FUN Relationships

ဆယ်ကျော်သက်တုန်းက မေမေနဲ့ဆက်ဆံရေး Vs နှစ်ဆယ်ကျော်နောက်ပိုင်းမေမေနဲ့ ဆက်ဆံရေး

အမေ နဲ့ မကြာခဏ ကွိစိကွစ ဖြစ်ဖူးရင်လက်ထောင်ပါ …

အမေ နဲ့ သမီး ဆိုတာ သွေးအရလည်း သားအမိ တော်စပ်သလို အရင်းနှီးဆုံးမိတ်ဆွေတွေလည်း ဖြစ်ကြတယ်လေ။ အမျိုးသမီးအချင်းချင်းဆိုတော့ ဘာမဆိုပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လို့ရသလို အတင်းလေးဘာလေးတောင် အတူတူပြောဖြစ်ကြသေးတာကလား… အထူးသဖြင့် အမေ့အချစ်ဆုံးအမျိုးသား ကိုယ့်အဖေ အကြောင်း သားအမိနှစ်ယောက် အတင်းတုတ်ကြရတာပျော်စရာပါ။

အမယ် ဒီလိုဆိုတော့ အမေ နဲ့ သမီးကြား ကြည်နူးနွေးထွေးစရာလေး အမြဲရှိနေကြတာလား ဆိုတော့လည်း မဟုတ်ဘူးနော်။ နီးတကျက်ကျက် ဝေးတသက်သက် ဆိုသလိုပဲ မကြာခဏ ကွိစိကွစ စကားများရတာတွေလည်း ရှိသပေါ့။ဆယ်ကျော်သက်တုန်းဆို ပိုဆိုးပဲနော် .. နှစ်ဆယ်ကျော်ဆိုရင်တော့ အမေနဲ့ ဆက်ဆံရတာပိုအဆင်ပြေလာတယ်။ ဘယ်လိုမျိုးတွေလဲ ဆိုတော့ ….

အဝတ်အစားနဲ့ ပတ်သက်တဲ့အခါ

ဆယ်ကျော်သက်အရွယ် – အဝတ်အစားဝတ်မယ် ဆိုပါစို့။ ကိုယ်က ကိုယ့်စိတ်ကြိုက် အဂေါ်လေး အလန်းလေးဝတ်ချင်တယ်။ အမေက နင်ဝတ်ထားတာ ဘာဒီဇိုင်းကြီးတုန်း မဝတ်နဲ့ ဘာညာလုပ်တော့ နှုတ်ခမ်းစူ ခြေဆောင့်ပြီး ကလန်ကဆန်ုလုပ်မိရော။ ဒါမှမဟုတ် အခမ်းအနားပွဲလမ်းတွေသွားရင် ကိုယ်က ကိုယ့်အကြိုက်ခေါင်းအစခြေအဆုံးပြင်ဆင်ပြီးသွားချင်တယ်။ အဲမှာ အမေက ငယ်ငယ်တုန်းကလို သူပဲစိတ်ကြိုက်ပြင်ဆင်ပေးချင်တာနဲ့တိုးပြီး စကားများကြပါလေရော။

နှစ်ဆယ်အရွယ် – အမေက အဝတ်အစားဝတ်ရင် ငါဝတ်စေချင်တာဝတ်ရမယ်လို့ အရင်လိုအတင်းအကြပ်မပြောတော့ဘူး နည်းနည်းလျှော့လာတယ်။ ကိုယ့်ဘက်ကလည်း အမေက ဒါလေးဝတ်ပါလားလို့ အကြံပေးတာမျိုးဆို ကလန်ကဆန်မလုပ်တော့ဘဲ ဝတ်ကြည့်တာမျိုး လုပ်လာတယ်။ (ကိုယ်ဝတ်ချင်တာလည်း ဇွတ်ဝတ်ချင်ဝတ်တာပေါ့နော် 😛 )

Related Article >>> မေမေ့ထံသို့ အိတ်ဖွင့်ပေးစာ

မတည့်အတူနေတွေလေ

ဈေးဝယ်ထွက်တဲ့အခါ

ဆယ်ကျော်သက်အရွယ် – ကိုယ်ပိုင်ဝင်ငွေလည်းမရှိဘူး။ လိုချင်တာရှိရင် အမေဈေးဝယ်ထွက်မှ လိုက်ပြီး ကပ်ဝယ်ရတာလေ။
အဲဒီတော့ အမေ့အကြိုက် နဲ့ ကိုယ့်အကြိုက်မတူတဲ့အခါ ပြဿနာပါ။ ဘယ်လိုတွေဖြစ်ကြလဲ ဆိုတော့

အမေ – ဟဲ့ ဟိုဟာလေးနင်နဲ့လိုက်တယ်။ အဲဒါယူလိုက်

ကိုယ် – ဟာ၊ အဲ့ ဒီဇိုင်းကြီးက အဖွားကြီးဒီဇိုင်းကြီး။ သမီးက ဟိုဟာ လိုချင်တာ

အမေ – အာ ဘာဒီဇိုင်းကြီးလဲ ရှုပ်ယှက်ခတ် နေတာပဲ။ ဒါလေးပဲကောင်းတယ်…

အဲဒီလိုနဲ့ သဘောထားတွေကွဲလွဲကြတာ ကိုယ်လိုချင်တာမရရင် ဘာမှမယူဘူးလို့ အရွဲ့တိုက်စိတ်ကောက်ရတာတို့၊ အမေ ဇွတ်ဝယ်ပေးတာပဲ မလိုချင်ဘဲ ယူရတာတို့နဲ့ပဲ အဆုံးသတ်ကြသည်ပေါ့နော်။

နှစ်ဆယ်ကျော်အရွယ် – ကိုယ်ပိုင်ဝင်ငွေလေးလည်းရလာပြီး ကိုယ့်ဘာသာ ကိုယ်ကြိုက်တာဈေးဝယ်ထွက်ပြီး ဝယ်နိုင်သလို အမေ့ကိုလည်း သူကြိုက်တာလေး ဝယ်ပေးနိုင်ပြီ။ တစ်ခါတစ်ရံသူဝယ်ပေးတာရှိရင် သူစိတ်ချမ်းသာအောင်ဘာမှမပြောဘဲ ယူထားတတ်ပြီ။ (ပြီးရင်တော့ ချောင်ထိုးလိုက်တာပေါ့ 😛 )

Related Article >>> သွေးဆုံးခါနီးဖြစ်နေတဲ့ မေမေ့ကို ဘယ်လိုကူညီကြမလဲ?

အပြင်ထွက်လည်ချင်တဲ့အခါ

ဆယ်ကျော်သက်အရွယ် – အပြင်သွားမယ်ဆို စိတ်မချဘူးလေ။ ဒါကျ အမေတင်မကဘူး အဖေကပါ အလိုတူအလိုပါပဲ။ ဘယ်သွားမယ်ဆို မသွားနဲ့ ဆိုတာက အရင်။ ပိုဆိုးတာက ငါပါလိုက်ခဲ့မယ် ဆိုတဲ့စကားပဲ 😀 ကွကိုယ် သူငယ်ချင်းတွေနဲ့ ပျော်ပါးပါမယ်ဆိုကာမှ အမေပါရင် ပျော်စရာမကောင်းတော့မှာမို့ တော်ပြီ မသွားတော့ဘူး လုပ်လိုက်ရတာမျိုး

နှစ်ဆယ်ကျော်အရွယ် – ဒီအရွယ်မှာတော့ အရင်ကလောက် ဟိုမသွားနဲ့ ဒီမသွားနဲ့ မချုပ်ချယ်တော့ဘူး။ အပြန်နောက်မကျစေနဲ့နော် ဆိုတာလောက်ပဲလုပ်တော့တယ်။ ကိုယ်ကလည်း အပြန်အလှန်အနေနဲ့ အမေအပြင်ထွက်တဲ့အခါ အဖော်လုပ်ပေးရတာပေါ့လေ။

ဆယ်ကျော်သက်အရွယ်မှာ ကလေးတုန်းကလို နေရာတကာ အမေစီစဉ်သမျှမနာခံချင်ဘဲ ကိုယ့်စိတ်ကူးလေးနဲ့ ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်ဖြစ်လာတဲ့ ကိုယ်နဲ့ သားသမီးဆိုတာ အရွယ်ရောက်နေပြီလို့ ဘယ်တုန်းကမှလက်မခံချင်တဲ့ အမေနဲ့ ထိပ်တိုက်တွေ့ရောဆိုပါတော့။

ဒါပေမဲ့ အသက်နှစ်ဆယ်ကျော်ရဲ့ နောက်ပိုင်းကိုရောက်လာပြီဆိုရင်တော့ ဆယ်ကျော်သက်တုန်းကလောက် အမေနဲ့ တကျက်ကျက်မဟုတ်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပိုရလာသလို ခံစားလာရပါတယ်။ ငယ်ငယ်က အပြင်ပေးမထွက်တာ ကိုယ်တစ်ခုခုဖြစ်မှာ စိတ်ပူလို့ ဆိုတာမျိုး၊ ကိုယ်မကြိုက်ပေမဲ့ သူလှတယ်ထင်တာလေးတွေဆင်တာ ကိုယ့်ကို လှစေချင်လို့ ဆိုတာမျိုး နားလည်တတ်လာပြီပေါ့နော်… အမေ့နေရာက ဝင်ပြီး ခံစား နားလည်ပေးတတ်လာတယ်လို့ ဆိုရမှာပေါ့…

ဒီလိုနားလည်လာလို့မို့ အမေနဲ့ စကားများရတာ၊ ကွိစိကွစိဖြစ်ရတာ မရှိတော့ဘူးလား ဆိုပြန်တော့လည်း မဟုတ်ဘူးရယ် 😀 ပြောသားပဲ နီးတသက်သက်၊ ဝေးတကျက်ကျက်ပါဆို။ ဘာပဲဖြစ်ဖြစ် အမေ နဲ့ သမီး ဆက်ဆံရေးဟာ မတည့်အတူနေ၊ မမြင်ချောင်းကြည့် ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ တစ်သက်လုံးချစ်သွားကြမှာပါပဲ။

ယောင်းအမေ နဲ့ ယောင်းနဲ့ရဲ့ အမှတ်တရဖြစ်ရပ်လေးတွေရှိရင်လည်း ပြောပြသွားဦးနော်…

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *