Knowledge Relationships

စိတ်ဒုက္ခမပေးပါနဲ့ (၃)

 

ချစ်သူကို စိတ်ပိုင်းဆိုင်ရာအရ နှိပ်စက်နေမိပြီဆိုတာသိပြီး၊ ဒီအပြုအမူတွေကို ပြောင်းပစ်ချင်သူတွေအတွက်…

ယောင်းတို့ရေ အပိုင်း (၁) နဲ့ (၂) မှာ emotional abuse – စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းဆိုတာ ဘာလဲဆိုတာနဲ့၊ ဒီလိုခံနေရရင် ဘယ်လိုလုပ်ရမလဲ ပြောပြခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တတ်သူတွေဟာ ကိုယ်ကဒီလိုလုပ်တတ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်မသိတတ်ကြပါဘူး။ သူတို့စိတ်ထဲမှာ သူတို့အပြုအမူဟာ ချစ်သူကိုချစ်လွန်းလို့ ဒီလိုဖြစ်နေတာလို့ပဲ ထင်နေပါတယ်။ သူတို့မှန်တယ်လို့ ထင်နေကြပါတယ်။

ဒါကိုကိုယ်က အေးအေးဆေးဆေးဆွေးနွေးပြီး သူအမှန်မြင်လာအောင်လုပ်ယူလို့ ရပါတယ်။ လူနည်းစုကတော့ ကိုယ့်ဟာကိုယ် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တတ်သူလို့ သတိထားမိသွားတတ်ကြပါတယ်။ ဒီလိုသတိထားမိသွားရင်တော့ သူတို့တွေပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြပါလိမ့်မယ်။ သိရက်နဲ့ မပြင်ချင်ဘူးဆိုရင်တော့ ဒီလူနဲ့ဆက်နေလဲ အလကားပဲပေါ့နော်။ အခုရေးမှာကတော့ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ချင်သူတွေနဲ့၊ ချစ်သူကိုမထားခဲ့နိုင်လို့ ဆွေးနွေးပြုပြင်ပေးချင်သူတွေ အတွက်ပါ။

Related article >>> ချစ်တဲ့သူကိုပျော်စေချင်တယ်

ဒီလိုအဖြစ်မျိုး အက်ဒမင်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။ အက်ဒမင်ကတော့ abuser ပါ။ ချစ်သူကို စိတ်ဆင်းရဲအောင် အမျိုးမျိုးအနိုင်ကျင့်ခဲ့သူပါ။ Abuser တွေ တော်တော်များများကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူတွေပါတဲ့။ အက်ဒမင်လဲ ဒီလိုပါပဲ။ သူကိုယ့်ကို မချစ်ဘူးလို့ ထင်တယ်။ ကိုယ့်ကို ထားခဲ့မယ်လို့ ထင်နေမိတယ်။ ချစ်သူအနားမှာ ရှိတဲ့သူတွေကို မနာလိုတွေဖြစ်တယ်။ သူအပြင်သွားတိုင်း ပြဿနာရှာမိတယ်။ နှစ်ယောက်သား ငိုရတာလဲအခါခါ၊ ပြတ်မယ်လို့ ပြောခဲ့ကြတာတွေလဲ အခါခါ။

အက်ဒမင်တို့နှစ်ယောက်အတွက် ကံကောင်းတာတစ်ခုက အက်ဒမင့်မှာ စိုးရိမ်မှုလွန်စိတ်ရောဂါရှိပါတယ်။ အက်ဒမင်က ကိုယ့်အကြောင်းကိုယ် သိအောင်ရော၊ ဆောင်းပါးတွေ ရေးနေတဲ့လူတစ်ယောက်အနေနဲ့ ဗဟုသုတအဖြစ်ရော၊ စိတ်ရောဂါနဲ့ ပတ်သတ်တာတွေကို လေ့လာလေ့ရှိပါတယ်။ ဒီလိုလေ့လာနေရင်း စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုအကြောင်း ဖတ်ဖြစ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဒီလိုလုပ်တတ်တဲ့သူပါလားလို့ သိလာတာပါ။

သိလာတာနဲ့တပြိုင်နက် ချစ်သူကိုအဲ့ဒီစာတွေ ပေးဖတ်ပါတယ်။ ကိုယ်ကတော့ ဒီလိုပုံစံဖြစ်နေပြီပေါ့။ ကိုယ်တစ်စ်ယောက်တည်း ကြိုးစားလို့ မရဘူးပေါ့။ တို့နှစ်ယောက် ဒီလိုဆက်သွားလို့ မဖြစ်တာမို့ ကိုယ့်ကိုကူညီပါလို့ တိုင်ပင်ကြပြီး ပြောင်းလဲနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် လက်လွတ်မခံနိုင်ကြလို့ပါ။ အစပိုင်းကတော့ အဆင်မပြေမှုတွေ ပျောက်မသွားပါဘူး။ ဒီလိုပဲ ကြိုးစားကြရင်း၊ တိုင်ပင်ကြရင်း၊ တူတူငိုကြရင်း၊ အချိန်တွေရလာတဲ့အခါ စိတ်ရှည်တဲ့ချစ်သူရဲ့အကူအညီနဲ့ အက်ဒမင် ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်းပြောင်းလဲလာနိုင်ပါတယ်။

