စိတ်ဓာတ်ကျလာတဲ့အခါ

လူတိုင်းရဲ့ ဘဝမှာတော့ အတက်အကျဆိုတာ ရှိကြတာပါပဲ။ ဒါပေမဲ့ တက်ချိန်တွေထက် ကျတဲ့အချိန်တွေက ထပ်လာတဲ့အခါ ကိုယ့်ရဲ့ အတောင်ပံတွေကို သတိရလိုက်ပါ။

စိတ်ဓာတ်ကျခြင်းဆိုတာက ကမ္ဘာပေါ်မှာရှိရှိသမျှ အလေးဆုံးဆိုတဲ့ အရာတွေထက်ကို ပိုလေးတဲ့ ဖျက်ဆီးရေးလက်နက်တစ်ခုပါ။ ကိုယ်အလေးချိန်ကျဖို့သာ လေ့ကျင့်ခန်းတွေ လုပ်နေတာ ဒီစိတ်အပေါ်ပိနေတဲ့ဝိတ်ကြီး တဖြည်းဖြည်းနဲ့လေးလာတာကိုတော့ မသိသလိုပဲမလား။ အဲဒီအစိုင်အခဲကို သတိထားမိတဲ့အခါမှာတော့ ကြောက်စရာကောင်းလောက်အောင်ကို ကိုယ်နဲ့နီးကပ်နေပါပြီကော။ ကိုယ့်အဖြစ်က ထပျံချင်ပေမဲ့ လှောင်အိမ်ထဲ ရုတ်တရက်အထည့်ခံလိုက်ရတဲ့ ငှက်တစ်ကောင်လို။ မလူးသာ မလွန့်သာ၊ ကြိတ်မနိုင် ခဲမရ။

ဒီလိုအချိန်ရောက်လာတဲ့အခါ ပေါ့ပါးခြင်း၊ လန်းဆန်းခြင်းဆိုတာက ကိုယ့်အတွက် စကားလုံးတစ်လုံး သာသာပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပိုင်ဆိုင်ဖို့၊ စိတ်ဓာတ်ကျခြင်းဆိုတာကြီးက ကိုယ့်ကိုအနိုင်မယူသွားဖို့ လုပ်နိုင်တဲ့အရာက ကိုယ်ဒီနေရာထိ ရောက်အောင် ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို သတိရဖို့ပါပဲ။ ကျန်နေတဲ့ ဘဝသက်တမ်းတစ်လျှောက်က လှောင်အိမ်မှာ အဆုံးမသတ်ပါဘူး။ ကောင်းကင်မှာပါ။ လေတွေမိုးတွေကို အံတုပြီး မြင့်နိုင်သမျှ မြင့်မြင့်ပျံခဲ့တဲ့ ငှက်တစ်ကောင် ဆိုတာကို သတိရပါ။ ဘဝက ကိုယ့်ကို ဘယ်လိုအခက်အခဲတွေပေးခဲ့ပေးခဲ့ ဒီအချိန်ထိ တောင့်ခံလာတာကို မေ့မပစ်ပါနဲ့။ ခံစားချက်တွေ စုပေါင်းပြီး ထိုးနှက်တတ်တဲ့ လေဆင်နှာမောင်းပဲလာလာ ကျရှုံးမှုတွေပေါင်းစုထားတဲ့ မိုးကြိုးမုန်တိုင်းပဲဖြစ်ဖြစ် အခုအချိန်ထိ ကောင်းကောင်းခုန်နေသေးတဲ့ နှလုံးသားတစ်စုံရှိနေသေးတာပဲ။ When there is life, there is hope. ဘဝရှိရင် မျှော်လင့်ချက်ရှိတယ်တဲ့။ အသက်ရှင်နေသေးသရွေ့ ပြန်ကြိုးစားခွင့်ရှိပါသေးတယ်။ ကိုယ့်ရဲ့ အတောင်ပံတွေ မကျိုးသေးဘူးဆိုတာကိုလည်း သတိချပ်ပါ။ ဒါဆို ဒီမုန်တိုင်းဆီက ဒီလှောင်အိမ်ဆီက လွတ်မြောက်အောင် ဘယ်လိုမျိုးအတောင်တွေက ကူညီပေးနေတာလဲ??

