Letters From the Heart

တစ်ဦးတည်းသော ကလေးမို့

ကလေးဆန်တဲ့ ကျွန်မတို့မှာလည်း နာကျင်မှုဆိုတာရှိပါတယ်။

“တစ်ဦးတည်းသောသမီး” ပါလို့ပြောလိုက်တဲ့အခါကျရင် လူတွေက”အလိုလိုက်ခံရမှာပဲနော်။ အိမ်ကသိပ်ချစ်မှာပဲနော်” စတဲ့ စကားတွေနဲ့ အားကျသယောင် ပြောကြပါတယ်။
ဟုတ်ပါတယ် တစ်ယောက်ထဲမွေးလာတာဖြစ်လို့ မိဘရဲ့ အချစ်၊ မိသားစုရဲ့အချစ် အားလုံးကို သိမ်းပိုက်နိုင်ပါတယ်။
မောင်နှမရှိတဲ့ သူတွေထက် အခွင့်အရေးပိုရပါတယ်။
မိသားစုထဲမှာ တစ်ဦးတည်းသောအပြင် အငယ်ဆုံးကလေးပါ ဖြစ်ကြည့် အားလုံးက တုန်နေအောင်ချစ်ကြတယ်။

အဲ့လို အားကျစရာကောင်းတဲ့ အချစ်တွေ ပိုင်ဆိုင်ထားတဲ့ ကျွန်မတို့မှာလည်း စိတ်ဖိစီးမှုတွေရှိပါတယ်။
အချစ်ခံလူတန်းစား ကျွန်မတို့ဟာ ဖိအားပိုပေးခံရပါတယ်။ သူများ နှစ်ဆဆို ကျွန်မတို့အတွက် ၁၀ဆလောက် ဖိအားပေးခံရပါတယ်။
မိသားစုရဲ့ မျှော်မှန်းချက်တွေဟာ ကိုယ်တစ်ယောက်ထဲ အပေါ်မူတည်နေတယ်။ တာဝန်တွေကို ခွဲဝေယူမယ့် ညီအစ်ကို၊ မောင်နှမလည်းမရှိဘူး။

ကိုယ့်ကို ယုံကြည်ထားတဲ့ ကိုယ့်မိဘတွေ စိတ်ပျက်မှာ အရမ်းကြောက်တယ်။ တစ်ခုခု အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရင် စိတ်ဓာတ်ကျမဆုံး ဖြစ်ရတယ်။ ဒါတွေကို ကျွန်မတို့လို တစ်ဦးတည်းသော အချင်းချင်းပဲနားလည်နိုင်တယ်။

အပြင်လောကရောက်တဲ့အခါလည်း
“သူက တစ်ဦးတည်းသောသမီးလေ။ အဲ့ဒါကြောင့် နားလည်မှုမပေးနိုင်တာ” အဲ့လိုစကားမျိုးကြားရတဲ့အခါ အစပိုင်းမှာတော့ ဘယ်လိုမှမခံစားရပေမယ့် ကြားရဖန်များလာတဲ့အခါ အားငယ်လာတယ်။ အားလုံးက ခွဲခြားဆက်ဆံသလို ခံစားလာရတယ်။

တစ်ဦးတည်းသောတွေကို လူတွေ သတ်မှတ်ထားတဲ့ မကောင်းတဲ့ နာမဝိသေသနတွေက “တစ်ကိုယ်ကောင်းဆန်တယ်၊ ရင့်ကျက်မှုမရှိဘူး၊ သူများကို မျှဝေဖို့ထက် ကိုယ့်ကိုယ်ကို ချစ်ဖို့ပဲသိတယ်။”

ဟုတ်ပါတယ်။ ကျွန်မတို့ တစ်ကိုယ်ကောင်းဆန်ပါလိမ့်မယ်။
မိဘရင်ခွင်ကထွက်ပြီး အပြင်လောကမှာ သူငယ်ချင်း၊ မိတ်ဆွေတွေရလာတဲ့အခါ အနေအထိုင်မတတ်တော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ သတ်မှတ်ခံခဲ့ရတယ်။ မသိလိုက်တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ပြစ်မှုမြောက်သွားတယ်။

Related Article >>> လက်လွှတ်ခြင်း အနုပညာ

မိသားစုရဲ့ အမြဲဦးစားပေးခြင်းခံခဲ့ရတဲ့အခါ သူငယ်ချင်းတွေအပေါ်မရည်ရွယ်ဘဲ အခွင့်အရေးတွေ ယူမိတယ်။ အနိုင်ကျင့်ချင်တဲ့ စိတ်တစ်စက်မှ မရှိခဲ့ပါဘူး။
တစ်ယောက်တည်း နေခဲ့ရတဲ့ ဘဝမှာ ပျော်ရွှင်စရာဆိုတဲ့ သူငယ်ချင်းတွေရလာတော့ စိတ်လွှတ်ကိုယ်လွှတ် ပေါင်းမိတယ်။ သူစိမ်းတွေပါလားဆိုတဲ့ အရာကို မေ့ပြီး မိသားစုဆိုတဲ့ အတွေးဝင်လာတယ်။
ကိုယ်ကအရမ်းချစ်တဲ့အတွက် ကိုယ့်ကိုလည်း ကိုယ်ချစ်သလောက် ပြန်ချစ်မှာပဲလို့ ကျိန်းသေတွက်မိတယ်။

မိသားစုလို သတ်မှတ်မိတဲ့အတွက် ကိုယ့်အိမ်မှာ ကလေးဆိုးဆိုးသလို ဆိုးမိတယ်။ တစ်ချက်မေ့သွားတာက သူတို့လည်း သူတို့မိသားစုမှာ ဗိုလ်တွေပဲလေ။ ကိုယ့်ထက် လောကကြီး အကြောင်းကို ပိုသိလို့ ရင့်ကျက်နေပေမယ့် သူတို့စိတ်ထဲမှာလည်း အခွင့်အရေးယူခံရတယ်လို့ တွေးမိမှာပဲလေ။ သူတို့ဘက်ကကြည့်ရင်လည်း သူငယ်ချင်းက အခွင့်အရေးတွေယူနေလို့ စိတ်မကောင်းစရာပေါ့။

ကျွန်မတို့ကို “အမြဲတမ်း ဂျီတိုက်နေတယ်”လို့ သူငယ်ချင်းတွေကြားထဲ သတ်မှတ်ခံရတယ်။ လိုချင်တာမရရင် ငိုဖို့ပဲသိတဲ့ Crying Babyတွေပေါ့။ အခုလို အပူတိုက်မိတဲ့ အတွက်လည်း တောင်းပန်ပါတယ်။ အထီးကျန်တဲ့ ဘဝမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေကို နားထောင်ပေးမယ့် သူမရှိလို့ မြိုသိပ်ခဲ့ရတယ်။ ရင်ဖွင့်ဖို့ မိသားစုတော့ ရှိတာပေါ့။ ဒါပေမဲ့ သက်တူရွယ်တူ စိတ်တူကိုယ်တူတွေကသာ ပိုလို့ နားလည်ပေးနိုင်တာ မဟုတ်လား။

ရေငတ်တုန်းရေတွင်းထဲကျဆိုသလို အပေါင်းအသင်တွေလည်းရရော အားနာရကောင်းမှန်းမသိ ရင်ဖွင့်မိတယ်။ တစ်ခုခုဆို ပြေးပြီးအပူကပ်မိတယ်။ သူငယ်ချင်းတွေက ကိုယ့်ကို အားကိုးတကြီး ရင်ဖွင့်လာဖို့လည်း မျှော်လင့်မိတယ်။ သူတို့လိုအပ်ရင် အကြံတွေပေးဖို့လည်း တောင်ပုံယာပုံ စဉ်းစားထားတယ်။ သူတို့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ကြည့်ချင်တယ်။

သို့သော် ကိုယ်သိလိုက်ရတာက ကလေးဆန်တဲ့ကိုယ့်ကို ဘယ်လိုယုံကြည်ရမှာလဲတဲ့။ အရေးကြီးတဲ့အရာတွေဆို အရိပ်အမြွက်လောက်သာ သိခွင့်ရတယ်။ အားလုံးက ကိုယ့်ကို ဖယ်ထားကြတယ်။ ခဏသာစိတ်ဆိုးပေမယ့် သူတို့ကိုလည်း နားလည်ပါတယ်။ ကိုယ့်ကို မုန်းလို့ဖယ်ထားတာ မဟုတ်လောက်ပါဘူး။

အခုလိုပြဿနာတွေကြုံပြီးတဲ့အခါ တစ်ဦးတည်းသောသမီးဖြစ်တဲ့ ကျွန်မ လောကကြီးအကြောင်းပိုသိလာတယ်။
ကိုယ့်ကိုယ်ကို ရင့်ကျက်နေပြီလို့ မပြောနိုင်သေးပေမယ့် အရင်ကလောက် ကလေးမဆန်တော့တာ သေချာတယ်။ သူငယ်ချင်းတွေအပေါ်မှာလည်း အပြုအမူကို အထူးဂရုစိုက်တယ်။ တစ်ကိုယ်ကောင်းမဆန်မိအောင်ပေါ့။
သူငယ်ချင်းတွေအပေါ်တင်မဟုတ်ပါဘူး ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုအပေါ်မှာလည်း အခွင့်အရေးတွေမယူမိအောင် သတိထားနေပါပြီ။

Rinလို တစ်ဦးတည်းသောသမီးတွေ လူပုံအလယ်မှာ တစ်ကိုယ်ကောင်းဆန်တယ်လို့ သတ်မှတ်မခံရစေဖို့ ကိုယ့်ကိုဦးစားပေးတိုင်း ကျေနပ်မနေဘဲ တဖက်လူရဲ့ခံစားချက်ကို အရင်တွေးပေးဖို့ အကြံပေးချင်ပါတယ်။ သူများကို ပြောပြဖို့ထက် နားထောင်နိုင်သူတစ်ယောက် ဖြစ်အောင် အရင်ကြိုးစားကြည့်ပါ။
တစ်ဘက်လူရဲ့ ယုံကြည်မှုကို ရဖို့မကြိုးစားပါနဲ့။ ကိုယ့်ဘက်ကသာ တတ်နိုင်သမျှ အကောင်းဆုံး ကူညီပေးလိုက်ပါ။

Stay Pretty!
Rin( For Her Myanmar)

Rin
Rinကစာရေးရတာဝါသနာပါပါတယ်။ အထူးသဖြင့် ရင်တွင်းဖြစ်တွေ ရေးရတာကို ပိုခုံမင်ပါတယ်။ ဒါကြောင့် ရင်ထဲကခံစားချက်တွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြီး ချစ်ရတဲ့ ယောင်းတို့ဆီကိုယူဆောင်ပေးတက်ပါတယ်။ Rinက အပြင်မှာစကားပြောအလွန်မြန်ပြီး စကားအရမ်းများပါတယ်။ ကာတွန်းကားမကြည့်ရရင် ထမင်းစားမဝင်တဲ့ ကလေးလူကြီးတစ်ယောက်ပါ။ A leo but sometimes a moody kitty!
http://162.144.75.152/~forhermy

Leave a Reply

Your email address will not be published. Required fields are marked *