မိခင်ဖြစ်တော့မယ့် ပထမဆုံးခံစားချက်

ကလေးယူရင်ရပါ့မလားဆိုတဲ့ ခံစားချက်က အမျိုးသမီးတော်တော်များများ ခံစားဖူးမှာပါ… အက်မင်လည်း အဲ့လိုပဲခံစားခဲ့ရတယ်.. .

ချစ်ရတဲ့သူနဲ့ လက်တွဲခွင့်ရ အိမ်ထောင်ပြုပြီးတဲ့အချိန်မှာတော့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ကံအကောင်းဆုံးလို့ သတ်မှတ်ခဲ့ဖူးတယ်… ကိုယ်ကလည်းချစ် သူလည်းချစ်တဲ့သူနဲ့ တစ်ဘဝလုံးအတူနေရတဲ့ ကံကောင်းမှုထက်
ကံကောင်းမှုမျိုးရှိနိုင်ပါ့ဦးမလားလို့ တွေးခဲ့ဖူးတယ်… ဘဝကြီးက ပြည့်စုံပြီပေါ့.. ဒါပေမဲ့ အိမ်ထောင်ပြုပြီးလို့ လအနည်းငယ်ကြာတဲ့အချိန်မှာ နောက်ထပ်လိုချင်မှုတစ်ခုဖြစ်လာပြန်ရော ကိုယ်တွေနှစ်ယောက်နဲ့တူတဲ့ ကလေးလေးကို တပ်မက်လာပြန်တာလေ..

ကလေးယူရင်ရပါ့မလားဆိုတဲ့ ခံစားချက်က အမျိုးသမီးတော်တော်များများ ခံစားဖူးမှာပါ… အက်မင်လည်း အဲ့လိုပဲခံစားခဲ့ရတယ်.. .

ဖေဖော်ဝါရီလရဲ့ လစကတည်း စိတ်မကြည်မှုတွေ စိတ်ရှုပ်မှုတွေခံစားနေရတယ်… ကော်ဖီကြိုက်တဲ့ အက်မင်အရင်လို အရမ်းမသောက်ဘဲ လျှော့လိုက်လို့ စိတ်အပြောင်းအလဲဖြစ်တယ်ပဲထင်ခဲ့တာပေါ့… အရမ်းချစ်ရတဲ့ ရုံးကညီမလေးကို သူပြောသမျှ စိတ်တို စိတ်ရှုပ်နေလို့ ဘာများဖြစ်တာလဲပေါ့… ကိုယ်ဝန်များရှိနေလားလို့ခံစားမိပြန်တော့ အမျိုးသားကိုပြောပြဖြစ်တယ် မဟုတ်လောက်ဘူးဆိုတဲ့ သူ့ရဲ့အဖြေက ကိုယ့်အတွက် မလုံလောက်ခဲ့ဘူး… ဆီးစစ်တော့ မရှိဘူးဆိုတဲ့ အချိန်မှာ မျှော်လင့်ချက်တွေပျက်သွားရတဲ့ ခံစားချက်က ကလေးလိုချင်နေတဲ့ မိခင်တိုင်း သူများကိုပြန်မပြောဖြစ်တဲ့ ဆို့နစ်မှုတစ်ခုဖြစ်မယ်ထင်တယ်…

မင်္ဂလာပွဲတစ်ခုကအပြန် ရွှေတိဂုံဘုရားမှာ သားဆုပန်ဖြစ်ခဲ့တဲ့ညမှာ ဘောလုံးပွဲသွားကြည့်တဲ့အမျိုးသားကိုစောင့်ရင်း သေချာအောင်ဆီးထပ်စစ်မယ်လေဆိုတဲ့ မျှော်လင့်ချက်နည်းနည်းလေးနဲ့ စစ်ကြည့်ပြန်တော့ ကလေးရှိနေပြီဆိုတဲ့ မျဉ်းလေးနှစ်ကြောင်းက ဘဝမှာကံအကောင်းဆုံးလို့ထင်ခဲ့ဖူးတာထက် ကံကောင်းတယ်ဆိုတာ ရှိပါသေးလား ဆိုတဲ့ခံစားချက်…

မိခင်ဖြစ်တော့မယ်ဆိုတဲ့ အသိ..  ကိုယ်ဝန်စရှိတဲ့အချိန်မှာ ကိုယ့်ဗိုက်ထဲမှာ ကလေးလေးတစ်ယောက်ရှိနေပြီဆိုတဲ့အသိနဲ့ ဘာကိုကြည့်ကြည့် အရာအားလုံးက ပျော်ရွှင်စရာတွေဖြစ်နေတယ်… အရင်ကအရမ်းကြိုက်ခဲ့တဲ့ကော်ဖီလည်း မသောက်ဘဲနေနိုင်ခဲ့တယ်။ အသွားအလာဂရုစိုက်ဖြစ်ခဲ့တယ်… ကိုယ်သာတခုခုစားမိလိုက်ရင် ကလေးလေးနဲ့တည့်ပါမလား ကိုယ့်ရဲ့အနေအထိုင်က ကလေးလေးအတွက်နေရထိုင်ရခက်နေမလား ဆိုတာက ကိုယ်ဝန်စရှိတဲ့ မိခင်တိုင်းဖြစ်မယ်ထင်ပါတယ်။

