှစ်ယောက်သားလျှောက်ကြမယ် တွေးပြီးရင် တစ်ယောက်ယိုင်လဲတဲ့အခါ တစ်ယောက်ကထူ၊ အချင်းချင်းဖေးမရင်း၊ နားလည်မှုနဲ့အချစ်တွေပိုပေးကြရင်း ပိုကောင်းတဲ့အနာဂတ်တစ်ခုကို အတူတူလျှောက်လှမ်းသွားနိုင်ကြပါစေ။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *