ရန်ဖြစ်ပြီးနောက် အမေ့အား ပြန်ချော့နည်း

အမေနဲ့ ရန်ဖြစ်ပြီးတိုင်း အမေစိတ်ဆိုးပြေအောင် ဒီလိုနည်းလေးတွေနဲ့ချော့လို့ရတယ်။

သားအမိတွေရန်ဖြစ်တာမဆန်းပါဘူး။ အထူးသဖြင့် ကျောင်းပြီးကာစ ၁၀၉ ၊၁၁၀ဖြစ်နေချိန်မှာ ပိုတောင်ဆိုးသေး။ အိမ်ကမောင်နှမနဲ့ ရန်ဖြစ်တာက ၁နာရီလောက်ပဲ၊ အမေနဲ့ ရန်ဖြစ်လို့ကတော့ နေ့တစ်ဝက်လောက်ပဲ။ အမေနဲ့ရန်ဖြစ်ရတဲ့ ယေဘုယျအကြောင်းတရားတွေကတော့…

-အပျင်းကြီးခြင်း

-အလုပ်မကူပေးခြင်း

-မကြာခဏအိမ်ပြင်ထွက်ရွာလည်ခြင်း

-အမေဒါလုပ်ဆို ကိုယ်ကဟိုဟာလုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီထက် အကြောင်းအရင်း ရာပေါင်းများစွာ ရှိနေပေမယ့်လည်း ဆောင်းပါးရှည်လျားထွေပြားသွားမှာစိုးလို့ ဒီလောက်နဲ့ပဲတော်လိုက်ပါ့မယ်။

အပေါ်က အကြောင်းအရင်းတိုင်းမှာ တရားခံက ကိုယ်ဖြစ်နေပေမယ့်လည်း အမေ့ကိုတောင်ပြန်ပြသနာရှာလိုက်သေး။ အဲ့တော့အဆူခံရတာနည်းသေးတယ်ပဲဆိုရမပေါ့။ ရန်ဖြစ်ခါစတော့ “ ငါအမေ့ကို တစ်ရက်လောက်စကားမပြောပဲပညာပြမယ်” ဆိုပြီးသာ စိတ်ကူးထားတာ။ တကယ်တမ်းတော့ အမေနဲ့စကားမပြောရင် နေလို့ကိုမရတာ။ အဲ့တော့ကိုယ်ကသွားပြောပေမယ့် အမေကစိတ်ဆိုးနေတော့ ထင်သလိုပြောမကောင်းဘူး။ အခန့်မသင့်ရင် ပြီးခဲ့တဲ့နှစ်က အပြစ်တွေကိုပါ ပြန်ဖော်မယ့်အခြေအနေမျိုး။ အဲ့တော့ ရန်ဖြစ်ပြီးတာနဲ့ အမေနဲ့ပြန်အဆင်ပြေသွားအောင် ချော့နည်းလန်းလန်းလေးတွေကို ရှိုးလိုက်ပါဦး။

၁။ ကလိထိုးပါ။

အခြေအနေကြည့်ထိုးပါဦး။ ကိုယ့်အမေက စိတ်ဆိုးပြေလွယ်တဲ့ပုံစံဆိုရင် ရန်ဖြစ်ပြီးခဏကြာတော့ အသာလေးကလိထိုးပါ။ သူမစိတ်ဆိုးတာမှန်ပေမယ့် အဲ့ဒီ့လိုသွားစလိုက်ရင် ချက်ချင်းဆိုသလိုစိတ်ပြေသွားမှာပါ။ စိတ်ကြီးတဲ့အမေမျိုးကို သွားကလိထိုးလို့ ဘုသီးစာမိရင်တော့ အက်ဒမင်တာဝန်မယူပါ။ 😛