သုံးလမတိုင်ခင် ပျက်တတ်တယ် လမ်းလျှောက်တာလည်း သတိထား၊ ကြက်ဥအစိမ်းမစားနဲ့။ သင်္ဘောသီးထောင်းမစားနဲ့ဆိုတဲ့ ဂရုစိုက်တဲ့စကားသံတွေကြားမှာ နေရတာကလဲ ကိုယ်ဝန်ရှိစ အမျိုးသမီးတစ်ယောက် ခံစားရတဲ့ အခွင့်အရေးထင်ပါတယ်။

ကိုယ့်ရဲ့ သန္ဓေသားလေးကို ဗိုက်ထဲမှာထည့်ထားရတဲ့ မိခင်တွေမှမဟုတ်ဘူးနော် ဖခင်တွေကလဲ နှလုံးသားနဲ့စိတ်ခန္ဓာနဲ့ ကိုယ်ဝန်ဆောင်နေရတာပါ… ပထမဆုံးသားသမီးဖြစ်တဲ့အတွက် စိုးရိမ်စိတ်တွေရယ် ပျော်ရွှင်စိတ်တွေရယ်က ရောပြွမ်းနေလေတော့ တစ်ခါတလေ အားငယ်တယ်… တစ်ခါတလေ ကိုယ်တစ်ယောက်တည်းမဟုတ်တော့ဘူး ကိုယ်နဲ့အတူကလေးလေးပါရှိနေပြီဆို တဲ့ တတ်ကြွတဲ့ စိန်ခေါ်မှု စတာတွေက မိခင်ဖြစ်တော့မယ့် သူတွေတိုင်း၊ ဖြစ်ခဲ့ဖူးတဲ့သူတွေတိုင်း ခံစားမိမယ် ထင်တယ်လေ…

Related Article >>> တစ်နေ့မှာကြုံတွေ့လာရမဲ့ မိခင်လောင်းဘဝနဲ့ပတ်သက်ပြီး သိထားစရာများ

ကလေးလေးရှိနေပြီလို့ ဆီးစစ်ပြီးပေမဲ့လည်း ဟုတ်ရောဟုတ်ပါ့မလားဆိုတဲ့ စိတ်နဲ့ ဆရာဝန်ကိုသေချာပြ Ultrasound အဖြေလေးမပေါ်လာခင်အထိ ရင်တထိတ်ထိတ်နဲ့ စောင့်ဆိုင်းခဲ့ရတယ်… သေချာပါတယ်ဆိုတဲ့အချိန်မှာ ပျော်လို့ငိုချင်တာလား ဘာကြောင့်ငိုချင်တာလဲ မသိတဲ့ မျက်ရည်ကျခဲ့ရပါတယ်… အမျိုးသားရော ကိုယ်ပါ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဘာမှမပြောဖြစ်ကြဘဲ ရယ်မောနေမိကြတယ်ဆိုတာ ကလေးလေးရပြီဆိုတဲ့ ပျော်ရွှင်မှုပဲဖြစ်မယ်ထင်ပါတယ်.. .

မေမေ့အလှည့်တုံးကလည်း ကိုယ့်လိုခံစားရမယ် ပျော်ရွှင်ရမယ်ဆိုတာကို ကိုယ်ချင်းစာမိပြီး မိဘမေတ္တာကို နားလည်လိုက်မိတာတော့ အမြတ်ပေါ့… ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ စာအုပ်တွေ ဆောင်းပါးတွေ ကိုယ်ဝန်ဆောင် Group တွေ၊ ကလေးပစ္စည်းရောင်းတဲ့ ပစ္စည်းဆိုင်တွေက ဘယ်ပစ္စည်းလေးတွေက ကောင်းမလဲ ကလေးအသုံးအဆောင်တွေဘာရှိမလဲဆိုတာကို ရှာရတာလည်း အလုပ်တစ်လုပ်ပေါ့ ယောင်းတို့ရေ… အရင်ကကြိုက်ခဲ့တဲ့အစားအစာတွေကို မကြိုက်တော့ဘဲ မကြိုက်ခဲ့တတ်တဲ့အချဉ်တွေကို နှစ်နှစ်ခြိုက်ခြိုက် စားတတ်လာပြန်တော့လည်း ထူးဆန်းရပြန်ရောလေ..

ကိုယ်ဝန်ဆောင်မိခင်တိုင်း အက်မင့်လိုပဲ ခံစားရမယ်၊ ခံစားဖူးခဲ့မယ်လို့ ထင်ပါတယ်။ တကယ်လို့ ယောင်းယောင်းတို့ထဲမှာ ကိုယ်ဝန်ဆောင်ခဲ့ဖူးတဲ့ ယောင်းလေးတွေ ရှိရင်လည်း ခံစားချက်လေးတွေ မျှဝေသွားဦးနော်..

May (For Her Myanmar )

No Comments Yet

Comments are closed