အခုမှာတော့ ချစ်သူနှစ်ယောက်ကြားမှာ ပြဿနာဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အက်ဒမင်တို့လို ပြောင်းလဲချင်စိတ်၊ ကြိုးစားချင်စိတ်ရှိကြတဲ့ ချစ်သူတွေ၊ လင်မယားတွေအတွက် အက်ဒမင်ဖတ်ဖူးခဲ့တဲ့ စာတွေနဲ့၊ အက်ဒမင့် ကိုယ်ပိုင်အတွေ့အကြုံတွေပေါင်းပြီး ဘယ်လိုဖြေရှင်းရမလဲ ဝေမျှပေးပါ့မယ်။

၁) သတ္တိရှိဖို့လိုပါတယ်။

ကိုယ့်ချစ်သူကို စိတ်ဆင်းရဲအောင် နှိပ်စက်နေမိတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဝန်ခံဖို့မလွယ်သလို၊ ချစ်သူဘက်ကလဲ ကိုယ့်ချစ်သူက ဒီလိုနှိပ်စက်တတ်သူလို့ လက်ခံဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် နှစ်ယောက်ကြားမှာ ပြဿနာရှိတယ်ဆိုတာ လက်ခံဖို့ နှစ်ယောက်လုံးမှာ သတ္တိရှိဖို့ လိုပါတယ်။ ပြဿနာရှိမှန်းသိသွားမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာမို့ပါ။ လက်ခံနိုင်ဖို့က ပထမဆုံးနဲ့ အခက်ဆုံးခြေလှမ်းပါ။

၂) ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။

ဟုတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းမချစ်တတ်တဲ့သူဟာ သူများကိုလဲချစ်တတ်ဖို့နည်းပါတယ်။ ကိုယ်ဟာအချစ်ခံဖို့ ထိုက်တန်သူဖြစ်ကြောင်း၊ ချစ်သူက ကိုယ့်ကိုတကယ်ချစ်ကြောင်း၊ ထားခဲ့မှာမဟုတ်ကြောင်း ယုံကြည်ပေးပါ။ ချစ်သူဘက်ကလဲ သူကိုယ်တိုင်သူ ချစ်တတ်အောင် ကူညီပေးပါ။ ပိုကြင်နာပေးပါ။ သူ့ကိုချစ်ကြောင်း ပြောပြပေးပါ။

၃) အကူအညီရယူပါ။

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးသူ တစ်ယောက်နဲ့ ဆွေးနွေးကြည့်ပါ။ အက်ဒမင့်အတွက်ကတော့ ဒီလိုဆွေးနွေးဖို့ ယုံကြည်ချက်မရှိလို့ မလုပ်ခဲ့ပါဘူး။ အက်ဒမင်ဘာလုပ်သလဲဆိုတော့ ဒီအကြောင်းနဲ့ ပတ်သတ်တာတွေ ဖတ်ပါတယ်။ ချစ်သူကိုလဲ ပေးဖတ်တယ်။ ကိုယ့်ခံစားချက်ကို ကိုယ်နားလည်အောင် ကြိုးစားပါတယ်။ ချစ်သူကိုလဲ တတ်နိုင်သလောက် နားလည်အောင် ရှင်းပြပါတယ်။ ကိုယ်ပြောတဲ့အထဲမှာ နာစရာတွေပါလာရင်တောင် ရင်ထဲမထားပါနဲ့လို့ တောင်းပန်ထားပါတယ်။ ကိုယ်ပြောသမျှတွေက ကောင်းလာစေချင်လို့ အကူအညီတောင်းတာပါလို့ ပြောပြထားပါတယ်။ ဒီလိုပဲ နှစ်ယောက်သား အချင်းချင်းမျှဝေရင်းနဲ့ ကောင်းလာတာပါပဲ။

Related article >>> အစိုးရိမ်လွန်တတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားရတယ်ဆိုရင်

ဒီနည်းနဲ့ လူတိုင်းအဆင်ပြေမယ်လို့တော့ မယူဆစေချင်ဘူး။ တကယ်လို့ အနားမှာ ယုံကြည်ရမယ့်၊ တိုင်ပင်လို့ရမယ့်လူရှိရင်၊ အဲ့လူနဲ့တိုင်ပင်ပါ။ အကောင်းဆုံးကတော့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးအဖြေပဲ ဖြစ်မှာပါ။

Emotional abuse နဲ့ပတ်သတ်တဲ့ ဒီဆောင်းပါးလေး၃ခုကို ဒီပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ချစ်သူတွေ တွေ့မိ၊ ဖတ်မိကြပါစေ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုခံနေရသူတွေလဲ ချစ်သူနဲ့ ပြေလည်နိုင်ပါစေ။ ကိုယ်တိုင်ရဲ့ စိတ်အခြေအနေကြောင့် ချစ်သူကို အနိုင်ကျင့်မိနေသူတွေလဲ ကိုယ့်ကြောင့် ကိုယ်ချစ်ရသူ စိတ်မဆင်းရဲရအောင် အချိန်မီ ပြုပြင်နိုင်ကြပါစေကွယ်။

Khine (For Her Myanmar)

Reference : Psychology Today | Telegraph

Khine
အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *