ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောက်မတို့ရေ…

“သူငယ်ချင်းတွေကို ချစ်လွန်းလို့ ယောက်မတော်ချင်ကြတဲ့သူတွေ ရှိဖူးကြမှာပါ။ ဒါပေမဲ့ တကယ့်ယောက်မလေးကိုရော သူငယ်ချင်းလို ပေါင်းဖြစ်ကြရဲ့လား? “

“ချစ်တဲ့သူငယ်လေ သူငယ်ချင်းကောင်းယောက်မတို့ရေ”… အစချီတဲ့ အိုင်ချင်းကဗျာလေးတွေဟာ ယောင်းယောင်းတို့နဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။
ချစ်ရတဲ့သူငယ်ချင်း ဆိုးတူကောင်းဖက် တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းတွေကို ချစ်စနိုးနဲ့ယောင်းမလို့ တို့တတွေခေါ်ကြတယ်နော်။ ဒါပေမဲ့ တကယ်တမ်း သမီးယောင်းမတွေဖြစ်လာတဲ့အခါ အချင်းချင်းကြားမှာ မိသားစုပြဿနာလေးတွေရှိလာတတ်ပါတယ်။ တစ်ခါတလေများ အချင်းချင်းမျက်နှာချင်းမဆိုင်ချင်လောက်အောင်ကို သံယောဇဉ်တွေ ကုန်သွားတဲ့အထိ အခြေအနေဆိုးသွားတတ်ကြပါတယ်။ဒါကြောင့် အခု Yuki ကယောင်းတို့ဘဝမှာကြုံတွေ့လာနိုင်တဲ့ ယောင်းမလေးတို့နဲ့ အဆင်ပြေအောင်နေထိုင်နည်းလေး ပြောပြမယ်နော်။

(၁) အချင်းချင်းနားလည်ပေးပါ။
သမီးယောင်းမတွေဘဝမှာ အဖြစ်တတ်ဆုံးက ယောက်ျားသားတွေကိုအလယ်မှာထားပြီး နှစ်ဘက်လွန်ဆွဲကြတဲ့ပြဿနာပါပဲ။ ဇနီးလုပ်သူကလည်း ကိုယ့်ခင်ပွန်းကို ကိုယ်တစ်ယောက်တည်းကပဲ အပိုင်လိုချင်သလို အစ်မ၊ညီမလုပ်သူကလည်း ကိုယ့်အစ်ကိုဖြစ်သူ မောင်ဖြစ်သူကိုသူ့ဇနီးလက်ထဲမအပ်နိုင်ကြပါဘူး။ အဲ့ဒီတော့ မိန်းမနဲ့ အစ်မညီမကြားမှာ ဗျာများရမယ့် လူကပဲ သနားစရာကောင်းတော့တာပေါ့။

တကယ်လို့ယောင်းဟာ အစ်မညီမ ရှိတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ထားတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ကိုယ့်ခင်ပွန်းဟာ ကိုယ်နဲ့ဘဝတစ်ခုမတည်ဆောက်မီ ဟိုးငယ်ငယ်လေးကတည်းက ဒီအစ်မ ဒီညီမတွေနဲ့ ကြီးပြင်းလာတဲ့လူဆိုတာ နားလည်ထားသင့်ပါတယ်။ သူတို့မောင်နှမအချင်းချင်း ဘယ်လောက်ပဲရန်ဖြစ်ဖြစ် ဘယ်လိုမှခွဲမရတဲ့ သွေးသားတော်စပ်နေကြတဲ့ မိသားစုတွေပါ။ ဒါကြောင့် ယောင်းဘက်က ကိုယ့်အိမ်ထောင်ဖက်ရဲ့မောင်နှမတွေကြားက ဆက်ဆံရေးကို ခြယ်လှယ်မယ်ဆိုရင် သမီးယောင်းမချင်းလည်းမတည့် လင်မယားချင်းလည်းအဆင်မပြေဖြစ်ပြီး နောက်ဆုံးတော့ကိုယ်ပဲစိတ်ဆင်းရဲရမှာပေါ့ကွယ်။

နောက်တစ်ခုက အစ်ကိုတွေမောင်တွေ ရှိတဲ့သူကလည်း ကိုယ့်အစ်ကို ကိုယ့်မောင်တွေအိမ်ထောင်ကျသွားတဲ့အခါ သူတို့ဟာ ကိုယ့်အတွက်အမြဲအဆင်သင့်ရှိမနေနိုင်တော့ဘူးဆိုတာသဘောပေါက်ရမှာပါ။ အစစအရာရာမှာ အမြဲတမ်းသူတို့ကိုအားကိုးမှီခိုနေလို့မရတော့ပါဘူး။ သူတို့မှာလည်း သူတို့ကိုယ်ပိုင်မိသားစုလေးနဲ့ဖြစ်သွားပြီဆိုတာကို နားလည်ပေးရပါမယ်။ ကိုယ်ချစ်တဲ့အစ်ကိုတစ်ယောက် မောင်တစ်ယောက်ဟာ ကိုယ်နဲ့အရင်လို အတူသွား အတူလာ မလုပ်နိုင်တော့တာကတော့ ဝမ်းနည်းစရာကောင်းတာပေါ့။ ဒါပေမဲ့လည်း ဒါဟာ သဘာဝပဲလေ.. ဒီလိုအချင်းချင်း နားလည်မှုလေးထားတော့မှ ကိုယ်ကိုယ်တိုင်လည်းစိတ်ချမ်းသာရ ကိုယ့်ခင်ပွန်း ကိုယ့်အစ်ကိုဖြစ်သူမောင်ဖြစ်သူတွေလည်းစိတ်ချမ်းသာရမှာပေါ့ကွယ်။

Related Article >>> သူငယ်ချင်းရဲ့အစ်ကိုနဲ့တွဲမယ်ဆို ထည့်စဉ်းစားသင့်တဲ့အချက်(၅)ချက်

(၂)စည်းထားပါ။

သမီးယောင်းမတွေကြားထဲမှာ ဖြစ်တတ်တဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ အချင်းချင်းစည်းမထားမိတဲ့အတွက်ပါပဲ။ တစ်ခါတလေ အခြေအနေအရ ကိုယ့်ခင်ပွန်းရဲ့အိမ်မှာ သူ့ဘက်က မိသားစုနဲ့နေရတဲ့အခါ အချင်းချင်း စည်းမရှိထားရင် ပြဿနာတွေ ရှုပ်ထွေးသွားတတ်ပါတယ်။ အဓိကစည်းကတော့ တာဝန်နဲ့ငွေရေးကြေးရေးစည်းပါပဲ။ အခြေအနေအရ ယောက္ခမအိမ်မှာ နေကြရတဲ့အခါမျိုးမှာ မိန်းကလေးတွေဟာ ကိုယ့်မိသားစုတာဝန်အပြင် ခင်ပွန်းမိသားစုရဲ့တာဝန်ကိုပါထမ်းကြရတတ်ပါတယ်။ ဒီအခါ ကိုယ့်ကလေးဝေယျာဝစ္စ၊ ခင်ပွန်းဝေယျာဝစ္စ၊ လူကြီးတွေဝေယျာဝစ္စ အပြင် ယောင်းမတွေရဲ့ဝေယျာဝစ္စပါလုပ်ပေးရရင် သေရောပေါ့ကွယ်။ ဒါကြောင့် ဒီလိုကိစ္စမျိုးမှာ ကိုယ့်တာဝန်ကိုယ်ကျေအောင်ထမ်း ကိုယ့်စည်းလေးနဲ့ကိုယ်နေကြရင် ရှုပ်လာစရာအကြောင်းမရှိတော့ဘူးပေါ့။

နောက်ပြီးငွေရေးကြေးရေးကိစ္စကလည်း အိမ်ထောင်တစ်ခုကိုတည်ဆောက်ရာမှာအရေးကြီးလှပါတယ်။ အဲ့တော့ ကိုယ့်မိသားစုတွင်း ငွေကြေးပြဿနာကိုဖြေရှင်းနေရချိန်၊ ခက်ခဲနေချိန်မှာမှ ခင်ပွန်းလုပ်တဲ့သူက အစ်မတွေ၊ ညီမတွေကိုထောက်ပံ့လိုက်တယ်ဆိုရင် အဲ့ဒီအိမ်ရှင်မတော့ ရူးချင်သွားမှာသေချာပါတယ်။ အဲ့တော့ အရင်က ကိုယ့်အစ်ကိုဆီက မုန့်ဖိုးလက်ဖြန့်တောင်းခဲ့ရင်တောင် သူ့အိမ်ထောင်နဲ့သူဖြစ်သွားရင် ကိုယ့်ဘက်ကစောင့်ထိန်းရတော့မှာပါ။ ကိုယ့်အစ်ကို၊ကိုယ့်မောင်ကပြေလည်လို့မိသားစုကို တစ်လဘယ်လောက်ဆိုပြီးထောက်ပံ့တယ်ဆိုရင်တော့တစ်မျိုးပေါ့။ ဇနီးဖြစ်သူကလည်း အဲ့လိုထောက်ပံ့ပေးတာမျိုးကိုတော့မတွန့်တိုသင့်ဘူးပေါ့နော်.. ကိုယ့်အပေါ်မှာ ခင်ပွန်းဝတ္တရားကျေသလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့သားဖြစ်တာမျိုးဆို ပိုလို့ အဆင်မပြေပေဘူးလား။ အရမ်းအဆင်မပြေဖြစ်လို့ တစ်ဖက်နဲ့တစ်ဖက် ငွေကြေးချေးငှားမိပြီဆိုလည်း မှတ်မှတ်သားသားနဲ့ ကတိပေးထားတဲ့အချိန်မှာမဖြစ်ဖြစ်အောင်ပြန်ဆပ် ပြန်တောင်းသင့်ပါတယ်။

နောက်စည်းတစ်ခုကတော့ အတွင်းမီးအပြင်မထုတ်ရ ဆိုတဲ့စည်းပါပဲ။ မိသားစုတွင်းပြဿနာကို ကိုယ့်ယောင်းမနဲ့ ဘယ်လောက်ပဲ ရင်းနှီးပါစေ ထုတ်မပြောရပါဘူး။ တစ်ဘက်ကလည်း လင်မယား၊ တစ်ဘက်ကလည်းမောင်နှမဖြစ်နေတဲ့အတွက် ပြဿနာတွေ ပတ်လည်ရိုက်ကုန်ပါလိမ့်မယ်။ ဘယ်လိုပဲရင်းနှီးကြတယ်ဆိုဆို၊ တကယ်တမ်း စည်းလေးထားပြီး ရင်းနှီးကြတော့ ပြဿနာတွေ ရှုပ်တော့ဘူးပေါ့ နော်..

Related Article >>> တစ်ဦးတည်းသော ကလေးမို့

(၃)တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဉ်ပြိုင်ဆိုင်တာမျိုးမလုပ်ပါနဲ့။

Yuki တို့မိန်းကလေးတွေဟာ အစကတည်းက အပြိုင်အဆိုင်စိတ် အနည်းနဲ့အများတော့ရှိကြပါတယ်။ ဒီစိတ်ကိုမှ အထက်ကပြောခဲ့တဲ့ပြဿနာတွေနဲ့ပေါင်းလိုက်တဲ့အခါမှာ ပြဿနာကအကြီးကြီးတက်သွားတော့တာပါပဲ။ အလှအပ အဝတ်အစား စတဲ့အသေးအမွှားတွေအပြင် မိသားစု ကိုယ်စီရှိလာတဲ့အခါ သူ့ယောက်ျားနဲ့ကိုယ့်ယောက်ျားအချစ်ပြိုင်ကြတာအထိမြင်ဖူးပါတယ်။ ကိုယ့်သားသမီးအချင်းချင်းလည်း`သြော် သူတို့မောင်နှမဝမ်းကွဲတွေပါလား´ လို့သဘောမထားနိုင်ဘဲ နင်ကသူ့ထက်အမှတ်သာရမယ် အဆင့်ကောင်းရမယ် စသည်ဖြင့်ပြောပါများကြတဲ့အခါမှာ ကလေးအချင်းချင်းပါ စိတ်ဝမ်းကွဲပြီး မေတ္တာပျက်သွားနိုင်ပါတယ်။ အဲ့ဒီတော့ ဒီအပြိုင်အဆိုင်စိတ်လေးတွေကိုတတ်နိုင်သမျှလျှော့ကြရအောင်လို့ Yuki က အကြံပြုချင်ပါတယ် ယောင်းတို့ရေ။ ကိုယ်လျှော့ပြီးသူ့ဘက်ကမှ မလျှော့တာလို့ ဆိုရင်လည်း ဒီအတိုင်းပဲလွှတ်ထားလိုက်ပါ။ ပြိုင်သူမရှိဘဲ တစ်ယောက်တည်းပြေးနေရင် ပြေးတဲ့လူပဲဖတ်ဖတ်မောတော့မပေါ့ နော။

(၄)မိသားစုတွင်းပြဿနာဖြစ်ကြတဲ့အခါ တစ်ယောက်ယောက်ရဲ့ဘက်ကလိုက်ပြီးမပြောပါနဲ့။

သိပ်ရှင်းပြစရာမရှိပေမယ့် သူလည်းအရေးကြီးတဲ့အချက်ပါပဲ။ သူတို့အချင်းချင်းရန်ဖြစ်တာကို ဖျန်ဖြေရုံတင်မကဘဲ ကိုယ်ကပါ ဝင်ပါလိုက်တဲ့အခါ သူတို့အချင်းချင်းနောင်ချိန်ပလေးပြီးရင် ကိုယ်နဲ့ပါ တစ်ပွဲတစ်လမ်းဆက်နွှဲရနိုင်ချေတွေရှိပါတယ်။

Related Article >>> ဘဝကို ပုံဖော်ကြတဲ့အခါ

(၅)ဘယ်ကိစ္စမဆို လွှတ်ခနဲမပြောမိပါစေနဲ့။

ဒီအချက်လေးအရေးကြီးတယ် ယောင်းတို့ရေ။ ရှင်းရှင်းလေးနဲ့ ပြဿနာရှုပ်တတ်လို့ နောက်ဆုံးမှာထားပြီး သတိပေးလိုက်ပါတယ်။ သမီးယောင်းမတွေဆိုတာ ဟိုးရှေးပဝေသဏီထဲက တစ်ယောက်နဲ့တစ်ယောက် အထာကောက်တတ်တဲ့အမျိုးမို့ ပြဿနာမဖြစ်ချင်ရင် တစ်ခုခုမပြောခင်အရင်စဉ်းစားလိုက်ပါဦး။ ချီးကျူးစကားပဲဖြစ်ဖြစ် ဝေဖန်စကားပဲဖြစ်ဖြစ် လွှတ်ခနဲထွက်သွားလို့မဖြစ်ပါဘူး။ စကားကျွံရင် နှုတ်ရခက်သတဲ့။ ပြောပြီးမှ ဘွာ ဘွာ လုပ်လို့မရတဲ့ကိစ္စတွေမို့သတိထားကြပါနော်။ စကားနည်းနိုင်သမျှနည်းအောင်ကျင့်ကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်မလားပဲ။(အင်း ဒါလည်း ထင်တာပြောတာပါ။)

ကဲ ယောင်းတို့ရေ ဒီလောက်ဆိုရင်တော့ Yuki ပြောပြချင်တာလေးတွေကုန်သလောက်ရှိသွားပါပြီ။ ဒီနည်းလေးတွေမှသုံးမရရင်တော့ လုံးဝလျစ်လျူရှုလိုက်ပါ လို့ပဲအကြံပေးပါရစေ။ ဒါမှသူ့ဘက်ကမအေးချမ်းရင်တောင် ကိုယ့်ဘက်ကအေးချမ်းမှာလေ။ Yukiကိုယ်တိုင်ကတော့ အပျိုကြီးစာရင်းဝင်ဖြစ်ပြီး (ဝင်ကြွားထားသည်xD) အစ်ကို၊မောင်တွေလည်းမရှိလို့ ဒီအချက်ဒီပြဿနာလေးတွေက ကိုယ့်တွေ့မဟုတ်ပေမယ့် စာအုပ်တွေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာမြင်ရကြားရတာတွေကိုဥာဏ်မီသလိုသုံးသပ်မိသမျှပြောပြပေးထားတာပါ။(အဲ့ဒါကြောင့်လည်းအပျိုကြီးဖြစ်သွားတာနေမယ် 😀 )
အဲ့ဒီတော့ တစ်ခုခုများလိုအပ်တာလေးရှိခဲ့ရင်နားလည်ပေးကြပါလို့ပဲပြောချင်ပါတယ် ယောင်းယောင်းလေးတို့ရယ် နော်လို့ ။ ယောင်းယောင်းအချင်းချင်း သူငယ်ချင်းရင်းချာနှယ်ချစ်ကြည်ရင်းနှီးနိုင်ကြပါစေ။

Miyuki(For Her Myanmar)

No Comments Yet

Comments are closed