သားအတွက် တစ်နေရာ

ဆုံးပါးသွားခဲ့တဲ့ သားလေးအတွက် နေရာအဖြစ် ခုံကလေးတစ်လုံးကို ကွက်လပ်ချန်ထားတဲ့ မေမေသတို့သမီးဟာ အဲ့ဒီခုံလေးကို လာထိုင်တဲ့သူကြောင့် မျက်ရည်မဆည်နိုင် ဖြစ်သွားခဲ့ပါတယ်…

ယောင်းတို့ရေ မင်္ဂလာဆောင်တဲ့နေ့ဆိုတာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက် အရေးကြီးလိုက်တဲ့ နေ့ထူးနေ့မြတ်လဲဆိုတာ ယောင်းတို့သိမှာပါ။ အဲ့လိုနေ့မျိုးမှာ ချစ်သူခင်သူတွေဝိုင်းပြီး ပျော်နေချင်ကြတာတော့ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပေါ့။

Becky Turney ကတော့ သူ့မင်္ဂလာရက်မြတ်မှာ အပျော်တစ်ဝက်၊ ဝမ်းနည်းမှုတစ်ဝက်လို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ သားကလေး Triston ကို အရမ်းတမ်းတနေမိလို့ပါ။ လွန်ခဲ့တဲ့ ၂နှစ်က Triston ဆုံးသွားတော့ သားလေးက ၁၉နှစ်ပဲရှိသေးတာ။ အဲ့ဒီအချိန်က Becky အတွက် ကမ္ဘာပျက်တဲ့ အချိန်ပေါ့။ ဒါပေမဲ့ Becky ဟာ ဘဝကို သတ္တိရှိရှိ ဆက်လက်ရှင်သန်ရင်း ချစ်ရတဲ့သူနဲ့ တွေ့ဆုံပြီး ခုဆိုသူနဲ့တောင် လက်ထပ်ဖြစ်ပြီလေ။

Related article >>> သတို့သားရဲ့ အရင်ချစ်သူနဲ့ သားကို မင်္ဂလာပွဲမှာ အသိအမှတ်ပြုခဲ့တဲ့ သတို့သမီး

သွားလေသူသားလေးကို အချိန်မလပ် သတိရပေမဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာ ပိုလို့တောင် လွမ်းနေမိတယ်။ သားလေးသာ သက်ရှိထင်ရှားရှိနေရင် သူ့မေမေ သိပ်လှနေတာကို ပီတိတွေနဲ့ ထိုင်ကြည့်နေမှာ။ သက်ရှိထင်ရှား မရှိတော့ပေမဲ့ မေမေ့ရင်ထဲမှာ အမြဲရှိတဲ့ သားလေးအတွက် မေမေ Becky က သူ့မင်္ဂလာပွဲမှာ ခုံကလေးတစ်ခုံ ထားပေးထားပါတယ်။

အဲ့ဒီခုံကို လာထိုင်မယ့်သူ ရှိလာမယ်လို့ Becky ဘယ်သိထားပါ့မလဲ

မင်္ဂလာပွဲမစခင်လေးမှာ Becky ရဲ့ သတို့သား Kelly က Becky ကို တစ်ယောက်ယောက်နဲ့ ပေးတွေ့ပေးမယ် ပြောလာပါတယ်။ အဲ့ဒီလူကတော့ Triston သာ ရှိနေရင် ရွယ်တူဖြစ်မယ့် အသက် ၂၁နှစ်အရွယ် Jacob Kilby ဆိုတဲ့ ကောင်လေးပါ။

သူ… သူပါလား!

Jacob က San Diego ကနေ Alaska ထိ Becky နဲ့ တွေ့ဖို့သက်သက် လေယာဉ်အကြာကြီး စီးလာသူပါ။ Jacob ကိုတွေ့လိုက်တာနဲ့ Becky တစ်ယောက် မျက်ရည်တွေကျလာပါတယ်။ ဘာလို့ဆိုတော့ Jacob ကို သူကောင်းကောင်းကြီး သိလို့ပါ။

မျက်ရည်တွေတွေကျ

Triston ဆုံးပါးသွားတုန်းက Becky ဟာ သားလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအလှူကြောင့် လူငါးယောက် အသက်ကိုကယ်နိုင်ခဲ့တာပေါ့။ အခုမင်္ဂလာပွဲကို ရောက်လာတဲ့ Jacob ကတော့ အဲ့ဒီထဲက တစ်ယောက်ပေါ့။ ဒါကြောင့် Triston ရဲ့ နှလုံးသားကို လက်ခံရရှိထားတဲ့ Jacob ကို Kelly က သူ့သတို့သမီးအတွက် ရအောင် ခေါ်ပေးခဲ့တာပါ။

တွေ့ရတာဝမ်းသာလိုက်တာကွယ်

သတို့သမီး Becky ရဲ့ နေ့ထူးနေ့မြတ်မှာ သားလေး Triston သက်ရှိထင်ရှား ရှိမနေနိုင်ပေမဲ့ သူ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ နှလုံးသားဟာတော့ Jacob ကိုယ်ထဲကနေ မေမေ့မင်္ဂလာပွဲအတွက် ဝမ်းမြောက်ဝမ်းသာ ခုန်လှုပ်ပေးနေပါတယ်။ Becky လည်း သားလေးရဲ့ နှလုံးခုန်သံကို နောက်တစ်ခေါက်ပြန် ကြားခွင့်ရခဲ့ပါတယ်။

သားရဲ့နှလုံးသားလေး ခုန်နေသံကို နောက်တစ်ခေါက်ထပ်ကြားခွင့်

ဒီအဖြစ်အပျက်ဟာ သတို့သမီးကိုယ်တိုင်တင် မကပါဘူး မင်္ဂလာပွဲလာ ပရိသတ်တွေအကုန်လုံးကို မျက်ရည်မဆည်နိုင် ဖြစ်စေခဲ့ပါတယ်။ အက်ဒမင်ကိုယ်တိုင်လည်း ရေးနေရင်းနဲ့ မျက်ရည်ဝဲမိတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းတယ်ဆိုတာ ဘယ်လောက်မြင့်မြတ်တဲ့ အရာလဲဆိုတာ သိလာတယ်။

Related article >>> မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်တော့မယ်ဆို ဒါကိုအရင်ကြည့်ပါ

Triston ရဲ့နှလုံးသားဟာ Jacob ကို ကယ်လိုက်နိုင်တာ မယုံနိုင်လောက်အောင် ရင်ကိုထိစေတဲ့ အဖြစ်အပျက်ပါ။ ကျွန်မရဲ့သားလေးအတွက် ဂုဏ်ယူမိပါတယ်လို့ Becky က ပြောပါတယ်။ Kelly ကတော့ သူ့သတို့သမီးအတွက် သူပေးခဲ့တဲ့ ဒီလက်ဆောင်လေးဟာ တခြားသူတွေကိုပါ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းဖို့ နှိုးဆော်နိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

အက်ဒမင်လဲ မျက်ကြည်လွှာတော့ လှူထားပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း လှူဖို့တော့ စိတ်ကူးထဲပဲ ရှိပါသေးတယ်။ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီမို့ သေမင်းလက်မဦးခင် သွားလှူဖို့တော့ လုပ်ရပါဦးမယ်။ ကိုယ့်ရဲ့အသုံးမဝင်တော့တဲ့ ခန္ဓာကိုယ် အတ္တဘောကြီးနဲ့ အသက်တွေ၊ ဘဝတွေကို ကယ်နိုင်သူ ဖြစ်ချင်ပါတယ်။ ယောင်းတို့တွေရော လှူဖူးကြသလား၊ လှူဖို့စိတ်ကူး ရှိကြသလားဟင်။ စိတ်ကူးလေးတွေကို တခြားယောင်းတွေနဲ့ မျှဝေပေးပါဦး။

Khine (For Her Myanmar)

Reference : The Tab Post | Daily News

No Comments Yet

Comments are closed