Letters From the Heart

မိဘတွေရဲ့ အဝေးမှာနေကြတာ ပျော်လို့မှမဟုတ်တာလေ…

နယ်မြို့လေးတွေက လူငယ်လေးတွေရဲ့ အတွင်းစိတ်မှာ မိသားစုနဲ့ မိဘတွေက အမြဲတမ်းရှိနေပေမယ့် ရည်မှန်းချက်က အဝေးတစ်နေရာမှာ ရှိနေတဲ့အခါ…..

ပညာတွေသင်ပြီးပြီ ဘွဲ့တွေရပြီ ဒါဆိုရင် နယ်တွေရဲ့ ထုံးစံအတိုင်း မြို့ပြကို အလုပ်တွေ လာလုပ်ရပြီ။ ကိုယ့်ဘွဲ့နဲ့ ပက်သက်တဲ့ သင်တန်းတွေ တက်မယ် ၊ နောက်ထပ် ကိုယ့်အတွက် အထောက်အကူဖြစ်မဲ့ ဘာသာစကားသင်တန်းတွေ တက်မယ် ၊ စွန့်စားရဲသူတွေကတော့ နိုင်ငံခြားထိပါ သွားဖို့ တာစူနေကြတယ်။ အားထုတ်နေကြတယ်။

အရွယ်ရောက်လာတဲ့ သားသမီးတိုင်းမှာ မသိစိတ်ကော သိစိတ်ထဲမှာကော အိမ်က မိဘတွေကို ပြန်ထောက်ပံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်က အနည်းအများသားကွာမယ် ရှိကြပါတယ်။ ဒါဟာအရွယ်ရောက်လာတဲ့ သားသမီးတိုင်းမှာ မရိုက်သွင်းပေးလည်း ဝင်နေတဲ့ စိတ်လေးပါ။

အက်ဒမင်တို့ နယ်ကမိဘတွေနဲ့ခွဲပြီး မြို့ပြမှာ လာပြီး အလုပ်တွေ လုပ်တယ်။ ကျောင်းသူဘဝနဲ့အစိမ်းသက်သက် ဘာဆိုဘာမှမတူတဲ့ လူနေမှုဘဝ(တူတာကတော့ ထမင်းချိုင့်ထည့်ရတာပေါ့) လုပ်ငန်းခွင်ထဲကို ကိုယ့်အသိစိတ်နဲ့ကိုရောက်လာပြီ။ တွေ့ပါပြီ အဲ့ဒီမှာ ကိုယ့်ရဲ့ ဘဝသင်ခန်းစာတွေ အများကြီး အများကြီးပဲ။ အဲ့သလိုတွေ ကိုယ်နဲ့ အံဝင်ခွင်မကျတဲ့ ပတ်ဝန်းကျင်အသစ်မှာရောက်နေတော့ အက်ဒမင်တို့ ယောင်းတို့ အတော်စိတ်ညစ်ရပါတယ်။ တစ်ခါတလေ ရူးသွားရင် ကောင်းမယ်လို့တောင် စိတ်ထဲက ပြောမိတယ် ။ ဟုတ်တယ် ဟုတ်?

Related Article >>> အဖေတစ်ခု သမီးတစ်ခုပဲရှိသူသာ သိနိုင်မယ့် အချက်များ

မိဘတွေဆို ကိုယ့်ရဲ့တိုင်ပင်ဖော်မို့လို့ ဖုန်းဆက်တော့ ပြောမိကြတယ် ” သမီး အဆင်မပြေဘူး အမေရယ် ၊ အလုပ်က မန်နေဂျာက သမီးကို ဘယ်လိုဆူတာ ၊ စီနီယာက ခေါင်းရှောင်တာ ၊ အဆောင်နေသူချင်း မတည့်တာလေးက အစ ကားစီးရတာ ဘယ်လိုကြပ်တာ အဆုံး ပြန်ပြောမိတတ်ကြတယ် ”။ အဲ့သလိုတွေ ပြောလိုက်ရင် မိဘတွေက(အုပ်ထိန်းသူတွေ) ပြန်ပြောတတ်ကြတယ် ”အိမ်ကိုပြန်ခဲ့ ဒီမှာလည်း အလုပ်တွေပေါပါ့အေ ၊ ကိုယ့်အိမ်မှာ အေးဆေးနေပြီး အစိုးရအလုပ်ထိုင်စောင့်ပေါ့ ပြန်လာခဲ့ အိမ်ကို အဖေတို့အမေတို့ရှိတယ် ” ။ ဒါမျိုးပေါ့

အဲ့သလိုတွေ ဖေတို့မေတို့က အားပေးရင် အက်ဒမင်တော့ ငိုချင်စိတ်တောင်ပေါက်တယ် ။ နောက်နေ့တွေမှာတော့ ပျော်ရွှင်စရာရော မပျော်ရွှင်စရာရော ပြည့်နေတဲ့ လုပ်ငန်းခွင်ကို တိုက်ပွဲဝင်ဖို့ စောစောထရပြန်တယ်။ အိမ်နဲ့ မတူတာတွေ ရှိတာ သိပေမယ့် အိမ်မပြန်ချင်ဘူးလေ။ ကိုယ်က လူငယ်၊ အိပ်မက်တွေရှိတယ် ရည်မှန်းချက်အသစ်တွေ ပေါ်လာပြီ၊ ဖြစ်ချင်စိတ် တိုးတက်ချင်စိတ်ဆိုတာ ဟိုးထိပ်ဆုံးမှာလေ ။ ဒါတွေတကယ်ဖြစ်လာဖို့က အိမ်ကိုပြန် အဖေနဲ့အမေနဲ့တူတူနေပြီး အေးရာအေးကြောင်းနေရင်းဖြစ်လာမဲ့ အရာတွေမဟုတ်တာ ကိုယ့်ကိုယ်တိုင် အသိဆုံးဖြစ်နေပြန်ရော။ နောက်တော့ အဆင်မပြေမှုဆိုတာ ကိုယ်တစ်ယောက်တည်းကြုံရတာမဟုတ်တာ နားလည်လာတယ် ။ အဲ့အဆင်မပြေမှုတွေ စိန်ခေါ်မှုတွေနောက်က အောင်မြင်မှုသေးသေးလေးတွေကို ကိုယ်တိုင်မက်မောလာတယ် ပျော်ရွှင်လာတယ် ။တကယ်… အဲ့ဒါ လူငယ်တိုင်းပဲ ဖြစ်မိမယ် လို့ အက်ဒမင်တော့ ယုံတယ် ယောင်းတို့ရေ။

နောက်ပိုင်း အလုပ်သဘောသဘာဝတွေကို နားလည်လာတယ် ၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာ နည်းနည်းသိလာတယ် ၊ အဖွဲ့အစည်းကနေ ရတဲ့ ပျော်ပွဲရွှင်ပွဲတွေ စိတ်တူကိုယ်တူတွေစုပြီး ကဲလို့ရတာတွေကိုလည်း သဘောကျလာတယ်။ အိမ်နဲ့ဝေးနေပေမဲ့ ဖုန်းနဲ့အဆက်သွယ်နေ့တိုင်းလုပ်ရတယ် ။ နေ့တိုင်းမဆက်သွယ်ရင် မြို့ပြလူနေမှုကို အိမ်ကလူတွေက စိတ်ပူတတ်ကြတာကို။ အရင်တုန်းကလိုတော့ ကိုယ့်ရဲ့အဆင်မပြေမှုတိုင်းကို အိမ်က မိဘတွေဆီ ပြောမပြဖြစ်တော့ဘူး။ ပြောသင့်တဲ့အရာတွေကိုပဲ ရွေးပြီးပြောပြဖြစ်တော့တယ်။ အဓိက ကတော မိဘတွေကို စိတ်မပူစေချင်လို့ရယ် ”အိမ်ကိုပြန်လာခဲ့ ”ဆိုတဲ့ ချစ်စရာစကားလေးတွေကြောင့်ပါ။

ကိုယ့်ရည်မှန်းချက်က အိမ်မှာနေပြီး မိဘလက်ငုပ်လက်ရင်း လုပ်မယ်ဆိုရင်တော့ မပြောလိုပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်က ရည်မှန်းထားတာတွေ ခံယူထားတာတွေအတိုင်း ကွာခြားစမြဲမို့လို့ မိဘနဲ့မခွဲနိုင်သူတွေကိုလည်း အပြစ်တင်စရာမဟုတ်ပါဘူး။

အက်ဒမင်ကတော့ ရည်မှန်းချက်တစ်ခုရှိတယ် ။ အိမ်မှာပဲ ထိုင်ပြီးလည်း မနေချင်ဘူး။ သူငယ်ချင်းတွေကြားမှာလည်း ကိုယ်ဟာ နေရာရနေသူတစ်ယောက်ဖြစ်ချင်တယ်။ ပြီးတော့ မိဘလုပ်စာကို မစားချင်တော့ဘုး ကိုယ့်ဝင်ငွေကို မိဘကို ထောက်ပဲ့ရတဲ့ ကြည်နူးမှုလေးကို ချစ်တယ်။အဖေတို့အမေတို့နဲ့စကားပြောတိုင်း(စကားစပ်မိတိုင်းပေါ့)” သမီး အိမ်ပြန်မလာချင်သေးဘူး အဖေနဲ့အမေ သမီးကို အိမ်ပြန်မခေါ်ပါနဲ့နော် ၊ သမီးဒါတွေ ဒီလိုတွေ လုပ်ချင်သေးတယ် ဖြစ်ချင်သေးတယ်”’လို့ ပြန်ပြောမိတော့တယ်။

Related Article >>> သားသမီးတွေရဲ့ မျှော်လင့်ချက်ဆိုတာ…

ယောင်းတို့လည်း စဉ်းစားကြည့်နော်။ ဘဝဆိုတာ တိုက်ပွဲပဲ။ ကိုယ်ရွေးချယ်တဲ့ တိုက်ပွဲအမျိုးအစားလေးပဲ ကွာတာ ။ အဲ့ဒါလေးကို ကိုယ်တိုင်လည်း နားလည်ဖို့လိုသလို ကိုယ့်မိဘတွေ(အုပ်ထိန်းသူတွေ)လည်း နားလည်ဖို့လိုအပ်တယ်။ မိဘဆိုတာ သားသမီးအတွက် စိုးရိမ်တာ ပူပန်တာ မဆန်းဘူး ။ကိုယ်မိဘဖြစ်လာရင်လည်း သိလာမှာပါ။ မိဘဆိုတာ သူတို့အရိပ် သူတို့မြင်ကွင်းမှာ ရှိနေမှ လုံခြုံတယ် ပြည့်စုံတယ်ထင်တာ သဘာဝပဲ။ ဒါကို ကိုယ်လည်း နားလည်သလို ကိုယ့်ဖြစ်ချင်တာတွေ ကိုယ့်ရည်မှန်းချက်တွေ ကို မိဘတွေ နားလည်အောင် လက်ခံလာအောင်လည်း ပြောပြပေါ့။ အို ပြောရရင် ဘီလ်ဂိတ်ပြောသလို ”နောင်တစ်ချိန်မှာ ကိုယ်တိုင်ရေးပုံပြင်တစ်ပုဒ်လောက် မြိန်ရည်ယှက်ရည် ပြောပြနိုင်အောင် စွန့်စားလိုက်စမ်းပါ ” ယောင်းတို့ရေ။
(မိဘတွေကို ဆင်ခြေကန်ပြီး အိမ်နဲ့ဝေးရာကို ပြေးခိုင်းတာသွားခိုင်းတာတော့ မဟုတ်ဘူးနော်။)

Wai Zin ( For Her Myanmar )

Wai Zin
နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *