Relationships

အချစ်နဲ့ စတင်ပတ်သက်လာရပြီဆိုတာနဲ့ ဒီအချက်လေးတွေကို သတိထားနိုင်မှ ဖြစ်မှာနော်..

Relationship တစ်ခုက ကြိုးတစ်ချောင်းလိုပါပဲ။ တင်းရင်လည်း ပြတ်တတ်သလို၊ လျော့လွန်းရင်လည်း ပတ်တတ်ပါတယ်။

အရွယ်ရောက်သူတိုင်း မကင်းနိုင်တာ ‘အချစ်’ ပါပဲတဲ့။ ဝင်ဒီတို့လို အပျိုကြီးတွေကတော့ ခြွင်းချက်ပေါ့လေ။ ဒီအကြောင်းကို နောက်မှ ကိုယ်တွေ အပျိုကြီးတွေတစ်လိုင်း သက်သက်ဆွေးနွေးမယ်။ ခွက်တဲ့သူတိုင်း ပါသွားလို့ ခွက်ပါအပျိုကြီးတို့၊ ဇီဇာကြောင်လွန်းတဲ့ ဇီကြောင်အပျိုကြီးတို့ ဘာတို့ပေါ့နော်။ ဝင်ဒီ ဒီနေ့ ပြောပေးသွားမှာက တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် သတိထားရမယ့် အချက်လေးတွေပါပဲ။ ဆယ်ကျော်သက် ယောင်းတို့အတွက် အသုံးဝင်မယ်ထင်လို့ အတွေ့အကြုံလေးတွေ၊ ကြားဖူးနားဝရှိတဲ့ ဟာလေးတွေကို စုစည်းလိုက်ပါတယ်နော်။

၁။ အနွံတာခံနိုင်ရမယ် – ဒါကတော့ ပြောနေစရာ မလိုဘူးလို့တော့ ထင်ပါတယ်။ ချစ်ပြီဆိုရင် အနွံတာက အော်တိုခံနိုင်ပြီလေ။ ဒါပေမဲ့ ကိုယ်က အလျော့ပေး အလိုလိုက်တာများရင် ခေါင်းပေါ် ချေးတက်ပါနိုင်တဲ့ လူ့သဘာဝကို မေ့လို့တော့ မဖြစ်ဘူးနော်။

၂။ သူ့အကြိုက်၊ ကိုယ့်အကြိုက် လိုက်ညှိပေးရမယ်။ – ဒါပေါ့၊ နေရာတကာ ဗိုလ်ကျနေလို့မှ မရတာနော်။ relationship တစ်ခုက ကြိုးတစ်ချောင်းလိုပါပဲ။ တင်းရင်လည်း ပြတ်တတ်သလို၊ လျော့လွန်းရင်လည်း ပြေလျော့သွားတတ်ပါတယ်။ ချစ်သူတွေဖြစ်လာပြီဆိုရင်တော့ သူ့အကြိုက်လေးတွေကို သိအောင်လုပ်၊ တစ်ခါတလေလေးတော့ အလိုလိုက်၊ အကြိုက်ဆောင်ပေးပေါ့လေ။

Related Article >>> ချစ်သူတွေကြားက ရန်ပွဲတွေကို ပြေလည်သွားစေမယ့် နည်းလမ်းကောင်းများ

၃။ အဆင်မပြေတာကို အရင်ညှိပါ။ – ဒီကောင်လေးကို စတွဲဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သူ့မှာ ရှိတဲ့ မကောင်းကွက်တွေကို အနည်းနဲ့ အများတော့ သိထားရပါမယ်။ (အလုံးစုံကို ပြောတာမဟုတ်ပေမဲ့ တစ်ချို့အချက်တွေကိုတော့ စကားပြောနေရင်းကပဲဖြစ်ဖြစ် အမြင်နဲ့ သိနိုင်ပါတယ်။ ) ကိုယ်က လုံးလုံးမကြိုက်တဲ့ အချက်တွေ သူ့မှာ ရှိရင် တွဲဖို့ကို စဉ်းစားမနေပါနဲ့တော့။ ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ… အပျော်တွဲဆိုရင်တော့ တစ်မျိုးပေါ့နော်။

၎။ နောက်ကြောင်းကို အနည်းနဲ့အများတော့ သိပါစေ – ဒါကတော့ တကယ်ချစ်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေ အတွက်ပါ။ လက်ထပ်တာဟာ လူနှစ်ယောက်၊ ဘဝနှစ်ခု ပေါင်းစပ်ရုံပဲ ဆိုပေမယ့် နောက်ကွယ်မှာ သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်း ဆိုတာ ရှိနေပါတယ်။ ကိုယ်လက်တွဲမယ့်သူက ရှုပ်ရှုပ်ယှက်ယှက် အသိုင်းဝိုင်းက လာတဲ့သူဆိုရင်တော့ ကိုယ်က သည်းခံနိုင်မှပါ။ သည်းမခံနိုင်ရင်တော့ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။

Related Article >>> မြင်မြင်ချင်း ချစ်မိတယ်ဆိုတာမျိုး တကယ်ရှိလား

၅။ အကျင့်စာရိတ္တ – လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်က အကျင့်စာရိတ္တပါပဲ။ သူက ဘဝပေးအခြေအနေကြောင့် ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားပါစေဦး၊ အကျင့်စာရိတ္တကောင်းရင် လူရာဝင်ပါတယ်။ ဒါကြောင့် တွဲနေစဉ် တစ်လျှောက်လုံးမှာ သတိထားစောင့်ကြည့်ရမှာက သူဟာ အကျင့်စာရိတ္တ ကောင်း/မကောင်းပါပဲ။

ကဲ… ယောင်းယောင်းတို့လည်း အမှန်တကယ် ချစ်မြတ်နိုးရတဲ့သူနဲ့ ဖူးစာဆုံပြီး တစ်သက်တာ လက်တွဲမဖြုတ်ကြဘဲ အခက်အခဲမှန်သမျှကို ဖြေရှင်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

(ဒီလို ဆုတောင်းပေးရတဲ့ အကျိုးကြောင့် ဝင်ဒီလည်း ဒီဆုတောင်းပြည့်ပါစေ…. စတာနော်. :P)

Windy ( For Her Myanmar )

Windy
Windy လို့ ခေါ်လို့ရပါတယ်။ အသက်က ၂၂။For Her Myanmar မှာ အသစ်ဝင်လာတဲ့ စာရေးသူပါ။ပေ့ခ်ျမှာ ရသစာလေးတွေ ရေးပြီးတင်ပေးနေပါတယ်။ဝါသနာက စာဖတ်တာ။ စာဆိုရင် ရသစာတွေအဖတ်များတယ်။ စာအုပ်နဲ့ပတ်သတ်ရင် ဒိုင်ခံဆွေးနွေးပေးပါသေးတယ်

Leave a Reply

Your email address will not be published. Required fields are marked *