မိဘတို့ သတိပြုသင့်သော အုပ်ထိန်းမှု အမှား (၆)မျိုး

သားသမီးနဲ့ မိဘကြား ယုံကြည်မှုပျောက်ဆုံးပြီး ကွာဟချက်ကြီးနေပြီဆိုရင်တော့ ကိုယ့်ရဲ့ အုပ်ထိန်းမှု ပုံစံကို ပြန်လည်ဆန်းစစ်သင့်တဲ့ အချိန်ရောက်ပါပြီ။

ကိုယ့်သားသမီးက ကိုယ့်အပေါ် မလေးစားဘူး၊ ဂျစ်ကန်ကန်လုပ်နေတယ် နောက်ပြီး ကိုယ့်အပေါ်မှာလည်း ပွင့်ပွင့်လင်းလင်းမရှိဘဲ သူ့သူငယ်ချင်းနဲ့ သူ့ပတ်ဝန်းကျင်က လူတွေကိုပိုချစ်နေတယ် စသည်ြဖင့် သားသမီးနဲ့ မိဘကြားအဖုအထစ်တွေ တအားများနေတဲ့ ဆက်ဆံရေးမျိုးဖြစ်နေလား? အဲ့လိုဆက်ဆံရေးမျိုး ဖြစ်နေရင်လည်း ကလေးဘက်က ရိုင်းတာဆိုတာမျိုးချည်း မဟုတ်ဘဲ ကိုယ့်ဘက်ကဘာမှားနေလဲဆိုတာမျိုး ပြန်စဉ်းစားဖို့ လိုလာပါပြီ။ 

(၁) ငါ့ကိုကြောက်ရမယ်၊ တစ်ဘက်မှာ ချစ်လည်းချစ်ရမယ်။

ငါရိုက်တယ်ဆိုတာ နင့်ကိုလိမ္မာစေချင်လို့၊ အဲ့ဒါကြောင့် နင်ငါ့ကိုချစ်ရမယ်။ ဒါပေမဲ့ တစ်ဘက်မှာ င့ါကိုမလေးစားမှာစိုးလို့ ကြောက်လည်းကြောက်အောင် ငါကဆက်ရိုက်ဦးမှာ ဆိုတဲ့ပုံစံမျိုးပေါ့။ ရိုက်ပါ၊ ဆုံးမပါ။ မလိမ္မာတဲ့သားသမီးကို သူနားဝင်မယ့်နည်းနဲ့ ဆုံးမပိုင်ခွင့်ရှိတယ်ဆိုပေမဲ့ ကိုယ့်ကလေးက ကိုယ်စိတ်တိုနေတဲ့အချိန်မှာ အနားမှာတောင်မနေရဲတော့ဘဲ တုန်နေအောင် ကြောက်နေတယ်ဆိုရင် ကိုယ်ဆုံးမတာ မှန်ရဲ့လားဆိုပြီး ပြန်စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ။ င့ါကလေးက ငါမျက်လုံးနဲ့ကြည့်ရင် တစ်ချက်ပဲဆိုတာမျိုးကို ဂုဏ်ယူနေသရွေ့ ကလေးတွေကရော သားကောင်း သမီးလိမ္မာလေး ဖြစ်လာနိုင်ပါ့မလား? တစ်လျှောက်လုံး ကြောက်စိတ်ကြီးနဲ့ အသက်ရှင်နေရတယ်ဆိုရင်တော့ အချစ်နဲ့ သံယောဇဉ်ဆိုတာ သူ့ဆီမှာ လုံးဝ ရှိမှာမဟုတ်ပါဘူးနော်။

(၂) ငါ့အပေါ်ကို သူငယ်ချင်းလိုဆက်ဆံပြီး အကုန်ပွင့်ပွင့်လင်းပြောရမယ်။ ဒါပေမဲ့ ငါကမှားတယ်လို့ပြောရင် နင်ဆက်မလုပ်နဲ့။

တစ်ခေတ်နဲ့ တစ်ခေတ်မတူတာမို့ လူငယ်သဘာဝအတိုင်း အသစ်အဆန်းစမ်းကြည့်ချင်တာ၊ ချစ်သူရည်းစားထားတာကအစ ဘယ်သူငယ်ချင်းနဲ့ ပေါင်းသင်းသွားလာနေတာတွေအဆုံး တစ်ခုမကျန် မလုပ်ခင်ကတည်းက ကြိုပြောရမယ်။ ဒါပေမဲ့ ငါကမလုပ်နဲ့ဆိုရင် ဆက်လုပ်ဖို့စိတ်မကူးနဲ့။ ဘာဖြေရှင်းချက်မှ လာမပေးနဲ့ မလိုဘူး..ဆိုတာမျိုးပေါ့… ဒီလိုသာ ဘာမှလုပ်ခွင့်မပေးဘဲ၊ ကလေးရဲ့ အကြောင်းပြချက်တွေ နားမထောင်ဘဲ အမြဲထိန်းချုပ်နေမယ်ဆိုရင်တော့ နောက်ဆိုရင် ကလေးဘက်က ဘာမှပြောတော့မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အချင်းချင်းအလှမ်းဝေးလာပြီး နောက်ဆို သူ့အကြောင်း ဘာဆိုဘာမှ သိရတော့မှာ မဟုတ်ပါဘူး။ ကလေးရဲ့စိတ်ထဲမှာလည်း ငါပြောနေလည်း ဘာထူးမှာမို့လို့လဲဆိုတဲ့ စိတ်မျိုးဖြစ်ပြီး အရင်ကထက်တောင် ပိုပြီး သိုဝှက်သွားတတ်ပါလိမ့်မယ်။ 

Related Article >>> လိပ်ပြာတို့ရဲ့ တောင်ပံခတ်သံ

(၃) ကိုယ့်ကလေးကို တစ်ဘဝလုံး ဘယ်လိုအခက်အခဲမှ မတွေ့စေချင်ဘူး။

ဒီမှာက လူကြီးမိဘတွေကို ကန်တော့တဲ့အခါ ဆုပေးရင်လည်း ‘သွားလေရာနေရာတိုင်းမှာ ခလုတ်မထိဆူးမငြိပါစေနဲ့’ ဆိုတဲ့ဆုမျိုးပေးကြတာများတယ်နော်။ ကိုယ့်သားသမီးကို အကောင်းဆုံးဆိုတာတွေပဲ ရစေချင်ပြီး အခက်အခဲဆိုတာကို တစ်သက်လုံးမကြုံစေချင်တဲ့ စေတနာတွေ ပိုနေတာပေါ့။ ဒါပေမဲ့လေ တကယ်တမ်းတော့ ဘဝမှာ လောကဓံအတက်အကျဆိုတာ မကြုံမဖြစ်ကြုံရမယ့် ကိစ္စရပ်တွေပါ။ အဲ့တော့ အခက်အခဲတွေ့တိုင်းလည်း လွယ်လွယ်နဲ့လက်မလျှော့တတ်တဲ့ သတ္တိကို ပိုပြီး လက်ဆောင်ပေးသင့်ပါတယ်။ အရာရာကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ရင်ဆိုင်တတ်တဲ့ သတ္တိဟာ သူတို့လေးတွေ ဘဝတစ်လျှောက်လုံးအတွက် အသုံးဝင်မှာပါ။

(၄) ချီးကျူးရင် ရောင့်တက်မှာဆိုလို့ မချီးကျူးဘူး။

ကိုယ့်ကလေးက တစ်နေရာရာမှာ ထူးချွန်တာမျိုး၊ တစ်ခုခုမှာ အောင်မြင်လာတာမျိုး ဖြစ်တဲ့အခါ ကိုယ်ကချီးကျူးလိုက်ရင် ရောင့်တက်သွားမှာဆိုးလို့ဆိုပြီး စိတ်ထဲမှာဝမ်းသာပေမဲ့ အပြင်မှာ ထုတ်ချီးကျူးတာမျိုး၊ အပြင်ကို ထုတ်ပြတာမျိုး မလုပ်တဲ့အခါ ကိုယ့်အောင်မြင်မှုကို မိဘကတောင် အသိအမှတ်မပြုဘူးဆိုတဲ့စိတ်မျိုး ဖြစ်သွားတတ်ပါတယ်။ ကလေးရဲ့စိတ်ထဲ သိမ်ငယ်စိတ်ဝင်သွားတဲ့အခါ၊ ယုံကြည်မှု ပျောက်ဆုံးသွားတဲ့အခါ ကိုယ်ပျိုးထောင်ခဲ့သမျှ အလဟဿဖြစ်သွားတာမျိုးတွေ ကြုံရမယ့်အစား ကလေးကို စိတ်အားတက်ကြွစေမယ့် စကားလေးတွေနဲ့ ချီးကျူးပေးလိုက်ပါ။

(၅) ငါပြောတဲ့အတိုင်းလုပ် ဒါပေမဲ့မှားရင်တော့ နင့်အပြစ်။

မိဘစကားဆိုတာ အမြဲတမ်း မြေဝယ်မကျ နားထောင်ရမယ်၊ မိဘဆိုတာ သားသမီးကို ကောင်းဖို့အတွက်ပဲ လမ်းချပေးတယ်ဆိုပြီး တစ်ဘဝလုံးစာအတွက် ပလန်တွေချပေးရော။ လမ်းခုလတ်မှာ ကိုယ်မှန်းသလောက် ဖြစ်မလာတဲ့အခါလည်းကျရော နင်အသုံးမကျလို့ နင်မှားလို့ဆိုပြီး သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာလို့ အပြစ်တွေဖို့ကြတာဆိုတော့ ဒါဟာ တကယ် နည်းလမ်းမှန်နေရဲ့လား? ကလေးတွေရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို မြေတောင်မြှောက်ပေးပြီး သူတို့ကို လမ်းမှန်ပေါ် ရောက်အောင် ဆွဲခေါ်ပေးရမှာပါ။ သူ့ကိုယ်သူ အားကိုးတတ်တဲ့ အကျင့်တစ်ခုလည်း မွေးမြူပေးရာ ရောက်တာပေါ့… 

Related Article >>> လူကြီးနဲ့ လူငယ်ကြား ကွာဟချက်တို့နဲ့ ခက်ခဲနေဆဲ ပြဿနာ

(၆) ငါနင့်ကိုယုံပါတယ်။ ဒါပေမဲ့ စောင့်တော့စောင့်ကြည့်နေမှာ။

ကိုယ့်သားသမီးကို ကိုယ်ယုံတယ်လို့ဆိုခဲ့ရင် ချုပ်ချယ်တာတွေ လျှော့လိုက်ပါ။ ဘယ်သွားမယ်၊ ဘာလုပ်မယ်ကအစ ဝတ်တဲ့အဝတ်အစားအဆုံး အကုန်လုံး မျက်စိထောက်ထောက်ကြည့်နေမယ်ဆိုရင် သားသမီးအနေနဲ့လည်း နေရထိုင်ရအရမ်းကြပ်နေပါလိမ့်မယ်။ ဒါကြောင့် လိုအပ်သလောက်ပဲ ဘေးက ထိန်းကျောင်းတတ်ဖို့လိုပါလိမ့်မယ်။ကိုယ့်သားသမီးက ကိုယ်နဲ့ နေရတာ စိတ်ကျဉ်းကြပ်လာပြီလို့ ဖွင့်ဟ ဝန်ခံလိုက်ပြီဆိုရင်တော့ အချိန်တော်တော် နှောင်းသွားလောက်ပါပြီ။

Parenting လို့ခေါ်တဲ့ ထိန်းကျောင်းမှုဆိုတာ အရမ်းခက်ခဲနက်နဲပြီး ကိုယ်တိုင်မိဘနေရာမရောက်သေးသ၍ ဘာမှကိုသေသေချာချာ အတိအကျမပြောနိုင်တဲ့ အရာပါ။ ဒါပေမဲ့ ကိုယ့်ဘက်က မိဘဆိုပြီး တချို့နေရာတွေမှာ ကိုယ့်သားသမီးအပေါ် ထိန်းချုပ်ပုံ မှားနေတာမျိုးတွေ ဖြစ်နေတတ်တာကြောင့် ဒီအချက်လေးတွေကို သတိထားစေချင်တာပါ။

တချို့အရာတွေက မသိလိုက်ဘာသာနဲ့ ထိခိုက်မှုတွေ အရမ်းများတတ်တဲ့ အရာတွေမို့…. 

References : www.independent.co.ukbrightside.me

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed