မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

ဒီစာအရဆို အက်ဒ်မင်လည်း တော်တော်ပြင်ယူရမယ် :'(

ကျွန်တော်ယုံကြည်ထားတဲ့ Relationship ဆိုတာ နှစ်ဦးသား နားလည်မှုတွေ၊ သံယောဇဉ်တွေနဲ့ အချစ်တွေကို တဖြည်းဖြည်းတည်ဆောက်ယူရတာပါပဲ။ ဒါပေမဲ့ Relationship တစ်ခုကို တည်ဆောက်ရင်းနဲ့ပဲ ပျက်ဆီးသွားတဲ့ Relationship တွေအများကြီးပါ။ ဒါတွေက ဘာကြောင့် ဖြစ်ရတာလဲ။ ရှင်းပါတယ်။ ကျွန်တော်တို့ Relationship တစ်ခုကို တည်ဆောက်မယ့်အစား ဖျက်ဆီးပစ်နေလို့ပါ။ အခုတော့ ဒီမှာ For Her Myanmar ပရိတ်သတ်ပျိုမေတို့အတွက် Relationship တစ်ခုကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပျက်ဆီးစေနိုင်တဲ့ အကျင့်လေးတွေကို အကြမ်းဖျဉ်း ဖော်ပြလိုက်ပါတယ်။ ညီမလေးတို့လည်း Relationship တစ်ခုကို ခိုင်မြဲစေချင်တယ်၊ တည်ဆောက်ချင်တယ်ဆိုရင် ဒီအကျင့်လေးတွေကို ရှောင်ကြဖို့မမေ့နဲ့နော်…

၁။ လက်တွဲဖော်မှာ ရှိတာထက်ပိုပြီး မျှော်လင့်နေခြင်း။

လက်တွဲဖော်ကို အကောင်းဆုံးဖြစ်စေချင်တာကတော့ လုံးဝသဘာဝကျပါတယ်။ ဒါပေမဲ့ ဘဝမှာ အောင်မြင်မှုဆိုတဲ့ အရာကြီးတစ်ခုကို ညီမလေးတို့ရဲ့ လက်တွဲဖော်ကပဲ ဆောင်ကြဉ်း ပေးနိုင်လိမ့်မယ်လို့ ထင်ထားရင်တော့ အင်မတန်လွဲသွားပါပြီ။ လူတော်တော်များများက သူတို့ဘဝမှာ လိုအပ်တဲ့အရာတွေအားလုံးအတွက် သူတို့လက်တွဲဖော်ကိုပဲ မျှော်ကြည့်တတ်ပါတယ်။ ဒီလို လက်တွဲဖော်ကိုပဲ မျှော်လင့်ချက်တွေ တစ်ပုံကြီးထား ထားတာမျိုးက တစ်ဖက်သားကို ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။ ဒီဝန်ထုပ်ကြီး ကို အစပိုင်းတော့ သူထမ်းထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လေးလာပြီလို့ သူခံစားရလာတာနဲ့ တစ်ပြိုက်နက် ထွက်သွားပါလိမ့်မယ်။ ဒါကြောင့် Relationship တစ်ခုခိုင်မြဲချင်တယ်ဆိုရင်တော့ အပြန်အလှန်မှီခိုတဲ့ ပုံစံမျိုးတည်ဆောက်ဖို့လိုပါတယ်။

Related Article >>> သူမဘာလို့အေးတိအေးစက်ကြီးပြောင်းလဲသွားတာလဲ

၂။ မလိုအပ်ဘဲ အပိုတွေပြောနေတာမျိုး

မိန်းကလေးတွေရဲ့ နာမည်အကြီးဆုံး အရည်အချင်းတစ်ခုကတော့ စကားများတာပါပဲ။ ဒါပေမဲ့ ဒီအမှားလေးကလည်း လက်တွဲဖော်ကို ချစ်တဲ့အချစ်တွေရယ်၊ စိုးရိမ်စိတ်တွေကြောင့်ဖြစ်ရတာပါ။ တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် သူ့ကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တာက သဘာဝပါ။ ဒါပေမဲ့ သူ့ကို မလိုအပ်ဘဲ ဝေဖန်နေတာမျိုးက ရလာဒ်ကောင်းမထွက်တတ်ပါဘူး။ ဥပမာ ဇနီးဖြစ်သူက သူ့ရဲ့ယောက်ျားကို “ရှင် အိမ်မှာပဲ ထိုင်မနေနဲ့ဦးလေ၊ အလုပ်လေးဘာလေးထွက်ရှာဦး၊ အိမ်မှာလဲဆန်ကုန်နေပြီ ”လို့ပြောတယ်ဆိုပါစို့၊ ဒီစကားပြောတာဟာ ဇနီးတစ်ယောက်အတွက် ပြောကိုပြောရမယ့် စကားပါ။ ဒါပေမဲ့ အချိန်အခါလေးတော့လိုပါတယ်။ သူပြောလိုက်တဲ့အချိန် သူ့ယောက်ျားက ဘာတွေစိတ်ညစ်နေလဲ၊ ဘာတွေကြုံနေရလဲဆိုတာ မသိဘဲနဲ့ ပြောလိုက်ရင် လင်မယားနှစ်ယောက် နောင်ဂျိန်ချရတော့မှာပါ။ ဒီလိုဖြစ်ရပ်တွေက Relationship တိုင်းလိုလိုဖြစ်တတ်ပါတယ်။ ပြောတဲ့သူကလည်းမှန်တယ်ဆိုပေမဲ့၊ လက်တွဲဖော်မှာကလည်း သူ့ပြဿနာနဲ့သူ ရှိနေသေးတာမို့ အခြေအနေ အချိန်အခါကို လိုက်ပြီးပြောတာက အကောင်းဆုံးဖြစ်မှာပါ။ ဘယ်လိုပြောသင့်လဲဆိုတော့ နည်း ၂ နည်းတော့ရှိပါတယ်။ လက်တွဲဖော်ကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုပဲ ဖြစ်ဖြစ် တုံ့ပြန်ချက်၊ အကြံဉာဏ်တစ်ခုခုပေးတယ်မယ်ဆိုရင် “ငါတော့ မင်းကို ဒီဟာလေးပြောလို့ရမလားကွာ ”လို့ အရင်မေးပြီးမှ ပြောပါ။ ဒီလိုမပြောချင်ဘူးဆိုလည်း သူက ညီမလေးတို့ရဲ့ အကြံဉာဏ်ကို လိုချင်တယ်ပုံပေါ်မှ ပြောပါ။ ဒီလိုမျိုးမေးပြီးမှ ပြောမယ်ဆိုရင်သူ့ကို နားမလည်ရာလည်း မရောက်တော့ပါဘူး။

Related Article >>> ချစ်သူတွေကြားမှာ ခိုင်မာတဲ့ နှောင်ကြိုးလေးတွေ ဖန်တီးနိုင်ဖို့

၃။ လိုအပ်နေတဲ့အချိန်မှာ သူ့ကို လျစ်လျူရှုထားမိတာမျိုး

ခံစားချက်ဆိုတာကလည်း တစ်နေကုန် ခံစားချက်တစ်မျိုးတည်း ဖြစ်နေတာမဟုတ်ဘူးရယ်လေ.. အတက်အကျဖြစ်နေတာမျိုးပါ။ ဘယ်သူမှတော့ တစ်နေကုန် ပျော်မနေနိုင်ပါဘူး။ အလုပ်မှာလည်း အလုပ်ခွင်ဖိအားတွေ၊ အိမ်မှာဆိုလည်း အိမ်တွင်းရေးဖိအားတွေ ကြုံရတတ်ပါတယ်။ ဒါပေမဲ့ ဒါတွေက အရမ်းဝမ်းနည်းဖို့ မကောင်းပါဘူး။ ဝမ်းနည်းစရာ အကောင်းဆုံးကိစ္စကတော့ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံး၊အသိဆုံးလို့ ကိုယ်ယူဆထားတဲ့သူကပါ ကိုယ့်ခံစားချက်ကို နားမလည်တော့တဲ့ အချိန်မျိုးပါ။ ညီမလေးတို့ရဲ့ လက်တွဲဖော်က အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံရပြီး အိမ်ကိုပြန်လာတယ်ဆိုပါစို့။ အဲ့ဒီအချိန် ညီမလေးတို့ကလည်း အကြံဉာဏ်တွေ ချက်ချင်းကြီးသွားပေးလိုက်တဲ့အခါ သူ့ကို ပိုပြီးခံစားရစေပါတယ်။ အပေါ်မှာ ပြောထားသလို သူ မလိုအပ်တဲ့အချိန်မျိုးမှာ အကြံတွေ ဇွတ်သွားမပေးမိပါစေနဲ့။ သူ့အနေနဲ့ ဒီကိစ္စကိုအဖြေရှာဖို့အတွက် အချိန်ရောက်လာမှာပါ။ ဒါပေမဲ့ ပထမဆုံးသူလိုအပ်တာက နားထောင်ပေးမယ့်သူတစ်ယောက်ပါပဲ။ သူ့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို နားထောင်ပေးပါ။ သူဘယ်လို ခံစားရလဲဆိုတာကိုမေးမြန်းပါ။ ဖျားနေတဲ့အချိန်မှာတော့ “မင်းအဆင်ပြေရဲ့လား”ဆိုတဲ့ စကားလုံးလေးက ဖျားနေတဲ့သူရဲ့ စိတ်ကို ခွန်အားပိုဖြစ်စေပါတယ်။ “နေပူထဲလျှောက်ထွက်နေတာကိုး၊ ဖျားမှာပေါ့ ”လို့သွားမပြောလိုက်ပါနဲ့လား…

