သားသမီးတွေကို အဆိပ်ဖြစ်စေတဲ့ မိဘတွေရဲ့အချစ်

တစ်ချို့အချစ်တွေက ချစ်ရာမကျဘဲ နှစ်သလိုဖြစ်နေတတ်တယ်လေ။

ဒီကမ္ဘာမှာ သားသမီးကို မချစ်တဲ့မိဘရယ်လို့ လုံးဝမရှိပါဘူးနော်။ အကုန်လုံးကတော့ ကိုယ်မွေးထားတဲ့ သားသမီးကို အကောင်းဆုံးဆိုတာတွေ ပေးချင်တယ်။ အကောင်းဆုံးလမ်းကို လျှောက်လှမ်းပြီး အကောင်းဆုံး ဘဝကိုဖန်တီးပေးချင်တာ သဘာဝပါပဲ။ မိဘတွေက ဥယျာဉ်မှူးနဲ့ တူပါတယ်။ ကိုယ့်ခြံထဲက ပန်းကို အကောင်းဆုံး၊ အလှဆုံးပွင့်လန်းလာစေချင်တဲ့ ဥယျာဉ်မှုးတွေပေါ့။ ဒါပေမဲ့ နေရာဒေသ၊ မြေနေရာကို လိုက်ပြီး ဘယ်ပန်းကတော့ ဒီနေရာမှာဆို ကောင်းကောင်းရှင်မယ်။ ဘယ်မြေသြဇာနဲ့ဆိုရင်တော့ ဒီထက်ပိုပွင့်ပြီး လှလာမယ်ဆိုတာကိုတော့ ချိန်ကြည့်ရပါတယ်။ အကယ်၍ အရမ်းပွင့်ချင်ဇောနဲ့ ရေတွေအများကြီးလောင်း၊ မလိုအပ်တဲ့ မြေသြဇာကို များများထည့်မိရင် အဲဒီပန်းက သေသွားတတ်ပါတယ်။ ထိုနည်းတူပါပဲ ကိုယ်က စေတနာနဲ့ နေရာတကာ လိုက်ထိန်းတာများရင် အရမ်းမွန်းကြပ်ပြီး လောကကြီးအလယ်မှာ အူတူတူ အတတနဲ့ ဘာမှမသိနားမလည်တဲ့ ကျားနှုတ်ခမ်းဝက ယုန်သူငယ်ဘဝကို ရောက်သွားပါလိမ့်မယ်နော်။

ကမ္ဘာကြီးက ဒုစရိုက်မှုတွေအရမ်းပေါပြီး အန္တရာယ်လည်း အရမ်းများလာတယ်၊ အပြင်တစ်နေရာထွက်ရင်တောင် ကိုယ့်အနားမှာ ဖြစ်နိုင်ခြေရှိတဲ့ ဒုက္ခတွေကဝိုင်းနေတော့ မိဘတွေက အရမ်းစိတ်ပူပြီး အိမ်ထဲကအိမ်ပြင် မထွက်စေချင်တော့ဘဲ စိတ်ပူကြတာ မဆန်းပါဘူး။ အက်မင်က မိန်းကလေးဆိုတော့ သမီးမိန်းကလေးတွေ တော်တော်များများကြုံရတယ့် အခက်အခဲတွေကို အဓိကဆွေးနွေးမယ်နော်။ မိဘတွေကတော့လေ ကိုယ့်သမီးလေးတွေကို အရမ်းနူးညံ့တယ့် ပန်းလေးတွေလို သဘောထားပြီး မထိရက်မကိုင်ရက်နဲ့ လှလှပပလေး မွေးလာခဲ့တာမို့ ဘယ်လိုအကြောင်းကြောင့်နဲ့မှ အထိခိုက်အပွန်းပဲ့ မခံစေချင်ကြပါဘူး။ ဒါပေမဲ့ တိုးတက်လာတဲ့ခေတ်ကြီးမှာ အိမ်တွင်းအောင်း၊ ထမင်းဟင်းချက်တတ်ပြီး အိမ်ထောင်ရှင်မကောင်း ပီသရုံနဲ့ ဘဝတိုက်ပွဲကိုမဝင်နိုင်ပါဘူးနော်။ အသစ်သစ်တွေ၊ အလန်းတကာ့အလန်းဆုံးတွေ ပေါ်လာတဲ့ခေတ်ကြီးမှာ ကိုယ်ကဘယ်လောက်ပဲ အိမ်ထောင်မှုထိန်းနိုင် ထိန်းနိုင် လင်ယောကျာ်းအပေါ် အကူအညီတွေမပေးနိုင်တဲ့ ခပ်တုံးတုံးမိန်းကလေးတစ်ယောက်ရဲ့ဘဝက တစ်သက်လုံးမလုံခြုံနိုင်ပါဘူး။ သူကသစ္စာဖောက်သွားလို့ဖြစ်စေ၊ သေဆုံးသွားလို့ဖြစ်စေ တစ်ခုခု ချွတ်ချွတ်ချော်ချော်ဖြစ်တဲ့အချိန် ကိုယ့်မှာ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ အရည်အချင်းလုံးဝမရှိဘူးဆိုရင်တော့ တော်တော်ခက်ခဲတဲ့အချိန်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အခုချိန် အန္တရာယ်တွေကို မရှောင်ခိုင်းဘဲ ဖြစ်လာတဲ့အခါ ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုတာကို သင်ပေးပြီး ကိုယ့်ကိုယ်ကိုယ်ရပ်တည်တတ်အောင် ကြိုးစားဖို့ အားပေးရပါမယ်။ ဒါက ပထမဆုံးနဲ့ အရေးကြီးဆုံး ဘဝလိုအပ်ချက်အတွက် လက်နက်တွေထဲကတစ်ခုဖြစ်လို့လေ။

Related Article >>> ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်တဲ့အချိန်မှာ သိသင့်တဲ့ အချက် (၅) ချက်

နောက်တစ်ခုကတော့ ကိုယ့်ဘဝရဲ့အုပ်ထိန်းသူက ကိုယ်ပဲဖြစ်သင့်တဲ့အကြောင်း ပြောပြပေးပါ။ (အခု တော်တော်များများ ကောင်မလေးတွေ ငယ်ငယ်တုန်းကတော့ မိဘရဲ့ အုပ်ထိန်းသူလက်အောာက်မှာနေတယ်၊ အချိန်တန်အရွယ်ရောက်လာတဲ့ အချိန်မှာလည်း ကိုယ့်လက်တွဲဖော်ရဲ့ အုပ်ထိန်းမှုလက်အောက်မှာရောက်သွားပြန်ရော။) အဲ့လို အုပ်ထိန်းခံဘဝမှာ နေတာများလာတော့ ကိုယ်ကဘယ်လိုဆိုးသွမ်း ပေတေပြီး ဆိုးရွားတဲ့လူဖြစ်နေပါစေ ကိုယ့်ကိုချစ်မယ့် အသိုင်းအဝိုင်းကြီးထဲက ရွှေမင်းသားလေးတစ်ယောက် တစ်ချိန်ချိန်မှာပေါ်လာပြီး ကိုယ့်ဘဝကို အလင်းတွေ ဆောင်ကျဉ်းပေးရင်း တစ်သက်လုံးသစ္စာရှိရှိ ချစ်သွားနိုင်လိမ့်မယ်လို့ ထင်နေတဲ့အထင်တွေ၊ အောက်ခြေလူတန်းစားနဲ့ အထက်တန်းလွှာက လူတန်းစားနှစ်ခု မတူညီတဲ့အခြေအနေတွေကြားက မရရအောင် လက်ထပ်ကြ ပျော်ရွင်စွာ ဇာတ်သိမ်းကြလေသတည်းဆိုတာ ပေါကားဇာတ်လမ်းထဲမှာပဲ ရှိတယ်ဆိုတဲအကြောင်း သူတို့သိအောင်ပြောပြပါ။ လက်တွေ့ဘဝက ငယ်ငယ်တုန်းကကြည့်တဲ့ ဒစ်စနေးမင်းသမီးလေးတွေရဲ့ဘဝလို အချိန်တန်ရင် နတ်သမီးကနှင်တံလေးတစ်ချက်ယမ်းပြီး ဝတ်စုံတွေဖန်တီးပေးမှာမဟုတ်သလို မင်းသားလေးကလည်း ဖိနပ်တစ်ဖက်ကိုင်ပြီး ကမ္ဘာပတ်လိုက်ရှာနေမှာမဟုတ်ပါဘူးနော်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားရင်း အခြေအနေတစ်ခုရောက်မှ ကိုယ်နဲ့ထိုက်တန်တဲ့လူတစ်ယောက်လည်း အနားရောက်လာမှာပါ။ ကိုယ့်အခြေအနေနဲ့ တန်တဲ့လူတစ်ယောက်ပဲရမှာမို့ ကိုယ့်ကိုယ်ကိုယ်မြှင့်တင်မှ အမြင့်တစ်နေရာကလူနဲ့ ဖူးစာဆုံမှာဖြစ်တဲ့အကြောင်း ပြောပြပေးပါနော်။

Related Article >>> ချစ်သောကလေးငယ်၏ ရွေးချယ်ခွင့်

အန္တရာယ်ရှိလို့ ဘယ်မှမသွား ဘာမှမလုပ် အိမ်တွင်းပဲအောင်းပြီး ရှောင်နေတာထပ်စာရင် အန္တရာယ်တစ်ခုခုကြုံလာရင်လည်း ရင်ဆိုင်တိုးပြီး ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အဖြေကိုရှာတတ်တဲ့ လူတစ်ယောက်ဖြစ်လာမှ ဘဝတိုက်ပွဲအတွက် ဓားကိုသူ့လက်ထဲထည့်ပေးနိုင်မှာဖြစ်ပြီး ဘယ်အရာမဆိုအလွယ်လမ်းမလိုက်ဘဲ ကိုယ်တိုင်အားထုတ်မှ ကိုယ်လိုချင်တာကို ရနိုင်တယ်ဆိုတာတဲ့အသိကို ထည့်ပေးနိုင်မှ ဒိုင်းကိုထည့်ပေးလိုက်နိုင်မှာပါ။ ဒါကြောင့် အသင့်အနေအထားအမြဲဖြစ်နေဖို့ မိဘတွေကလည်း မြေသြဇာအထည့်မှားတဲ့ ဥယျာဉ်မှုးတွေ မဖြစ်ကြဖို့လိုပါတယ်။ ဥယျာဉ်ထဲကပန်းလေးတွေ လှလှပပပွင့်လန်းလာနိုင်ကြပါစေရှင်။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed