Love Relationships

ကျွန်မရှင့်ကို မချစ်ပါဘူး။

ပျိုမေတို့ စိတ်ထဲက ချစ်သူကိုဖွင့်မပြောဖြစ်တဲ့ စကားအချို့ပါ။

 

 

ရှင်စွပ်စွဲတဲ့အတိုင်းပါပဲ။

ကျွန်မ ရှင့်ကို မချစ်ပါဘူး။

ကျွန်မက ကိုယ့်ကိုယ်ကိုပဲ ချစ်တာ။ ကျွန်မစိတ်ချမ်းသာရတာပဲ ကျွန်မလိုချင်တယ်။ ဒါပေမယ့် ရှင်ပျော်နေတာ မြင်ရရင် ကျွန်မလည်းပျော်တယ်။ စိတ်ချမ်းသာတယ်။

ကျွန်မကိုယ်တိုင် စိတ်ချမ်းသာဖို့ ရှင့်ကိုပျော်အောင် လုပ်ပေးနေမိတာပါ။

 

ကျွန်မက အတ္တကြီးတယ်။

ရှင်နဲ့ ပတ်သက်တဲ့ အရာရာတိုင်း ကျွန်မနဲ့ပဲ သက်ဆိုင်စေချင်တယ်။ ရှင့်ရဲ့ အဝတ်အစားတွေ ကျွန်မမီးပူတိုက်ပေးမယ်။ ရှင်ကြိုက်တတ်တာလေးတွေ ကျွန်မ ချက်ကျွေးချင်တယ်။ ကျွန်မချစ်တဲ့ ယောက်ျားအတွက် ကျွန်မပဲ တာဝန်ယူချင်တာပေါ့။ တခြားမိန်းမက လုပ်ပေးရတာမျိုး မလိုချင်တာ ကျွန်မအပြစ်လား။

 

ကျွန်မက မနာလိုဖြစ်တတ်တယ်။

ရှင့်ဘေးနားက ကောင်မလေးတွေကို ကျွန်မ ကြည့်မရဘူး။ ဘာလဲ။ ရည်းစားရှိတဲ့ ယောက်ျားတစ်ယောက်ကို အီစီကလီလုပ်ရအောင် သူတို့က စနိုက်ကြော်လား။ ငါ့သူငယ်ချင်းတွေပါ လာမပြောနဲ့။ ကျွန်မရော ယောက်ျားလေး သူငယ်ချင်းတွေကို ပလူးပလဲလုပ်လို့လား။ စကားပြောရင် ချွဲပစ်နေလို့လား။ ကင်းကင်းရှင်းရှင်းနေစမ်းပါရှင်။ ကျွန်မချစ်တဲ့ ယောက်ျားကို နာမည်ဆိုး မထွက်စေချင်ဘူး။

 

အလှအပမက်လွန်းတာလည်း ကျွန်မပဲပေါ့။

ရှင့်ကို ဂရုမစိုက်ရလောက်တဲ့အထိ ပြင်ဆင်နေတာမဟုတ်ဘူးလေ။ ကျွန်မပြင်နေတာ တခြားယောက်ျားတွေ ကြည့်ဖို့အတွက်များ မှတ်နေလား။ အသစ်အသစ်လေးတွေ ဖလန်းဖလန်းထနေတဲ့ ခေတ်ကြီးမှာ ကျွန်မကတော့ အဖွားကြီးလို့ အခေါ်မခံနိုင်ပေါင်။ တခြားသူနောက် ပါမသွားဖို့ ကျွန်မကတော့ ရှင့်ကို ဆွဲဆောင်ရမှာပဲ။

 

 

ထူးချွန်ထက်မြက်တဲ့မိန်းမတွေဟာ ဘလာဘလာ လို့အော်နေတဲ့ထဲ ကျွန်မမပါဘူး။

ကျွန်မထူးချွန်တဲ့ ပညာရပ်တွေရှိသလို တစ်ဖက်ကလည်း ရှင့်ကို မလစ်ဟင်းရအောင် ဂရုစိုက်နေတယ်ဆိုတာ ရှင်နားလည်ပါ။ ကျွန်မလိုမိန်းမမျိုးရတာ ကံကောင်းတယ်မှတ်။

အစွမ်းကုန်ချစ်ပေးနိုင်တယ်။ နည်းနည်းပါးပါးတော့လည်း အဖက်ပြန်လုပ်ဦးပေါ့။

 

ကျွန်မက တစ်ဇွတ်ထိုးရှင့်။ ကိုယ်မှန်တယ်ထင်တာ လုပ်တတ်တယ်။ လိမ်ညာတာလည်း ဝါသနာမပါဘူး။ ဒါပေမယ့် ကျွန်မကိုတော့ လာမလိမ်နဲ့။ ပြန်လိမ်ပစ်လိုက်မှာ ဗိုက်ခေါက်ကို။ ချစ်လွန်းလို့ အိမ်ဦးခန်းမှာ တင်ထားပြီးရှာကျွေးလိုက်မယ်။ သစ္စာမရှိရင်တော့ မီးခွက်ဈေးက ခုံဖိနပ်စီးပြီးတော့ကို ကန်ချမှာ။ ဒါပဲ။

 

ကျွန်မရှင့်ကို ချစ်တယ်။ ကျွန်မချစ်သလို ပြန်ချစ်ပေးရမယ်မပြောဘူး။ ရှင်ချစ်နိုင်သလောက်ချစ်။ တိုးမလာရင်တောင် တနေ့တခြား လျော့သွားတာမျိုး မဖြစ်စေနဲ့။

ရေစက်ဆုံခဲ့ရင် ရှင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးယောက်ျား ဖြစ်စေရမယ်။

ကွဲကွာခြင်းဆိုတဲ့ အဆုံးသတ်ကို ရှင်ဖန်တီးခဲ့ရင်တော့ ကျွန်မကို မရလိုက်လို့ နောင်တမရပါစေနဲ့။

 

Verte (For Her Myanmar)

Christina Rosy
နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *