သူ့ကိုမကြိုက်ပါဘူး

 

ချစ်တယ်ဆိုတာနဲ့၊ ကြိုက်တယ်ဆိုတာကြားက ကွာခြားချက်… ပြီးတော့… တို့နှစ်ယောက်ကြားက ဆက်နွယ်မှု။

ဒီနေ့ ချစ်သူများနေ့အတွက် ပန်းဆိုင်တစ်ခုက ကြော်ငြာမှာ စာသားလေးတစ်ကြောင်း တွေ့လိုက်ရတယ်။ I fall for you everyday တဲ့။ မင်းကိုသဘောကျတဲ့စိတ်က နေ့တိုင်းအသစ်ဖြစ်နေတယ်လို့ ဘာသာပြန်လို့ရမလားပဲ။ Falling for you ဆိုတာက I love you ဆိုတာနဲ့တူတူပဲတဲ့။ မင်းကိုချစ်တယ်လို့ ပြောတာပါတဲ့။

ကိုယ်ကတော့ အဲ့ဒီစကားကို မင်းကိုချစ်တယ်ဆိုတာထက် တခြားတစ်ခုနဲ့ မြင်မိတယ်။ မင်းအတွက် ရင်ခုန်တယ်ပေါ့။ ငါ့နှလုံးသားလေး ပြုတ်ကျသွားပြီပေါ့။ ဒါမဲ့ ကိုယ်ကတော့ ချစ်ကို I don’t fall for you everyday ပါလို့။ ကိုယ်ကချစ်ကို ကြိုက်တာမှမဟုတ်တာ ချစ်တာပဲကို။ ချွဲတာ အယ်လယ်။

Related article >>> ရက် ၁၀၀ သား အချစ်ငယ်ငယ်လေးအကြောင်း

တို့နှစ်ယောက်လုံးက ace လို့ခေါ်တဲ့ asexual တွေဖြစ်ကြတာမို့ တစ်ယောက်အပေါ်တစ်ယောက် ဆွဲဆောင်မှုကို မခံစားရဘူးကိုး။ စချစ်ကတည်းက အဝေးကြီးမှာ ရှိနေကြတဲ့သူတွေမို့ ဆွဲဆောင်မှုဆိုတာ ဘာလဲတောင် ပြန်မေးကြရမယ့်လူတွေ။ ထူးတော့ထူးဆန်းတယ်နော်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖူးတဲ့အခေါက်ဆိုတာ လက်ချိုးရေလို့ရတဲ့ လူနှစ်ယောက်က သိပ်ချစ်ကြတဲ့ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတာ။

ချစ်မှတ်မိလား… တို့နှစ်ယောက် စချစ်ကြတုန်းက တို့တွေ တစ်ယောက်မျက်နှာတစ်ယောက် မြင်ရတာတောင် မဟုတ်ဘူး။ မတွေ့ရတာလဲ ခြောက်လကျော်တောင် ရှိနေတဲ့အချိန်။ အဲ့ဒီ ဆယ်ခါပြည့်အောင် မဆုံဖူးကြတဲ့ လူနှစ်ယောက်က ချစ်သူတွေဖြစ်သွားကြတယ်တဲ့။ စစချစ်တုန်းက သူ့ရုပ်ကိုယ့်ရုပ် မြင်ရတာမဟုတ်ဘဲ လွန်ခဲ့တဲ့ ခြောက်လက တွေ့ခဲ့တာလေးကို မှန်းဆချစ်ခဲ့ကြတဲ့ တို့နှစ်ယောက်ရယ်လေ။ စာရိုက်ပြောတာ အားမရတော့ အသံမက်ဆေ့တွေ အပြန်အလှန်ပို့လို့ ကိုယ့်ချစ်သူဆိုတာ ရုပ်ထက်ကို ဒီအသံလေးရယ်လို့ ချစ်ခဲ့ကြရတာ။

ကိုယ့်အိမ်မှာ wi-fi စရတော့ ပထမဦးဆုံး video call ခေါ်တာလဲ မှတ်မိသေးတယ်။ နှစ်ယောက်သာ တဟီးဟီးနဲ့ ရယ်နေတာကလွဲလို့ ဘာပြောရမယ်မှန်းမသိဘဲ အိုးတိုးအမ်းတမ်းဖြစ်နေကြတာကို။ ဒီနောက်တော့လဲ နေ့တိုင်း သူနဲ့မှ video call လေး မပြောလိုက်ရရင် မနေနိုင်လောက်အောင် သံယောဇဉ်တွေ ကြီးခဲ့ကြတယ်။ ကောင်လေးချောချောလေးတွေပဲ ကြိုက်တာပါလို့ ကြွေးကြော်ခဲ့တဲ့ကိုယ်လဲ ကိုယ့်ဖုန်းမျက်နှာပြင်မှာပေါ်ပေါ်လာတဲ့ ကောင်မလေးရဲ့ ချစ်စရာအင်မတန်ကောင်းသလောက် ဘယ်လိုမှမလှတဲ့ မျက်နှာဝိုင်းဝိုင်းလေးကို လှလိုက်တာလို့ မြင်တတ်လာတယ်။ ချစ်လဲတူတူပဲနေမှာပါ။ ကိုယ့်ကိုလှတယ်လို့ပြောတာ အမေကလွဲရင် ချစ်ကဦးဆုံးပဲလေ။

ပြောရရင် တို့နှစ်ယောက်က ရုပ်ကိုမြင်ပြီးမှ ကြိုက်ကြတဲ့သူတွေ မဟုတ်ဘူးနော်။ အချင်းချင်း ရင်ချင်းဆက်နွယ် ချစ်ပြီးတော့မှ အဲ့ဒီအချစ်ရဲ့ အရှိန်အဝါနဲ့ အချင်းချင်းကို လှတယ်လို့ မြင်လာကြတာ။ အာ့ကြောင့်ပြောတာပေါ့… သူ့ကိုကြိုက်ပါဘူးလို့။

တို့နှစ်ယောက် တရားဝင် ချစ်သူဖြစ်ခဲ့တဲ့အချိန်က ခြောက်လတည်းဆိုပေမဲ့ တို့တွေ အချင်းချင်းချစ်တယ်လို့ အခွင့်အရေးရတိုင်း စသလိုနောက်သလိုကော၊ အတည်ပေါက်ပါ ပြောနေကြတာ ဘယ်လောက်ကြာပြီလဲ။ ကေပေါ့ကြိုက်တဲ့ အစ်မကြီးနဲ့ ညီမလေးအဖြစ်နဲ့ မုန့်ချိန်းစားပြီး အိမ်ပြန်ဖို့အချိန်ရောက်မှာ ကြောက်နေကြကတည်းက တစ်ယောက်ကိုတစ်ယောက် ချစ်နေတယ်ဆိုတာ ဖွင့်မပြောဘဲ ခံစားနေရတာကော ဘယ်လောက်ကြာပြီလဲ။

ဘယ်နှစ်ခါမှ အပြင်မှမတွေ့ဖူးသူကို ချစ်ရတာ။ မတွေ့ရတာ နှစ်ဝက်လောက်ရှိတဲ့သူကို ချစ်ရတာ။ နောက်ထပ်နှစ်ဝက်ကျော် မတွေ့နိုင်ဘူးလို့ သိနေရတာ။ အင်တာနက်လိုင်းမကောင်းရင် တူတူရှိနေခွင့်မရတာ။ ကိုယ့်ချစ်သူ ကိုယ့်အနားမှာ ရှိနေပြီး လျှောက်လည်ရတယ်ဆိုတဲ့ ခံစားချက်က ဘယ်လိုမှန်းမသိနိုင်တာ။ ကိုယ့်ချစ်သူရယ်လို့ လက်ဆုပ်လက်ကိုင် ပြစရာက ဖုန်းမျက်နှာပြင်ပေါ်က မျက်နှာလေးကွက်ကွက်လေးပဲ ဖြစ်နေတာ။ အဲ့ဒီအရံအဆီးတွေကို ကျော်ဖြတ်ပြီး ချစ်ခဲ့ကြတာ။ အနားမှာရှိမပေးနိုင်မှန်း သိသိကြီးနဲ့ သတ္တိရှိရှိ ချစ်ခဲ့ကြတာ။ တို့နှစ်ယောက်အချစ်က သာမာန်အချစ်မဟုတ်ပါဘူးနော်။

Related article >>> အချစ်ဆုံးသူ့ဆီရေးတဲ့စာ

ကိုယ့်ရဲ့ စိုးရိမ်လွန်ရောဂါ၊ စိတ်ကျရောဂါတွေကြောင့် ဖြစ်လာတဲ့ ပြဿနာတွေ၊ ချစ်ရဲ့ မချစ်တတ်တာကြောင့် ဖြစ်လာတဲ့ ကတောက်ကဆတွေ၊ အနားမှာမရှိတာကြောင့် ခက်ခက်ခဲခဲ ဖြေရှင်းခဲ့ရတဲ့ အဖုအထစ်သေးသေးလေးတွေ၊ ဒါတွေကို အကုန်ကျော်ဖြတ်ပြီး တို့တွေချစ်သက်တမ်း ခြောက်လတောင် ရှိခဲ့ပြီနော်။ ခြောက်လသာဆိုတယ် ကိစ္စတွေ အများကြီးဖြစ်ထားတာမို့ အချိန်အကြာကြီးလို ထင်ရတယ်။ ဒီခြောက်လလုံးလုံး ကြံ့ကြံ့ခံခဲ့သလိုပဲ ကျန်တဲ့ ဝေးရဦးမယ့် တစ်နှစ်ခွဲမှာ တို့တွေ ခရီးအဝေးကို အန်တုပြီး ဆက်သွားကြရအောင်နော်။

တို့တွေ အချင်းချင်း နေ့တိုင်းသဘောကျတဲ့စိတ် အသစ်ဖြစ်စရာမလိုဘူး။ အခုချစ်နေတဲ့ အချစ်ကိုပဲ ပိုပြီးခိုင်မာလာဖို့ လိုတယ်။ ကိုယ်ပြောပါတယ် သူ့ကိုမကြိုက်ပါဘူးလို့။ ကိုယ့်ချစ်ရတဲ့သူတစ်ယောက်လိုတင်မကဘဲ၊ မိသားစုလိုရော၊ သူငယ်ချင်းတစ်ယောက်လိုပါ ဖြူစင်တဲ့အချစ်နဲ့ ချစ်ရတဲ့ ချစ်ကလေးရေ Happy monthversary ပါ။

Khine (For Her Myanmar)

No Comments Yet

Comments are closed