၂။ ရုံးပတီသီးလိုချွဲပါ။

အမေနဲ့သာစကားများရတာ။ ကိုယ်ကအမေချစ်သမီးဖြစ်နေပြန်တော့လည်း အမေနဲ့စကားပြန်မပြောရအစာမကြေသလိုဖြစ်နေတဲ့အခါ ကပ်ချွဲချွဲပါ။ အနားသွားပြီး ပွတ်သီးပွတ်သပ်လုပ်ပြီးချွဲတာမျိုး။ ဖြစ်နိုင်ရင် ငယ်ငယ်တုန်းကလို သူငယ်နာမစင်တဲ့စကားမျိုးနဲ့ချွဲပါ။ အဲ့ဒီ့အခါ စိတ်ဆိုးနေတဲ့အမေလည်းခွီချင်သွားမယ်။

၃။ရောချတောင်းပန်ပါ။

တောင်းပန်တာက ကိုယ်ပြောခဲ့တဲ့အမှားအတွက်။ ရောချတာက အမေပြောတာမှန်ကြောင်းထောက်ခံတာ။ ပြန်ချော့တဲ့အခါ ကိုယ်လုပ်ခဲ့တာမှားကြောင်း၊ အမေပြောတာမှန်ကြောင်းကို သနားကမာရုပ်လေးနဲ့ ရောချတောင်းပန်ပါ။ အမေ့ကို စိတ်တော့ပြေစေမှာပါ။

 

၎။အချိုးပြေပြေနေပါ။

စကားများထားတဲ့ကြားထဲ အမြဲတမ်းလို တလွဲတွေလုပ်နေမယ်ဆိုရင် အမေ့ဆီကအမြင်ကတ်တာပါလက်ဆောင်ရသွားဦးမယ်။ အဲ့ဒီ့တော့ အမေထပ်ပြီး မျက်စိမနောက်လေရအောင် အိမ်အလုပ်တွေကူလုပ်ပေးတာမျိုး၊ အိမ်သန့်ရှင်းရေးလုပ်တာမျိုးလုပ်ပေးပါ။ ခဏကြာရင် အမေကိုယ်တိုင်စကားပြောလာပါလိမ့်မယ်။

၅။ အမေကြိုက်တာဝယ်ပေးပါ။

အမေက ပန်းကြိုက်တတ်ရင် ပန်းဝယ်ပေးတာမျိုး၊ ကိုရီးယားကားကြိုက်တတ်ရင် အခွေသစ်ဝယ်ပေးတာမျိုးလုပ်ပေးပါ။ ပြီးရင်တော့ ကိုယ်က အမေ့ကိုချစ်လွန်းလို့ တကူးတက၀ယ်လာတဲ့ပုံစံဖမ်းပြပါ။ အကြံတွေသိနေပေမယ့်လည်း အမေခွင့်လွှတ်ပါလိမ့်မယ်။

၆။အမေ့ပါးကိုနမ်းလိုက်ပါ။

ဘယ်အမေမဆို ကိုယ့်သားသမီးပါးကိုလာနမ်းရင် ပါးပြန်ရိုက်တာမျိုးမရှိပါဘူး။ သားသမီးဆိုတာ အသက်ကြီးရုပ်ရှင့်သွားရင်တောင် သူတို့အတွက် ၃နှစ်ကလေးတစ်ယောက်လိုမျိုး။ သင်ဘယ်လောက်ပဲဆိုးဆိုး သင်ပေးတဲ့အနမ်းက သင်သူမကိုချစ်ကြောင်းသက်သေပြနေတာမို့ သူမစိတ်ဆိုးပြေဖို့ အကောင်းဆုံးနည်းလမ်းပါ။

အခုပြောပြထားတဲ့နည်းလမ်းတွေက အက်ဒမင်စမ်းဖူးတဲ့နည်းတွေပါ။ ယောင်းတို့လည်း ရန်ဖြစ်ပြီးတဲ့နောက် ယောင်းတို့ရဲ့အမေကို ဘယ်လိုနည်းနဲ့ ပြန်ချော့ကြလဲဆိုတာ ကွန်မန့်လေးမှာ မျှဝေသွားလို့ရပါတယ်နော်။

Christina (For Her Myanmar)

No Comments Yet

Comments are closed