အချစ်ရေးအတိုင်ပင်ခံတွေသာသိနိုင်မယ့်အချက် (၅) ချက်

ကဲ .. ဒီလိုသူငယ်ချင်းလေးတွေဆိုတာ ရှာမှရှားနော်… 

‘ဟဲ့…သူနဲ့ငါဒီတစ်ခါတော့တကယ်ပြတ်ပြီ’ ‘နင်ပြောတာမှန်တယ်(တစ်ခါမှလဲနားမထောင်ဘူး မှန်တယ်ပြောပြီး ) ငါဒီလိုမျိုးဆက်ဆံလိုက်ရမှာ’ ဆိုပြီးအစလေးတွေချီ ကိုယ့်chatbox မှာသူတို့ရဲ့ပြောမဆုံးပေါင်တောသုံးထောင်ဇာတ်လမ်းတွေ တစ်နေ့တစ်မျိုးမရိုးမထပ်နိုင်အောင်ကြားရပြီလား? ‘ငါကလေ သူ့ကိုတကယ်ချစ်တာ ဗြဲ’ ဆိုပြီးငိုကြီးချက်မနဲ့လူရှေ့သူရှေ့မရှောင်ငိုယိုနေတဲ့သူငယ်ချင်းကိုရောနှပ်တွေ၊မျက်ရည်တွေ သူတို့ရည်းစားအစားကူသုတ်ပေးခဲ့ပြီလား? ပြီးရင်နေ့ရောညရော (သူတို့နှစ်ယောက်ပြန်အဆင်မပြေမချင်း) ကိုယ်ကကြားကနေဟိုလူ့ကောင်းကွက်၊ ဒီလူ့ကောင်းကွက်လေးတွေပြောရင်း ဝင်ဖြေရှင်းဖူးပြီလား? အာ့တွေအကုန်လုပ်ပေးပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်…အနာဂတ်မှာ အပျိုကြီးဖြစ်နိုင်ချေများတဲ့ အချစ်ရေးအတိုင်ပင်ခံလေးတို့   သူများအတွက်ပိုအနွံတာခံစဉ်းစားပေးတတ်တဲ့ယောင်းတို့ရဲ့အတွေးလေး တချို့ကို နှင်းက ကိုယ်စားပြောပြပေးချင်လို့ပါနော်..

(၁) အချစ်ကိုသူများထက်အဓိပ္ပာယ်ပိုသိတယ်။

အံ့သြသွားလား? တကယ်တချို့တချို့သော လေးလေးနက်နက်မရှိတဲ့လူတွေထက် အချစ်အကြောင်းပိုနားလည်တတ်ပြီး သေချာစဉ်းစားပေးတတ်တဲ့သူတွေပါ။ အချစ်နဲ့ထိတွေ့ချင်မှထိတွေ့ဖူးမယ်။ အချစ်ကြောင့်လဲအကြီးအကျယ် ခံစားရချင်ခံစားရဖူးမယ်။ ဒါပေမဲ့ ‘အချစ်ဆိုတာဒါပါလား’ လို့ သူများတွေပါဓာတ်သိသွားအောင်ပြောတတ်တဲ့လူမျိုးလေးတွေပါ။

(၂) လူတွေအကြောင်းပိုနားလည်တတ်တယ်။

လူနှစ်ယောက်နေရာကနေ တစ်လှည့်စီအမြဲစဉ်းစားပေးရတော့ ‘သူ့နေရာမှာငါဆိုရင်ဘယ်လိုတွေးမလဲ’ ဆိုတဲ့အတွေးနဲ့ ခဏခဏကိုယ်စားတွေဝင်ရင်း ‘ဪ ဒီလိုပြောရင်၊ ဒီလိုလုပ်ရင် သူဒီလိုခံစားရမှာပါလား’ ဆိုတဲ့ကိုယ်ချင်းစာစိတ်ကသူများထက်ပိုရှိပြီး၊ လူတွေရဲ့စိတ်နေသဘောထားကိုစကားတစ်ချက် ဟ,ရုံနဲ့သူများထက်ပိုနားလည်တတ်ပါတယ်။

Related Article >>> အပေါင်းအသင်းများတဲ့သူတွေသာ နားလည်နိုင်မယ့် ဒုက္ခ

(၃) စိတ်ရှည်သည်းခံတယ်။

သူများအပူကို ကိုယ့်အပူယူလုပ်ပြီးကြားဝင်ဖျန်ဖြေပေးဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ရှည်ရုံမျိုးနဲ့မှမရတာ (အပူမလိုချင်လို့ရည်းစားမထားတဲ့သူငယ်ချင်းတွေထဲက ဒီလိုသူများအပူတွေယူပြီးခံစားတတ်တဲ့လူပါရင် အရမ်းကံကောင်းပါတယ်၊ သူကိုယ့်ကိုအရမ်းသံယောဇဉ်ရှိလို့ဒီလိုအငှားခံစားချက်နဲ့စဉ်းစားပေးတာပါ)။ နှစ်ယောက်လုံးရဲ့တင်းမာနေတဲ့အခြေအနေကြောင့် ဖြေရှင်းရခက်နေတဲ့အခြေအနေမှာတောင် ထမင်းမေ့ဟင်းမေ့ကူညီပေးနိုင်သူလေးတွေပါ။

(၄) အနစ်နာခံတယ်။

ပြဿနာဖြစ်တဲ့တောက်လျှောက်မှာတော့ သူ့ဆီတောက်လျှောက်ကရားရေလွှတ် တတွတ်တွတ်နဲ့ ငိုလိုက်ယိုလိုက်၊ ဒေါသတွေဖြစ် ခံစားချက်ပေါင်းစုံနဲ့ ပြောဆို၊ တကယ်အဆင်ပြန်ပြေတော့ ‘ဪ ငါဝင်ဖျန်ဖြေပေးလို့အဆင်ပြေသွားပါလား’ ဆိုတဲ့ပီတိကလွဲပြီးကျန်တာဘာမှမရပေမယ့် ရန်ဖြစ်တိုင်းအမြဲအဖြေတွေ၊ နည်းလမ်းကောင်းတွေရှာပေးမယ့် အနစ်နာခံသူတွေပါ။

(၅) ပြဿနာတွေကနေအဖြေရှာရင်းပိုကောင်းတဲ့အချစ်ရေးကိုတည်ဆောက်နိုင်တယ်။

လောလောဆယ်အသည်းကွဲထားလို့ (သို့မဟုတ်) အပူမရှာချင်သေးလို့၊ ချစ်သူရည်းစားမထားတာမှန်ပေမယ့် တကယ်အတည်တကျတည်ဆောက်တော့မယ်ဆိုရင် ရှေ့ကစီနီယာတွေရဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံထဲက ကောင်းနိုးရာရာလေးတွေကိုဆွဲထုတ်ပြီး လိုသလိုအတိုးအလျှော့လေးတွေနဲ့ ပိုကောင်းတဲ့အချစ်ရေးကိုတည်ဆောက်နိုင်မယ့်လူမျိုးတွေပါ။

ကဲ.. ဒီတော့…ယောင်းတို့မှာဒီလို ကိုယ့်အချစ်ရေးကိစ္စတစ်ခုခုဖြစ်တိုင်း တိုင်ပင်အကြံပေးတဲ့သူငယ်ချင်း၊ ညီအစ်မ၊ ဆွေမျိုးနီးစပ်တော်သူ စသည်ဖြင့်ရှိနေရင် အမြဲသူတို့အပေါ်လေးလေးနက်နက်ထားဆက်ဆံပေးပါ။ ကိုယ့်ဆီကဘာမှမမျှော်လင့်ဘဲ အနစ်နာခံနားထောင်၊ ကူညီတတ်သူတွေမို့ သူတို့အကြံပေးစကားကိုအလေးထားပြီး နေကြည့်ပါ။ တချို့အတိုင်ပင်ခံလေးတွေက သူတို့ဘဝမှာတကယ်ကြုံခဲ့ပြီး စိတ်ထိခိုက်ခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ယှဉ်ရင်း အလေးထားအကြံပေးတာမို့ ရှေ့ဖြစ်ဟောထက်တောင်ပိုမှန်နေတတ်ပါတယ်။ သူကသေချာအကြံပေးထားပါလျက်နဲ့ အမှားကိုထပ်ခါထပ်ခါလုပ်ရင်း သူတို့ပြောသလိုကြုံတွေ့လာတဲ့အခါ သူတို့ကပိုစိတ်မကောင်းဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုတန်ဖိုးရှိရှိလူလေးတွေကိုအမြဲမမေ့ထားဖို့၊ သူတို့စကားလေးတွေကိုလဲ အလေးအနက်ထားဖို့ရည်ရွယ်ရင်း အတိုင်ပင်ခံလေးတွေအားလုံးလည်း ကိုယ်ပြုတဲ့ကောင်းမှုနဲ့ ထပ်တူရောင်ပြန်ဟပ်ကြပါစေလို့ ….

ဒီစာလေးဖတ်ပြီးသွားရင် ယောင်းတို့ရဲ့ အကြံပေးလေးတွေကို Mention ခေါ်သွားကြဖို့ မမေ့နဲ့နော်…

Hnin Ei Oo ( For Her Myanmar )

No Comments Yet

Comments are closed