မိုးကောင်းကင်မှာလမင်းမသာခဲ့သော်လည်း … ( ဇာတ်သိမ်းပိုင်း )

သား … လူမှာအမျိုး ကြက်မှာအရိုးတဲ့ … အဲလိုမျိုးရိုးရှိနေတဲ့ သားလက်ထဲကို အန်တီ သမီးလေး ကို ထည့်မပေးလိုက်နိုင်ဘူး ။ မျိုးရိုးလိုက်ပြီး သားက အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့သူဖြစ်ခဲ့ရင် အန်တီ သမီးလေး ဒုက္ခရောက်မှာဖြစ်တဲ့အတွက် လုံးဝသဘောမတူနိုင်ပါဘူးကွယ် … အန်တီကိုနားလည်ပေးပါ …

“မေမေ … ဖေဖေ ပြန်မလာသေးဘူးလားဟင် … သားအိပ်ချင်နေပြီ … ”

မျက်တောင်ဖျားလေးမှေးစင်းနေသော သားဖြစ်သူကိုကြည့်ရင်းမေမေ သက်ပြင်းမောချ၏ ။

အချိန်ကိုကြည့်တော့ ည ၁၂ ပင်ထိုးတော့မည်။ ကလေးလဲ အိပ်ချင်ရှာမှာပဲ …

ဆိုဖာပေါ်တွင် သားအမိနှစ်ယောက်သား ဖေဖေကို ထိုင်စောင့်နေခဲ့ခြင်းဖြစ်သည်။

ညဥ့်နက်မှ အိမ်ပြန်တတ်သော်လည်း ပြန်ရောက်သည့်အခါ လူတစ်ယောက်မှ မကြိုနေလျှင်မကြိုက်သော ဖေဖေ့ကြောင့် မေမေ့ ညအိပ်ချိန်တွေက နောက်ကျစမြဲ ။

မေမေနှင့်အတူတူအိပ်မှ အိပ်ပျော်သော သူ၏အိပ်ချိန်တွေသည်လည်းထို့အတူပင်။

သည်နေ့မှ ခါတိုင်းထက် ပိုငိုက်နေမိသော သူ့ကို သနားသွားသည်လားမသိ။ ခေါင်းလေးကို ဆွဲပုတ်ရင်း …

” သား … ဒီဆိုဖာလေးပေါ်မှာပဲ ခနလောက်အိပ်ပါလားကွယ် … မေမေ စောင်ယူခြုံပေးမယ်နော် … ဖေဖေလဲခဏနေပြန်လာတော့မှာပါ … ”

မျက်ခွံများအလွန်လေးနေပြီမို့သူလဲ မငြင်းမိတော့။

” ဟုတ် မေ … သားကိုနှိုးနော် ဖေဖေလာရင်လေ … ”

” အေးပါ သားရယ် … ”

သူနှစ်နှစ်ခြိုက်ခြိုက်ပင်အိပ်ပျော်သွားသည်။ အိပ်မက်များပင်မက်နေလိုက်သေး။ သူ သူငယ်ချင်းများနှင့်ဘောလုံးကန်နေသည်။

“၀ုန်း ဒုန်း “

ဘောလုံး နှင့်ခြေထောက်ထိသော အသံများက ကျယ်လိုက်တာမှ။

ကွင်းဘေးမှာ စကားပြောသံတွေ … ဟင် ရှိုက်သံတွေပါလား … ဘယ်သူငိုနေတာလဲမသိဘူး …

နားထဲတွင်အသံများက ပိုကျယ်လာသလို … သူ မျက်လုံးဖွင့်လိုက်သည်။ အိပ်မက်မဟုတ်လောက်။

သူမျက်လုံးဖွင့်ပြီးတာတောင် အသံများကြားနေတုန်းလေ … သူ စောင်လေးကိုဖယ်၍ အသံကြားရာဆီ တစ်ဖြည်းဖြည်းချဉ်းကပ်နေမိသည်။ နောက်ဖေးခန်းနားရောက်လျှင် …

မေမေ့ဆံပင်ကိုဆောင့်ဆွဲထားသော လူကြီးတစ်ယောက်နှင့် ကြမ်းပြင်တွင်လဲကျနေသော မေမေ …

သူမျက်လုံးများပြာဝေသည်အထိ ကြောက်လန့်သွားရသည်။

” လက်မှတ်ထိုးစမ်း … ခုချက်ချင်းလက်မှတ်ထိုး … ငါ အဲလောက်စိတ်မရှည်ဘူး … ”

ကြောက်ဖို့ကောင်းလိုက်တဲ့အသံ … ထိုအသံက … ထိုအသံက …

ဖေဖေ … ဖေဖေလား …

သူအသံပင်မထွက်ရဲ တံခါးအကွယ်တွင်ကပ်နေမိသည်။

တစ်ကိုယ်လုံးသိမ့်သိမ့်တုန်အောင်ရှိုက်နေသောမေမေသည် လက်အုပ်ချီ၍

” မလုပ်ပါနဲ့ ကိုအောင်ဖေရယ် … သားလေးမျက်နှာကိုထောက်ပါရှင် … ကျွန်မကွာရှင်းပေးလိုက်ရလို့ ဘာမှမဖြစ်ပေမယ့် သားလေးမှာ အဖေမဲ့သွားရင် ပါတ်ဝန်းကျင်က အထင်သေးကြမှာကို ကျွန်မမဖြစ်စေချင်လို့ပါ … ရှင့်သားလေး အနှိမ်ခံဘ၀ရောက်မှာကို ၇ှင်ကြည့်ရက်လို့လားဟင် ! ကျွန်မဒီတိုင်းလဲ ရှင်ဘာလုပ်လုပ် ဘာမှမပြောဘဲနေပေးနေတာပဲ … ကွာရှင်းတဲ့ထိတော့မလုပ်ပါနဲ့နော် … ကျွန်မတောင်းပန်ပါတယ် ”

Related Article >>> မိုးကောင်းကင်မှာလမင်းမသာခဲ့သော်လည်း … ( အပိုင်း – ၁ )

“တယ် … ဒီကောင်မ … ” ဖြန်း ဖြန်း ဖြန်း ပါးရိုက်သံများ သူစိတ်မချမ်းမြေ့စွာ မျက်လုံးမှိတ်ထားလိုက်မိသည် ။ မျက်ရည်များကသူ့ပါးပြင်မှာ စိုရွှဲနေပြီ ။  သူမေမေ့ကိုစိုးရိမ်စွာ တုန်တုန်ယင်ယင် အထဲကိုချောင်းကြည့်မိ၏။

” အပိုတွေ … လာမပြောစမ်းနဲ့ ကောင်မ … ငါနင့်မျက်နှာမြင်နေရတာကိုက စိတ်ပျက်ဖို့ကောင်းတယ် … ခု ငါ ချစ်တဲ့ မိန်းမ တွေ့ပြီ … အဲဒီ မိန်းမက ငါနဲ့လက်ထပ်ပြီး ဒီအိမ်လာနေမှာ … နင့်မျက်နှာကြီးကို သူလဲမြင်ချင်မှာမဟုတ်ဘူး … ငါနောက်ကြောင်းအကုန်ရှင်းခဲ့မယ်လို့ ကတိပေးပြီးသား … နင်တို့ကို နစ်နာကြေးလုံလောက်အောင်ပေးမယ်လို့ နေစရာအိမ်လဲပေးမယ်လို့ငါပြောပြီးပြီပဲ … နင်ထပ်မရစ်နဲ့ … ခုလက်မှတ်ထိုးနော် … မနက်ဖြန်ည နင့်ကို ဒီမှာ ငါမမြင်ချင်ဘူး … နင့်သားကိုခေါ်ပြီးသွား … မြန်မြန် … မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့ … ခုထိုးစမ်း ”

” ကိုအောင်ဖေ … ကိုအောင်ဖေရယ် … ကျွန်မကို မပေါင်းချင်လည်းနေပါ … ကွာတော့မရှင်းပါနဲ့ … ရှင်ချစ်တဲ့ မိန်းမဆီမှာပဲ သွားနေလဲ ကျွန်မကြည်ဖြူပါ့မယ် … လူသိရှင်ကြားကြီးဖြစ်အောင်တော့ မင်္ဂလာထပ်မဆောင်ပါနဲ့ …. ကျွန်မတို့ကိုလည်း နှင်မချပါနဲ့ရှင် … သားလေးရဲ့ ဂုဏ်သိက္ခာအတွက် အဖေဆိုတာလေး အဖြစ်ပဲရှိနေပေးရင်ရပါပြီ … ”

“ဟာ … ဒီမိန်းမ လျှာကိုရှည်တယ် … ငါဒေါသထွက်လာပြီ … ဒီတစ်ခါနောက်ဆုံးနော် … ငါ့ကိုအဆိုးမဆိုနဲ့ …” လိုတာမရသောဒေါသအရှိန်နှင့် ဘေးတွင်တွေ့သောဓါးကိုကောက်ကိုင်လိုက်ပြီး “နင်လက်မှတ်ထိုးမလား ငါ နင့်ကိုဒီဓါးနဲ့ထိုးရမလား ကောင်မ … ငါမလုပ်ဘူးမထင်နဲ့ … အလောင်းဖျောက်ပစ်ဖို့က လွယ်လွယ်လေးရယ် … အရေးကြီးတာ တစ်နည်းမဟုတ်တစ်နည်းနဲ့ နင်မရှိဖို့ပဲ … နင့်သားအတွက် နင်နေမလား … သေမလား ဒါပဲပြော … ငါ့အကြောင်းနင်သိတယ်နော် …”

“ မကွာပေးနိုင်ဘူးရှင် “

ဒေါသမထိန်းနိုင်သည့်နောက် ဓား၏ဦးတည်ရာကမေမေ့ထံသို့ …

သူ ပြေးဝင်ကာ ဖေဖေ့ကို မှီရာ ပြေးဆွဲမိ၏ ။ တတ်မတတ် ချက်မတတ်ငိုကာ ၅ နှစ်အရွယ်ကလေးတစ်ဦး၏ဆို့နစ်ကြောက်ရွံ့မှုအရှိန်က အသက်ရှူ၍ပင်မရ ။ သူ အဲဒီခံစားမှုကို ဘယ်တော့မှမမေ့ ။

သူ့အတွက် မေမေထက် ဘယ်အရာမှပိုအရေးမကြီးပါ။ မေမေကခုမှသူ့ကိုမြင်သွားဟန်ဖြင့် ထိခိုက်မိမှာစိုး၍ ကြုံးရုန်းထကာ လာဆွဲ၏။ သို့သော်မေမေ့လက်ထဲမရောက်ခင်ပင် သူ့ပျော့ခွေကျသွားပြီးလောကက မှောင်အတိဖြစ်သွားလေသည်။

ဆေးရုံတွင်ပြန်နိုးထလာသည့်နောက်ပိုင်း စကားနည်းသွားကာ ၊ ထိတ်လန့်လွယ်လာသော သူ့စိတ်ကြောင့်

ဆရာဝန်နှင့်တိုင်ပင်ပြီး မေမေ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချခဲ့သည်။ ဖေဖေနှင့်ကွာရှင်းဖို့ပင် … ။ သူ့ကိုတော့ ဘယ်တော့မှမမေ့အောင် စကားတစ်ခွန်းကိုလေးလေးနက်နက်ပြောခဲ့သည် ။

“ သား … စိတ်ဓါတ်ပိုကြံ့ခိုင်ပါ … ကိုယ်ခံစားခဲ့ရသလို သူများကိုခံစားရအောင်ဘယ်တော့မှမလုပ်ပါနဲ့သား … မေမေ့ကိုကတိပေးပါနော် …”

ဟုတ်ကဲ့ပါမေမေ … ကျွန်တော် ခုထိ မေမေပြောတဲ့အတိုင်းနေထိုင်နေပါတယ်မေမေရယ် … မေမေ ဘ၀နဲ့ရင်းပြီးသင်ပေးခဲ့တဲ့ သင်ခန်းစာတွေကြောင့် … ကျွန်တော့် လက်တွဲဖော်အပေါ် နားလည်ကြင်နာမြတ်နိုးပါတယ် … ကျွန်တော့်သမီးလေး ကျွန်တော့်လို စိတ်ဒဏ်ရာမရအောင်လို့ အိမ်ထောင်ရေး မှာ ဘယ်တော့မှ သစ္စာဖောက်ဖြစ်တော့မှာမဟုတ်ပါဘူး မေမေရယ် … မေမေရှိရာအရပ်သို့မှန်းဆပြီး လက်အုပ်ချီရှိခိုးလိုက်မိသည်။ သူအိမ်ထောင်ကျပြီး သမီးလေး နှင့် ဇနီးနှင့် ပျော်ရွှင်ဖွယ် မိသားစုဘ၀လေးကိုပိုင်ဆိုင်ပြီးချိန်တွင် မေမေ စိတ်ချသွား၍ထင့် ။ သီလရှင်အပြီးဝတ်ကာတရားအားထုတ်သွားခဲ့သည်ပင် ကြာခဲ့ပါပြီ …

နံနက်စာဝိုင်းတွင် ညက ကောင်းကောင်းအိပ်မပျော်၍ နံနက်စာတောင်သိပ်မစားနိုင် … မွန်က သမီးလေးကို ကိတ်မုန့်လှီးပေးနေရင်း သူ့ကိုလဲစကားလှမ်းပြောသည်။

“ ကိုရေ … ဘေးအိမ်က ကိုလူဝကြီး ဆုံးသွားပြီတဲ့ သိလား …”

“ ဟာ ဟုတ်လား သနားပါတယ် … သူတစ်ရှောင်ရှောင်ဖြစ်နေခဲ့တာကြာပြီပဲ … သြော် နေ့မြင် ညပျောက်တွေပါလား … အသုဘဖိတ်စာလေးပြပါဦး လိုက်ပို့ကြရအောင်ကွာ … “

“ ဟုတ်ကဲ့ ကို “

…………………………………………………………………………………………….

စနေ ရုံးပိတ်ရက်မို့  နောက်ကျမှ အိပ်ရာထဖို့ထက် နေ့တိုင်းသူ့ထက်စောစောထ၍ ပြင်ဆင်ချက်ပြုတ်ပေးနေသောမိန်းမကို အနားပေးချင်သည်။ အမှန်တော့ ကိုယ့်နားရက်မဟုတ် သူ့နားရက်ပါလေ …

မနက်စောစောထ၍ လိုအပ်သည်များဝယ်ပေးရန် ဈေးသို့ထွက်ခဲ့သည်။ လမ်းထိပ်အရောက် …

“ကျွီ”

ကားတစ်စင်း လမ်းထဲအကွေ့မှာ စက်ဘီးတစ်စီးနှင့်ငြိမိခြင်း … ကောင်လေးကတော့ဘာမှဖြစ်ပုံမရ …လန့်ပြီးစက်ဘီးလဲသွားရုံပင် … ကားမောင်းသူဆင်းလာသည်။ သြော် မိန်းကလေးမောင်းတာကိုး …

ကောင်မလေးက ကောင်လေးဆီကိုသွားရင်းတောင်းပန်နေသည် ။ သူ ထိုမြင်ကွင်းကိုဖြတ်ကျော်လာခဲ့သော်လည်း …

စိတ်ထဲမှာမပျောက်သေး … ငယ်ချစ်ဦး ကို ပြန်သတိရလာမိသည် ။

“မှီ”

…………………………………………………………………………..

“ တုနှိုင်းမမှီ တဲ့ကွ …. ငါတို့ကျောင်းရဲ့ Queen က ချောတယ် … ချမ်းသာတယ် … စိတ်ထားကောင်းတယ် … ဘယ်နေရာကြည့်ကြည့် အပြစ်မြင်စရာမရှိပါဘူးကွာ … “

“ ဟုတ်လား … ကုသိုလ်ကံကောင်းတာပေါ့ကွာ … ငါစာရှင်းပြတာသာ သေချာနားထောင်စမ်းပါ … မနက်ဖြန် လက်တွေ့ချိန်ရှိတယ်ကွ … အဲဒါလုပ်ရမှာ … အဲ့ကျမှမလုပ်နိုင်ရင် ဂွမ်းပြီ Queen လဲမကယ်နိုင်ဘူး လာစမ်းပါကွာ … “

“ ငါကလေ အဲဒီ Queen ကိုချစ်တာကွ … ဒါပေမဲ့ ဖြူဖြူစင်စင်လေး ညီမလေးလိုချစ်တာ … ငါ့လိုအာပေတူးကောင်ထက် မင်းလို စာတော်တဲ့ စာကြမ်းပိုးလေးနဲ့ဆို တော်တော်လိုက်ဖက်မှာ … အရာရာပြည့်စုံတယ်ဆိုတာမရှိတာတော့ လက်ခံတယ်ကွာ … သူက စာတော့သိပ်မလိုက်နိုင်ဘူးထင်တယ် … မင်းက စာရှင်းကောင်းဆိုတော့ ကွက်စတိပေါ့ကွာ … ငိငိ “

“ တော်စမ်းတော်စမ်း လျှောက်ပြောမနေစမ်းပါနဲ့ကွာ … တစ်ဘက်သားကြားရင်မကောင်းဘူး … မင်းနားမထောင်ရင် ငါမရှင်းပြတော့ဘူးနော် … ဟကောင် “

ကျော်ထွန်းက ပြောင်စပ်စပ်မျက်နှာဖြင့် သူ့ပါးစပ်ရှေ့တွင် လက်နှစ်ချောင်းကိုကြက်ခြေခတ်ပြသည်။ သူလဲမနေနိုင်လိုက်ရယ်မိတော့၏။ သဘောလဲကောင်းသလိုပျော်လဲပျော်တတ်သောကောင်ပါပေ ။

ကျောင်းမှအပြန်တွင် သူစက်ဘီးကိုဖြေးဖြေးနင်းလာ၏ ။ မေမေ့ ဘာစားချင်မလဲမသိ။ လမ်းက ခေါက်မုန့်လေး ၀ယ်သွားပေးဖို့စဉ်းစားရင်း လမ်းချိုးသို့အကွေ့ …. ကားတစ်စီးကမျက်နှာချင်းဆိုင်မှာ …. သူ လန့်ဖြန့်ကာ ဘေးဆွဲချလိုက်၏ ။ ဖင်ထိုင်လျက်ကျသောအရှိန်ကပြင်းသောကြောင့်ပြန်မထနိုင်ခင်မှာ သူ့ရှေ့မှာ ပန်းသွေးရောင်သမ်းနေသော ခြေထောက်ကလေးတစ်စုံ … သူမော့ကြည့်လိုက်မိလျှင် …

ဟင် “တုနှိုင်းမမှီ” ပါလား ….

“ အကို ဘာဖြစ်သွားသေးလဲဟင် … မှီတောင်းပန်ပါတယ်နော် …. မှီလေ ရှင်းတယ်မှတ်လို့ ထွက်လိုက်မိတာပါ .. အကိုထိသွားသေးလား … ဘယ်နားနာနေလဲ အကို မှီနဲ့ဆေးခန်းလိုက်ခဲ့ပါနော် … မှီ ဆေးခန်းလိုက်ပြပေးပါရစေ …”

ကားနှင့်မထိခင်သူလှိမ့်ချလိုက်၍လဲသွားတာမြင်သော်လည်း ပျာပျာသလဲလာတောင်းပန်နေသော ကောင်မလေးကိုကြည့်၍ သူရင်တွေခုန်လာမိသည်။ ဘယ်လိုဖြစ်တာလဲကွာ …

“ ရ … ရပါတယ် … ကျွန်တော်ဘာမှမဖြစ်ပါဘူး … လဲကျတဲ့အရှိန်ကြောင့်ချက်ချင်းမထနိုင်တာပါ … အခုရပါပြီ … “ အားတင်း၍ လူးလဲထလိုက်သည်။ ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ ဒုက္ခမပေးချင် … ဒဏ်ကြေလိမ်းဆေးလေးလိမ်းလိုက်ရင် အိုကေမယ့်အခြေအနေပါ …

“ ကျွန်တော့်ကို ခွင့်ပြူပါဦး “

တုနှိုင်းမမှီ ဘာမှမပြောနိုင်ခင်တွင် သူ စက်ဘီးနင်း၍ ထွက်လာခဲ့၏ ။ သူ့နှလုံးသားကျန်ခဲ့လိမ့်မည်ဟု သူမထင်မိချေ … သို့ သော် … ထိုကိစ္စက ထိုမှာတင်ပြီးမသွားဘဲ …

“ ကို ခွန်လတ် ပါနော် … မှီကိုမှတ်မိလားဟင် “

ကျောင်းလှေကားရင်းတွင်စာထိုင်ဖတ်နေသော သူ့ကိုခေါ်သံကြောင့်မော့ကြည့်လျှင် တုနှိုင်းမမှီိ … သူအံ့သြသွား၏။ သူ့နာမည်ကိုသိနေသည်လေ ။ ဘယ်လိုများသိသွားပါလိမ့် …

သူဘာမှမပြောနိုင်ခင် သူမက သူအံ့သြနေသည်ကို နားလည်သည့်ပုံဖြင့်

“ကိုကျော်ထွန်းပြောလိုက်တာပါ … အကိုက စာရှင်းတာအရမ်းတော်တယ်တဲ့ သူတောင်အကိုရှင်းပြနေလို့ဒီလောက်စာ၇တာတဲ့ … မှီက အကိုမှန်းမသိပါဘူး … ခု သူညွှန်တဲ့ဆီလာတော့မှ ကိုခွန်လတ်က အစ်ကိုမှန်းသိတာ … မှီကို ကူညီလို့ရလားဟင် … ကူညီပါနော်”

ထိုချိန်မှစပြီး ချိုမြသော အပြုံးလေးဖြင့် ချစ်စဖွယ်စကားများကိုပြောဆိုတတ်သော ကောင်မလေးတစ်ယောက် သူ့ဘ၀ထဲသို့ဝင်ရောက်လာလေသည် ။ သူတို့ချစ်ခဲ့ကြ၏။ မှီ စိတ်ထားဖြူစင်မှုလေးကို သူမြတ်နိုးသလို သူရဲ့ ရိုးသားကြိုးစားမှုကိုလည်း မှီလေးစားခဲ့၏ ။ ကျောင်းပြီးချိန် သူကအလုပ်ဝင် မှီကသင်တန်းတွေတက်ပြီး ရှေ့ရေးတွက်တူတူ ကြိုးစားသည်ထိ သူတို့ အချစ်တွေခိုင်မြဲနေတုန်း … လက်ထပ်ရန်အသင့်ဖြစ်ပြီဟု ဆုံးဖြတ်ပြီးချိန် … အလွန်သဘောထားပြည့်ဝပါသည်။ ဂုဏ်မမက်ပါဟု မှီပြောပြောထားဖူးသော မှီ၏မိခင်က သူ့ကိုခေါ်တွေ့လေသည်။

“ သား … မှီအကုန်ပြောပြီးပါပြီ။ သားရဲ့ရိုးသားမှုကို အန်တီတို့ အသိအမှတ်ပြုပါတယ် … သားမှာဘာအပြစ်မှလဲမရှိပါဘူး … ဒါပေမဲ့ အန်တီသမီးကိုသားနဲ့ လက်ထပ်ဖို့ သဘောမတူနိုင်ဘူး …”

“ဗျာ”

“ဟုတ်တယ် သား … အန်တီသမီးဖွင့်ပြောတဲ့ အချိန်မှာ အန်တီ သားကိုသဘောကျပါတယ် …. သား မိဘအသိုင်းအ၀ိုင်းတွေကို အန်တီ စုံစမ်းခဲ့တယ် … အဲဒီမှာ သားက အိမ်ထောင်ကွဲက ပေါက်ဖွားလာတဲ့ Problem Child တစ်ယောက်ဖြစ်နေတာကို သိခဲ့ရတယ်။ သားအဖေရဲ့ ဇာတ်လမ်းတွေကိုလည်း အန်တီ အကုန်လုံးနီးပါးသိခဲ့ရတယ် ။

သား … လူမှာအမျိုး ကြက်မှာအရိုးတဲ့ … အဲလိုမျိုးရိုးရှိနေတဲ့ သားလက်ထဲကို အန်တီ သမီးလေး ကို ထည့်မပေးလိုက်နိုင်ဘူး ။ မျိုးရိုးလိုက်ပြီး သားက အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့သူဖြစ်ခဲ့ရင် အန်တီ သမီးလေး ဒုက္ခရောက်မှာဖြစ်တဲ့အတွက် လုံးဝသဘောမတူနိုင်ပါဘူးကွယ် … အန်တီကိုနားလည်ပေးပါ … “

စကားကုန်ပြီလေ … သူခေါင်းငိုက်စိုက်ချ၍ အိမ်ပြန်လာခဲ့သည်။ သူ့အကြောင်းသူသာသိသော်လည်းအထင်အမြင်လွဲနေသည်ကြီးကို ဘယ်လိုမှရှင်းမပြနိုင် ။ ကတိတွေပေးလည်းမယုံမယ့်အတူတူ သူလက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပဲ မှန်မည်ထင်သည်လေ။ မှီကိုလည်း မိဘသဘောမတူဘဲ ခိုးယူမပြေးချင်လောက်အောင် သူတန်ဖိုးထားပါသည်။

သူ ရှောင်ထွက်ပေးခဲ့၏ ။ သူ့ရင်ခွင်ထက် မိဘရင်ခွင်က ပိုနွေးမှာပါမှီ ။ ကိုယ့်ကိုခွင့်လွှတ်ပါကွာ …

 

အချိန်တွေလဲကြာခဲ့ပါပြီ မှီလဲ မိဘသဘောတူသူနှင့်ယူသွားသည်တဲ့ … သူသတင်းသဲ့သဲ့ ကြားလိုက်၏ သို့သော် သူမင်္ဂလာပွဲမတတ်ရောက်ဖြစ် … နားလည်ပေးပါမှီ …

သူသည်လည်း အလုပ်လုပ်ရင်း မွန်မွန်မြတ် ဆိုသော ဘ၀လက်တွဲဖော်နှင့်တွေ့ဆုံခဲ့ရသည်။ နားလည်မှုများဖြင့်ဘ၀ကိုတည်ဆောက်ခဲ့ကြသည်။ သာယာပျော်ရွှင်သောအိမ်ထောင်ရေးမှာ ချမ်းမြေ့ခဲ့ရတာခုထိတိုင်ပင်။

……………………………………………

ကိုလူဝကြီး အသုဘနေ့

သူတို့လိုက်ပို့ဖြစ်ကြသည်။ ငိုသူကငို တရားရသူကရ ။ လူတွေအများကြီးကြားထဲမတ်တပ်ရပ်နေရင်း သူ့ပခုံးကို နောက်မှ လူတစ်ယောက်ကလာပုတ်သည်။

“ဟိတ်ကောင် ခွန်လတ် “

“ ဟာ … ဟကောင် ကျော်ထွန်း … ငါ့ကောင်ကြီး … မတွေ့တာကြာပြီကွာ … “

ဝမ်းသာအားရဖြင့် ဖက်လှဲတကင်း ။

“ ဒါ ငါ့ဇနီးလေကွာ … မွန်မွန်မြတ်တဲ့ … မင်းရော မိန်းမရပြီးလား “

“ ဟာ ငါ့သူငယ်ချင်းကတော့ ကံကောင်းတာပဲဟေ့ ။ မိန်းမချောချောလေးရထားတာ … ငါကတော့လူပျိုကြီးပါပဲကွာ … ဟဟား “

“မင်း ဘယ်ကိုလာတာလဲကွ”

ကျော်ထွန်းမျက်နှာတစ်ချက်ပြောင်းသွားပြီး

“ မှီ့ ယောကျာ်းဆုံးသွားလို့ အသုဘလာပို့တာ … “

သူ ခေတ္တဆွံ့အသွားချိန်တွင် … အကြောင်းစုံသိနေခဲ့သော ဇနီးသည်က သူ့လက်ကလေးကို အားပေးသည့်သဘောဖြင့်တစ်ချက်ဆုပ်၍ ဟိုဘက်ကိုထွက်သွားပေးသည်။ လွတ်လွတ်လပ်လပ်စကားပြောရအောင်ပင်။

“ ဘယ်လိုဖြစ်တာလဲ ကျော်ထွန်းရယ် … “

လွန်စွာစိတ်မကောင်းသောမျက်နှာဖြင့်

“ AIDS တဲ့ကွာ … “

“ဟင် … ဘယ်လို “

“ အေးကွာ … သူ့မိဘတွေ ပေးစားတဲ့ကောင်က မျိုးရိုးတော့ကောင်းပါရဲ့ … သူကိုယ်တိုင်ကမကောင်းတော့ … မိန်းမရှုပ်တယ်လေ … အိမ်ကအိမ်ဖော်တောင်မချန်ဘူးတဲ့ကွာ … မှီခမျာ အရှက်တကွဲ အကျိုးနည်းတွေဖြစ်ရတဲ့ အထဲ သူ့ယောက်ျားက ရောဂါပါ အမွေပေးခဲ့သေးတယ်လေ … အဲကောင် လူယုတ်မာကွာ … တောက် “

“ ဖြစ်ရလေကွာ….. “

သူ ရင်ထဲနင့်သွားတဲ့ထိ စိတ်မကောင်းဖြစ်ရသည် ။

ကားတန်းကြီးပင် ပြန်ထွက်တော့မည် ။ သူ မှီမမြင်အောင် လူတွေကြားထဲကွယ်နေလိုက်သည်။ စိတ်ထားကောင်းလွန်းသောမိန်းမလှလေး၏ မျက်နှာတွင်လောကဓံ၏ရိုက်ပုတ်ချက်များက အထင်းသား။

ဝဋ်ကြွေးရှိရင်လဲ ဒီဘ၀တင်ကြေပါစေမှီ …

သူ ဆုတောင်းရုံကလွဲ လို့ ဘာများတတ်နိုင်ဦးမှာတဲ့လဲ ….

သူ၏ ကောင်းကင်မှာလမသာခဲ့သော်လည်း … ကြယ်ရောင်များဖြင့်လင်းလက်သည်ကို မှီ့မေမေ သိသွားစေချင်ပါသေးသည် … ။

…………………………

အသဲကျော် (For Her Myanmar)

No Comments Yet

Comments are closed