စိတ်ဓာတ်ကျနေသူတွေကို ဖေးမကူညီကြပါ

တကယ့်အပြင်းစား depression ဝင်တဲ့သူတွေက တော်ရုံတန်ရုံထုတ်ပြောလေ့မရှိတတ်ပါဘူး။
လူတစ်ယောက် Depression ဝင်လာရင် အရေးအပါဆုံးက သူ့ပတ်ဝန်းကျင်ပဲ..ပြောရရင် သူ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ။
အက်ဒ်မင် 7 cups of tea မှာ Listener လုပ်ပေးတုန်းက စိတ်ဓာတ်ကျတဲ့သူ အများစုဆီက ကြားရတာ “နားမလည်ပေးကြဘူး”ဆိုတာပဲ။

တစ်ယောက်ဆို သူစိတ်ဓာတ်ကျနေတာ ရင်ဖွင့်ဖော်မရှိဘူးတဲ့။ ကိုယ်က သူငယ်ချင်းတွေဆီရော မပြောဘူးလားလို့မေးတော့ “သူတို့သိပ်နားမလည်ကြဘူး”တဲ့။

နောက်တစ်ယောက်ဆို မိသားစုက တကွဲတပြားဖြစ်၊ အဲ့တော့ သူ့မှာ မိသားစုဆီလည်းမပြောရ၊ သူငယ်ချင်းတွေဆိုတာကလည်း ရပ်ဝေးမှာနေကြတာဆိုတော့ သူ့ခမျာ ကမ္ဘာတွေပျက်နေတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သူတွေက အားယားနေလို့မဟုတ်ပါဘူး။ Depression ဝင်လို့။ အဲ့ဒီ့ Depression ဝင်လာတဲ့အခါ ကိုယ့်ဘေးမှာ တစ်ယောက်မှ နားမလည်ပေး၊ ရပ်မတည်ပေးရင် ကိုယ်လောကမှာနေရတာ အဓိပ္ပာယ်မရှိတော့ဘူးဆိုပြီး အရှုံးပေးသွားကြတာ။ ဒီလိုဖြစ်ရခြင်းကိုလည်း လူတော်တော်များများက နားမလည်ကြပါဘူး။ စိတ်မထားတတ်လို့ဖြစ်တာတို့၊ စိတ်ဓာတ်ပျော့ညံ့လို့တို့၊ ဒီကိစ္စလေးနဲ့များတို့။ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တဲ့ စိတ်ကို လူတော်တော်များများ နားမလည်ကြပါဘူး။

ဒီခေတ်မှာ Depression ဝင်တာကို လူတိုင်းလိုလိုပြောလာကြပါတယ်။ စာမရရင် depression ဝင်ပြီ၊ ဒီဟာလေးဖြစ်ရင် depression ဝင်ပြီနဲ့။ အဲ့ဒီ့ဟာတွေက အပျော့စားတွေပါ။ အဲဒီအကြောင်းအရာတွေအတွက် နားလည်ပေးမယ့်သူတွေရှိတယ်။

Related Article >>> စိတ်ကျရောဂါခံစားနေရပြီဆိုတဲ့ လက္ခဏာတွေ

တကယ့်အပြင်းစား depression ဝင်တဲ့သူတွေက တော်ရုံတန်ရုံထုတ်ပြောလေ့မရှိဘူး။ အပြင်မှာတော့ တဟီးဟီးတဟားဟားနဲ့။ ဒါပေမယ့်စိတ်ထဲမှာ နေစဉ်နဲ့အမျှ ပူလောင်နေမယ်။ ဘာလုပ်ရဘာကိုင်ရမှန်းမသိဘူး။ သူတို့မှာ ဖြစ်ရတဲ့အကြောင်းကို သေချာပြောပြလို့မရဘူး။ ပြောပြရင်လည်း လူတွေနားလည်မှာ မဟုတ်ဘူးဆိုပြီး သိုသိုသိပ်သိပ်နေကြတယ်။ ဒီလိုနဲ့နေရင်း ၊ နေရင်း အချိန်တွေ ကြာလာတဲ့အခါ တစ်ယောက်ယောက်က သူအားငယ်နေတဲ့ကိစ္စကို နင်းချေပစ်လိုက်ရင် သွားပြီ။ သူအတွက် ထွက်ပေါက်ဆိုလို့ အဲ့တစ်ခုပဲရှိတော့တယ်။

အကယ်၍သူ့အပေါ်နားလည်မယ့် သူငယ်ချင်း တစ်ယောက်ယောက်များရှိနေမယ်ဆိုရင်တော့ သူသိပ်ကံထူးသွားပြီ။ သူပြောတာတွေကို သေချာအလေးပေးနားထောင်ပြီး သူကို ပြန်ဆွဲထူပေးနိုင်ပြီဆို သူသက်သာလာပါပြီ။

နိုင်ငံခြားမှာ ဒီကိစ္စမျိုးက ဖြစ်လေ့များတော့ ဆရာဝန်တွေ၊ အထူးကုတွေရှိတော့ စိတ်ကျန်းမာရေးဆိုင်ရာ ကုသမှုခံယူလို့ရတယ်။ ကိုယ့်တိုင်းပြည်မှာ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ရှားတယ်။ ဒီတော့ တစ်ယောက်ယောက် depression ဝင်လာပြီဆို အရေးပါဆုံးက ကိုယ့်အနားရှိတဲ့သူကို နားလည်အောင်ပြောပြပြီး တိုင်ပင်ဖို့ပဲ။ အကယ်၍ကိုယ်ဖြစ်နေတဲ့ ကိစ္စကနည်းနည်းရှုပ်ထွေးတယ်ထင်ရင် ကုသမှုခံယူပါ။ ရှက်စရာလည်းမလိုပါဘူး။

ယောင်းတို့လည်း ကိုယ့်သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ယောက် စိတ်ဓာတ်ကျနေတာမျိုး သိလာခဲ့ရင် အတတ်နိုင်ဆုံး သူ့ကိုနားလည်ပေးပါ။ သူလိုအပ်ချိန်တိုင်း သူ့ကိုအားပေးပါ။ သူ့အတွက် ကောင်းနိုးရာရာလေးတွေ အကြံပြုပေးပါ။ ကိုယ့်ကြောင့် လူတစ်ယောက်စိတ်ချမ်းသာသွားတာလောက် ရင်ထဲအေးမြစေတာ ဘယ်အရာမှမရှိပါဘူး။ မယုံမရှိနဲ့။ အက်ဒမင့်ကိုယ်တွေ့ပါ။

Christina (For Her Myanmar)

No Comments Yet

Comments are closed