၎။ လုံးဝ လျစ်လျူရှုထားမိတာမျိုး။

သူ့နဲ့ပတ်သတ်ပြီး ဘာအကြံပေးချက်မှ မပြောတော့တာလည်း အစွန်းတစ်ဖက်ရောက်သွားပါတယ်။ ဒါဟာ လုံးဝလျစ်လျူရှုထားတာပါပဲ။ အပေါ်မှာ ပြောထားတဲ့ အမှားတွေက စကားများပြီးအကြံတွေ ဇွတ်ပေးနေခြင်းပါ။ အခုပြဿနာကတော့ လုံးဝ လျစ်လျူရှုပြီး ဥပေက္ခာပြုမိသွားတာမျိုးပါ။ ဒီအမှားကတော့ မှားတတ်သူနည်းပါလိမ့်မယ်။ ဒါပေမဲ့ Relationship အချိန်ကြာလာတာနဲ့ အမျှ လျစ်လျူရှုမိသွားတာ မျိုးဖြစ်တတ်ပါတယ်။ ဥပမာ ညီမတို့ရဲ့ ကောင်လေးက ချစ်သူသက်တမ်း အထိမ်းအမှတ်အဖြစ် ဘယ်နေရာသွားကြမလဲ မေးလာပြီဆိုပါစို့၊ အဲ့ဒီအချိန်မှာ ညီမလေးက ငါလည်းမသိဘူးလေ၊ သိပ်တော့လည်း အရေးမကြီးပါဘူး၊ ငါက ဘယ်နေရာရာဖြစ်ဖြစ်ရပါတယ် ဆိုတဲ့ အပြောမျိုးက မေးတဲ့သူကို တော်တော်အောင့်သက်သက်ဖြစ်စေပါတယ်။ ဒါဟာ သူ့သဘော အကြိုက်လိုက်တယ် ဆိုတဲ့ပုံစံလို ဖြစ်နေပေမဲ့ ညီမရဲ့ အကြံကို လိုချင်လို့ လာမေးတဲ့အချိန်မျိုးမှာတော့ တစ်ချက်ဂရုစိုက်ပြီး တစ်ခုခုပြန်ပြောလိုက်သင့်ပါတယ်။ အမှန်ဆို ပြောသင့်တာက “ငါလည်း အတိအကျတော့ မသိဘူးလေ၊ ဒါပေမဲ့ ငါတို့ ခုတလော စားသောက်ဆိုင် ကောင်းကောင်းမသွားရတာ ကြာပြီ။ စားသောက်ဆိုင် တစ်ဆိုင်ဆိုင်သွားရင်ရော အဆင်ပြေမလား ”ဆိုတဲ့ စကားမျိုး ပြန်ပြောလိုက်သင့်ပါတယ်။ ဒါဟာ Relationship တစ်ခုကို တည်မြဲစေနိုင်မယ့် အချက် နည်းနည်းလေးကိုပဲ ထုတ်ပြထားတာပါ။

ဒီအချက်လေးတွေကို ကျင့်သုံးပေးမယ်ဆိုရင် စုံတွဲတွေကြား ပြဿနာ ဖြစ်တာ တော်တော် လျော့နည်းသွားတာကို တွေ့ရမှာပါ။ ဒီအချက်တွေကို လုပ်ကြည့်တဲ့အခါ သူ့ကို စေတနာနဲ့ပြောတာကိုတောင်ဆင်ခြင်ရမှာလား ဆိုတဲ့အတွေးမျိုးတော့ ဝင်မိပါလိမ့်မယ်။ ဒါပေမဲ့ စေတနာကလည်း ဝေဒနာ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အချစ်တွေခိုင်မြဲလိုတယ်ဆိုရင် ချစ်တတ်တဲ့ နှလုံးသားတစ်ခုအပြင် တခြားသောအမူအကျင့်လေးတွေလည်း လိုနေပါသေးတယ်ဆိုတာကို ညီမလေးတို့ သဘောပေါက်နိုင်ကြပါစေရယ်လို့…

Ywan Si (For Her Myanmar )

Ref : http://www.lifehack.org/610153/the-hard-truths-about-giving-feedback-to-your-partner

No Comments Yet

Comments are closed