Related article >>> အရှုံးတွေကို အနိုင်မပေးမိပါစေနဲ့

ချစ်ရသူတွေ

You are never alone. ဘယ်တော့မှ တစ်ယောက်တည်းမဟုတ်ပါဘူး။ အဲဒီမုန်တိုင်းကို တစ်ယောက်တည်း ရင်ဆိုင်စရာမလိုပါဘူး။ ကိုယ့်နှလုံးသားကို၊ စိတ်ကိုဖွင့်ပြီး သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ။ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ့်ကို ချစ်တဲ့သူတွေကို ကူညီခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့ ဒဏ်ရာတွေကို သူတို့မြင်ပါစေ။ အနာသိရင် ဆေးရှိပါတယ်။ သူတို့လမ်းဖွင့်ပေးပါလိမ့်မယ်။ ကိုယ့်လှောင်အိမ်ကို ချိုးဖျက်ဖို့ သူတို့က ကူညီပါလိမ့်မယ်။ မုန်တိုင်းမိနေတဲ့ အေးစက်စက်အသက်တစ်ခုကို  သူတို့ရဲ့ ထွေးပွေ့မှုနဲ့ နွေးထွေးစေပါ။ သူတို့ရဲ့ လက်တစ်စုံချင်းစီဆီက ဖေးမမှုနဲ့ လေစုန်ကို ဆန်တက်ပါ။

သီချင်းတစ်ပုဒ် (သို့မဟုတ်) ဂီတ

တစ်ခါတလေမှာ ဘာမဟုတ်တဲ့ အရာသေးသေးလေး တစ်ခုကြောင့်ပဲ ကိစ္စကြီးကြီးမားမားတွေ အဆင်ပြေသွားတာမျိုးတွေ အများကြီးပါ။ သီချင်းတစ်ပုဒ်ဆိုတဲ့ စကားလုံးက ဘာမှမလေးနက်ပေမဲ့ တကယ်တော့ စိတ်အပန်းပြေမှုမှာ တော်တော်လေး တာသွားပါတယ်။ ကိုယ်လုပ်နေတာတွေအတွက် အသိအမှတ်ပြုတဲ့ စကားကိုတော့ လူတိုင်းကကြားချင်ကြမှာပဲ။ ဘယ်သူ့ဆီကမှ မကြားရရင်တောင် သီချင်းတွေမှာ ရှာဖွေပါ။ သူတို့က ကိုယ့်အတွက်အမြဲ အဆင်သင့်ရှိပါတယ်။ လူတိုင်းမှာတော့ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဆိုတာရှိကြမှာပါပဲ။ မားမားမတ်မတ်ရပ်တည်ဖို့ အားပေးနိုင်တဲ့ သီချင်းတစ်ပုဒ်၊ ကိုယ်ဟာ ကမ္ဘာပေါ်မှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပေးတဲ့ သီချင်းတစ်ပုဒ်။ ကိုယ့်နှလုံးခုန်သံဟာ စည်းချက်နဲ့ တစ်သားတည်း စီးဝင်နေမယ့် သီချင်းတစ်ပုဒ်။

Related article >>> ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း

ဒီကမ္ဘာလောက

ဒီလောကကြီးက သက်ရှိတွေ အသက်ရှင်နေထိုင်ရေးအတွက် ဘာလို့နည်းမျိုးစုံနဲ့ ရုန်းကန်သင့်တာလဲဆိုတဲ့ မေးခွန်းအတွက် ခိုင်မာတဲ့ အဖြေတစ်ခုပါ။ ဘယ်လောက်ပဲ ထောင်ချောက်မိနေပါစေ၊ ဘယ်လို လှောင်အိမ်တွေထဲမှာပဲ ရောက်နေပါစေ၊ ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ်တွေပဲ ရှိနေပါစေ၊ အပင်တွေဖြစ်ဖြစ်၊ နို့တိုက်သတ္တဝါတွေဖြစ်ဖြစ်၊ ငါးတွေဖြစ်ဖြစ်၊ ကိုယ်တို့လို လူတွေဖြစ်ဖြစ် အသက်ဆက်ရှင်ဖို့အတွက် ရုန်းကန်နေရတာချင်းတော့ အတူတူပဲမဟုတ်လား။

အမြင့်ကို ပျံတက်ဖို့ အတောင်ပံတွေရယ်၊ ဖြည်းဖြည်းနဲ့မှန်မှန် ခုန်နေတဲ့ နှလုံးသားတစ်ခုရယ် ပြီးတော့ ကိုယ်တိုင်တစ်ယောက်လုံးရယ် ရှိနေပြီပဲ။ မတန်ဘူးဆိုတဲ့အရာမရှိပါဘူး။ လက်ထဲမရောက်သေးတာပဲရှိတာ။ ကိုယ်ဟာ ကိုယ့်ဘဝမှာ အရေးအပါဆုံး လူသားတစ်ယောက်ဆိုတာ အမြဲတမ်းသတိရပါ။ သွားနိုင်သမျှ၊ ရွေ့နိုင်သမျှ အကွာအဝေးကို ရသလောက် သွားပါ။ တစ်လက်မပဲ ဖြစ်ဖြစ်၊ တစ်မိုင်ပဲဖြစ်ဖြစ်။ လမ်းဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်လမ်းကိုယ် ဆက်ခင်းနိုင်ဖို့ပဲ လိုတာပါ။

Myat (For Her Myanmar)

No Comments Yet

Comments are closed