မေမေ့ထံသို့ အိတ်ဖွင့်ပေးစာ

သမီး ရင်ထဲကစကားတွေကို မေမေကြားနိုင်ရဲ့လားဟင်…

‘နင်ဘာကိစ္စနဲ့ အဲ့လိုမြန်မာအင်္ကျီကို အွန်လိုင်းမှာ မှာချုပ်တာလဲ?’

‘သြော် ဘာရယ်မဟုတ်ပါဘူး။ လှလို့။ ဒီတစ်စုံလုံးအပြီးအစီးမှ ၂၀၀၀၀ ပဲကျတာကို။’

‘အမလေး။ အပြင်မှာသွားဝယ်ရင် အဲ့ဒီပိတ်တစ်စမှ ၃ထောင်၊ ၄ထောင်။ ချုပ်ခနဲ့ဆို ဘာမှကျတာမဟုတ်။ မတန်ဘူး၊ မဝယ်နဲ့။ ဘယ်နှယ် ပိုက်ဆံတွေလိုက်ဖြုန်းနေတယ်။’

‘…’

‘ဟဲ့ကောင်မ။ ငါဒီမှာစကားပြောနေတယ်။ ဘာတစ်ခွန်းမှလည်း ပြန်မပြောဘူး။ နင်ကလေ နင့်ပိုက်ဆံနင်ရှာနိုင်ပြီဆိုတော့ လူပါးဝတယ်ဟုတ်လား။ နင့်လခဆိုတိုင်း နင်သုံးချင်တာသုံးလို့ရမယ်ထင်လား။ နင်မိဘစကားကို နားထောင်ရမယ်။ ကြားလား? ဟဲ့ ကြားလားလို့ပြောနေတယ်လေ။ ငါ့ကိုအဖတ်တောင်ပြန်မလုပ်တဲ့ဟာမ ကဲဟယ်။’

‘….’

‘နင် တော်တော်လူပါးဝတဲ့မိန်းမ။ ပိုက်ဆံလေး နှစ်ပဲတစ်ပြားရှာပြီး လူပါးလာဝပြနေတယ်။ ဟဲ့ ဒီမှာ။ နင်အခု ဘာကောင်မမှ မဟုတ်သေးဘူး။ သဘောပေါက်လား။ မိဘဆိုတာ သားသမီးကောင်းဖို့အတွက်ပဲ အမြဲပြောတယ်ဆိုတာ နင်တို့ နားမလည်ဘူး။ နင်ကလေ နင့်အစ်ကိုနဲ့တူတူပဲ။ အိမ်မှာ အပူတွေပဲလာလာပေးနေတဲ့ ဟာတွေ။’

‘အမေပြောတာ လက်မခံနိုင်လို့ ဘာမှပြန်မပြောတာလေ။’

‘ဟဲ့ လက်မခံနိုင်ရအောင် ငါကဘာပြောနေလို့လဲ။ ဟမ်’

‘လက်မပါပါနဲ့။’

‘ပါတယ်။ ငါမိဘဆိုတာ သားသမီးမလိမ္မာရင် ရိုက်ဆုံးမပိုင်ခွင့်လည်းရှိတယ်။ နင်တို့ရှာတဲ့ပိုက်ဆံက အိမ်ရဲ့ စားစရိတ်တောင်မရှိဘူး။ နောက်ပြီး နင်တို့က ငါတို့အုပ်ထိန်းမှုအောက်မှာ နေနေသေးတာ။ နားလည်ထား အဲ့ဒါကို။’

Related Article >>> မိခင်ဖြစ်တော့မယ့် ပထမဆုံးခံစားချက်

မြန်မာအင်္ကျီလေးတစ်ထည်ကို ၂၀၀၀၀ ပေးချုပ်ဝတ်တာ အပြစ်ဖြစ်သွားရောလား အမေရယ်။ ကိုယ့်လခကိုယ်သုံးတာ၊ ကိုယ့်လခနဲ့ကိုယ် လိုချင်တာ ဝယ်တာ၊ ပြန်ပြောရင် အကျယ်အကျယ်တွေဖြစ်ပြီး ရန်ဖြစ်ရမှာ ကြောက်လို့ ပြန်လှည့်မပြောတော့တာ အဲ့ဒါကရော လူပါးဝတာတဲ့လား။ ကိုယ့်အသားနာလို့ ပြန်ကြည့်မိတာရော မိဘကို မရိုမသေလုပ်သတဲ့လား? ကိုယ့်မှာ အကုသိုလ်ကြီး ထမ်းပိုးမထားချင်ပေမဲ့ အဲ့လို သေးသေးလေးတွေက သမီးအတွက် အကုသိုလ်တွေ ဖြစ်စေခဲ့ပြီလေ… ဘာလို့များ သားသမီးကို အကုသိုလ်တွေ ပေးကြတာတဲ့လဲ?

အမေရေ… လူကြီးတိုင်းလည်း အမြဲမမှန်သလို၊ လူငယ်တိုင်းလည်း အမြဲမမှားဘူးဆိုတာ အမေသိစေချင်လိုက်တာ။ သူများတတ်ထားတဲ့ပညာကို ထိုက်တန်သလောက် ပေးရတယ်ဆိုလည်း အမေသိစေချင်လိုက်တာ၊ တစ်ခေတ်နဲ့ တစ်ခေတ် မတူတော့မှာမို့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းတချို့ကို ကိုယ်နားမလည်တိုင်း မမှန်တာမျိုး မဟုတ်ဘူးဆိုတာလည်း မေမေသိစေချင်လိုက်တာ၊ နောက်ဆုံး သားသမီးတစ်ယောက်ကို မနိုင်တိုင်း နောက်တက်သားသမီးတွေကို မဲပြီးဖိရတာ မဟုတ်မှန်းလည်း သိစေချင်လိုက်တာ။

အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ အိမ်ပေါ်က ဆင်းကြတယ်၊ တစ်အိုးတစ်အိမ် တည်ထောင်ကြတယ်၊ ဘာလို့မိဘအရိပ်ကို ခြေစုန်ကန်ပြီး အဝေးကို ထွက်သွားကြလဲဆိုတာ တကယ်နားမလည်ခဲ့ဘူး။ ဒါပေမဲ့ စေတနာအယောင်ပြ အတ္တတွေ၊ မာနတွေနဲ့ မျှော်လင့်ချက်တွေကို မြင်လာရတဲ့အခါ အတောင်စုံချိန် ဘာလို့သူတို့တွေ အဝေးကိုပျံသွားကြတယ်ဆိုတာ တဖြည်းဖြည်း နားလည်သလို ရှိလာခဲ့ပါပြီ။

အလုပ်စစဝင်ချင်း အခြေခံလစာက ကိုယ့်တစ်ကိုယ်ရည်သုံးစာလောက်ပဲ ရှိတယ်ဆိုတာ သမီးသိပါတယ်။ ဒါပေမဲ့ ဘာလို့ ရိုးရိုးသားသားရှာတဲ့ပိုက်ဆံကိုလည်း နှစ်ပဲခြောက်ပြားနဲ့လို့ ဘာလို့များလိုက်လိုက်ပြောနေရတာလဲ? လူပါးလည်းမဝမိပါဘူးအမေရယ်၊ ကိုယ်ရတဲ့လခလေးကို ကိုယ်ဝယ်ချင်တာလေး ဝယ်သုံးလို့ရတယ်ထင်ပြီး ဝယ်မိတာပါ။ အဲ့ဒ့ါကို ဒေါသနဲ့ ငါပြောတာပဲမှန်တယ် ငါမိဘစကား နင်အမြဲလက်ခံရမယ် ဆိုတာမျိုးလာပြောလို့ အဆင်မပြေဘူးထင်တာပဲ။ သမီးကြာရင် ထွက်ပြေးမိတော့မယ် အမေရယ်….။ တချို့စေတနာတွေက သမီးအတွက် အကုသိုလ်တွေဖြစ်စေတယ်ဆိုတာ အချိန်မနှောင်းခင် အမေသိပါတော့နော်….

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed