Self-esteemလို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်အောင် ဘယ်လိုနေကြမလဲ

ကိုယ့်ကိုယ်ကိုယ် အရင်ကလောက် မချစ်တော့ဘူး၊ မုန်းတီးနေမိပြီဆိုရင်…

ယောင်းတို့ကို ခုတစ်ခေါက်မှာတော့ self-esteem နဲ့ ပတ်သက်ပြီး ဝေမျှချင်ပါတယ်။ self-esteemရဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်လေးစားတာ၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရေးပါတယ်လို့ တွေးတာ၊ တန်ဖိုးထားတာပဲ ဖြစ်ပါတယ်။

ဘဝဆိုတာ ပျော်ရွှင်မှုနဲ့ စိတ်ညစ်စရာ ဒွန်တွဲနေပေမဲ့ ရှုပ်ထွေးလှတဲ့ ဒီ ပြဿနာတွေကြောင့် တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် အလိုမကျဘဲ မုန်းတီးတာ၊ မိမိကိုယ် မိမိ ယုံကြည်မှုတွေ လျော့နည်းလာတာ၊ တန်ဖိုးမရှိတဲ့သူတစ်ယောက်လို့ ထင်မြင်လာတာစတဲ့ ခံစားချက်တွေ ပေါ်ပေါက်လာရပါတယ်။

ဒီလိုအခြေအနေကို self-esteem လျော့ကျတဲ့ အခြေအနေလို့ ခေါ်ပါတယ်။ ဒါကို သေချာဂရုမစိုက်ရင် စိတ်ဓာတ်ကျရောဂါအထိ ဦးတည်သွားနိုင်စေပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ကလောက် မချစ်တော့ဘူး၊ မုန်းတီးနေမိပြီဆိုရင်

(၁) ကိုယ့်ကိုယ်ကိုယ် အပျက်သဘောဆောင်တဲ့ စကားတွေနဲ့ ဝေဖန်တာကို ရှောင်ပါ။

အက်ဒ်မင်တို့ဟာ သူများကိုသာ ပစ်ပစ်ခါခါ ပြောမထွက်မယ် ။ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင်တော့ “ငါဟာ အစွမ်းအစမရှိတဲ့သူ၊ သုံးစားမရတဲ့သူပဲ” “ငါ့လောက် စိတ်ပျက်စရာကောင်းတဲ့သူ မရှိတော့ဘူး” စသဖြင့် အားမနာတမ်း အပြစ်တင်တတ်ကြပါတယ်။

ဒီလို မကောင်းတဲ့အတွေးတွေနဲ့ ကိုယ်ကိုယ့်ကိုယ် အပြစ်တင်တာဟာ မိမိကိုယ်မိမိ ယုံကြည်မှု ကိုပါ ပျောက်ဆုံးသွားစေနိုင်လို့ မှန်ကန်တဲ့ ပြဿနာဖြေရှင်းနည်း မဟုတ်ပါဘူးနော်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်မတင်သင့်သလို နောက်ကွယ်က အတင်းစကားတွေကိုလည်း စိတ်ထဲအရေးတယူထည့်ပြီး ခံစားမနေသင့်ပါဘူး။

(၂) အဲဒီအစား ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေကို စာရွက်ပေါ် ချရေးပါ။

ဒီနည်းလမ်းလေးက အချိန်ပေးရပေမဲ့ အတော်လေး အလုပ်ဖြစ်ပါတယ်။ စာရွက်တစ်ရွက်ယူပြီး ကိုယ့်ရဲ့ အားသာချက်တွေကို ချရေးကြည့်ပါ။ ကိုယ် ဘယ်အရာတွေမှာ အောင်မြင်အောင် လုပ်ခဲ့ပြီးပြီလဲ၊ ကိုယ် ဘယ်အရာတွေမှာ ကျွမ်းကျင်အားသာလဲ၊ ကိုယ်ဟာ ဘယ်လိုကောင်းမွန်တဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်ထားတဲ့သူလဲ (ဥပမာ ကြင်နာတတ်တဲ့သူ၊ ကူညီတတ်တဲ့သူ၊ ဟာသပြောတတ်တဲ့သူ) စတာတွေကို ချရေးကြည့်ပါ။

သူငယ်ချင်းတွေကိုလည်း အကူအညီတောင်းပြီး ရေးခိုင်းကြည့်ပါ။ အက်ဒ်မင်တို့က ကာယကံရှင်မို့ ကိုယ့်ကိုယ်ကိုယ် မမြင်ကြပေမဲ့ ဘေးလူကတော့ အများဆုံး မြင်တတ်ကြတယ် မဟုတ်လား။

ဒါဟာ ယောင်းတို့မေ့လျော့နေတဲ့ ယောင်းတို့ရဲ့ အစွမ်းအစတွေနဲ့ အောင်မြင်မှုတွေ၊ အရေးပါမှုတွေကို ပြန်ဖော်ထုတ်ပေးတာမို့ အားပြန်တက်လာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာစေမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ယောင်းတို့ကိုယ် ယောင်းတို့ ချစ်ခင်လေးစားဖို့ အကြောင်းပြချက်တွေ ပေးစွမ်းနိုင်ပါတယ်။

Related Article >>> မိမိကိုယ်ကို ချစ်ပါ။

(၃) ကိုယ့်ကိုယ်ကိုယ် တစ်ဘက်သားနဲ့ နှိုင်းယှဉ်နေတာကို ရပ်လိုက်ပါ။

အက်ဒ်မင်တို့ဟာ တစ်ခါတလေမှာတော့ ကိုယ့်ကိုယ်ကိုယ် တစ်ဘက်လူနဲ့ နှိုင်းယှဉ်ပြီး ဝမ်းနည်းသိမ်ငယ်တတ်ကြ၊ အားမလိုအားမရ ဖြစ်တတ်ကြတာ လူ့သဘာဝပါပဲ။

ဒီအချိန်မှာ ကိုယ်နဲ့ ရွယ်တူတွေ အောင်မြင်ကြလို့ ဝမ်းသာရပေမဲ့ တစ်ဘက်မှာလည်း ကိုယ့်အဖြစ်ကိုတွေးမိပြီး ဝမ်းနည်းတတ်ကြ၊ စိတ်ပူပန်တတ်ကြပါတယ်။

“ငါဘာဖြစ်လို့ သူတို့လို မတော်တာပါလိမ့်” “ငါဘာဖြစ်လို့ သူတို့လို ကံမကောင်းရတာလဲ” စသဖြင့်ပေါ့။ ဒီလို သူများနဲ့ နှိုင်းယှဉ်တာဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်မှုကိုသာ ဖြစ်စေလို့ အလုပ်မတွင်စေပါဘူး။

ယောင်းတို့ သိထားဖို့က အက်ဒ်မင်တို့ အားလုံးမှာ ကိုယ်ပိုင်နာရီတစ်လုံးစီ ရှိနေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မှုကို တွေ့ကြုံရတဲ့အချိန်၊ ကျရှုံးမှုကို ခံစားရတဲ့ ခံစားချက်ချင်းဟာ မတူညီကြပါဘူး။ သူက အသက်၂၀မှာ အောင်မြင်ပေမဲ့ ကိုယ်က အသက်၃၀မှာ အောင်မြင်နေသူလည်း ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် အခု မဖြစ်သေးဘူးဆိုတာ အချိန်မကိုက်သေးလို့ပါ ယောင်းရေ…

(၄) သူများကို ကူညီပါ။

ပျော်ရွှင်မှုဆိုတာ ကူးစက်တတ်တဲ့ သဘောတရား ရှိပါတယ်။ ကိုယ်စိတ်ညစ်နေတဲ့အချိန် ကိုယ်ကိုယ့်ကို ပျော်ရွှင်အောင် မဖန်တီးနိုင်တဲ့အခါ တစ်ဘက်လူကို ပျော်ရွှင်အောင် ဖန်တီးပေးပါ။ ပရဟိတအလုပ်တွေ ဝင်လုပ်တာမျိုးပေါ့။

ကိုယ့်ကြောင့် သူတစ်ပါး အဆင်ပြေတာကို မြင်ရတာဟာ ကိုယ့်ကိုလည်း ပျော်ရွှင်ကြည်နူးစေသလို တစ်ဘက်လူကို ပျော်ရွှင်အောင်လုပ်နိုင်တဲ့ ကိုယ့်ရဲ့အရေးပါမှုကို လည်း မြင်တွေ့လာစေပါတယ်။ ဒါဟာလည်း စိတ်ညစ်ညူးနေတာတွေ အဝေးကို လွင့်ပျယ်သွားစေပြီး စိတ်ပြန်လန်းဆန်းလာစေတဲ့ နည်းတစ်ခုပါ။

ဒါကြောင့် ယောင်းတို့တွေ ကိုယ့်ကိုယ်ကိုယ် မုန်းတီးလာတဲ့အခါ၊ ချစ်ခင်တန်ဖိုးထားမှု လျော့ကျလာတဲ့အခါ အက်ဒ်မင်ပြောသွားတဲ့ အချက်လေးတွေကို အမှတ်ရပြီး ဂရုစိုက်ပေးပါ။

ဘာလို့လဲဆို self-esteemမြင့်မားခြင်းဟာ အက်ဒ်မင်တို့ ဘဝအောင်မြင်ဖို့အတွက် အခြေခံကျတဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတစ်ခုဖြစ်နေတာကိုး။

ဒါကြောင့် ဘဝရဲ့ ဘယ်အဆင့်တွေမှာဖြစ်ဖြစ် ယောင်းတို့ကိုယ် ယောင်းတို့ ချစ်တဲ့ စိတ်၊ တန်ဖိုးထားတဲ့စိတ်ကိုတော့ မပျောက်ဆုံးစေဘဲ အမြဲရှိနေအောင် အားတင်းထားပါလို့ ပြောကြားရင်း….

By
Mia (For Her Myanmar)
Reference links: psychologytoday.com mind.org.uk

No Comments Yet

Comments are closed