နိုင်ငံခြားသားတစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ ဒီအချက် (၅)ချက်ကို သိထားဖို့လိုပါတယ်

ဒါတွေကို အချစ်နဲ့ ကျော်လွှားနိုင်မလား

အခုဆိုရင် နိုင်ငံကပွင့်လင်းလာပြီဆိုတော့ကာ…ကိုယ်တွေဆီကလည်း နိုင်ငံခြားသွားပြီး ကျောင်းတက်တာတို့ ၊ အလုပ်ကိစ္စနဲ့ သွားတာတို့ ၊ အလည်အပတ်သွားတာတို့က တော်တော်များများ လုပ်လာသလို အခြားနိုင်ငံကသူတွေကလည်း Hana တို့ဆီကို အကြောင်းပြချက်အမျိုးမျိုး နဲ့ ရောက်လာကြပါတယ်။ဒီလို နိုင်ငံခြားနဲ့ ကူးလူးဆက်ဆံမှုမှာ ချစ်ရေးချစ်ရာတွေလည်း ပါဝင်လာပါတယ်။  အဲဒီအခါ သတိထားရမယ့် အချက်လေးတွေကတော့….

၁။ ဘာသာစကား

ဘယ်လောက်ပဲ ရင်ဘတ်ချင်းနီးတယ်ဆိုပါစေ နှစ်ယောက်ကြားမှာ ဆက်သွယ်ပြောဆိုဖို့ ဘာသာစကားတစ်ခုခုတော့ ရှိသင့်ပါတယ်။ သူ့ဘာသာစကားကို သင်ယူတာဖြစ်ဖြစ် ၊ ကိုယ့်ဘာသာစကားကို သင်ပေးတာပဲဖြစ်ဖြစ် လုပ်ပေးဖို့လိုပါတယ်။ ဒါမှမဟုတ်လည်း နှစ်ယောက်စလုံး တတ်ကျွမ်းတဲ့ ဘာသာစကား တစ်ခုခု ရှိဖို့လိုပါတယ်။ ကိုယ်ရင်ဖွင့်ချင်တဲ့ ကိစ္စတစ်ခုခုရှိတဲ့အခါ မျက်လုံးချင်းပဲ စကားပြောနေလို့ မရဘူးလေ။ ကိုယ်ပြောချင်တဲ့ စကားကို သေချာရှင်းရှင်းလင်းလင်း ပြောနိုင်မှ သူ့ဆီက ကိုယ်လိုချင်တဲ့… လိုအပ်တဲ့ နှစ်သိမ့်ပေးမှု ၊ ဖြေရှင်းမှုတွေ ရမှာပါ။ မဟုတ်ရင် နားလည်မှုတွေလွဲပြီး ပြဿနာက ပိုကြီးထွားတတ်ပါတယ်။

၂။အချိန်ကွာဟမှု

နိုင်ငံခြားသားနဲ့ တွဲတဲ့အခါ LDRS ဖြစ်ဖို့ ရာခိုင်နှုန်းက ပိုများပါတယ်။ တစ်နိုင်ငံတည်းမှာ နေကြတုန်းတော့ တူတူဖြစ်မှာပေမယ့် သူလည်း သူ့နိုင်ငံပြန်၊ ကိုယ်လည်း ကိုယ့်နိုင်ငံပြန် တစ်ကွဲစီ ဖြစ်နေကြရင်တော့ ဒါကလိုလာပါပြီ။ အချိန်ကွာတာ ဘာဖြစ်လဲလို့ ဆိုနိုင်ပေမဲ့ တွေ့ရတဲ့ အခွင့်အရေးက ပုံမှန်ထက်နည်းသွားမှာ အမှန်ပဲလေ။ အဲဒီဝေးကွာမှုဒဏ်ကို ခံနိုင်ဖို့… နှစ်ယောက်အတူတူတွေ့ဖို့အချိန်ကို ဖန်တီးဖို့ဆိုတာတွေက ထည့်စဉ်းစားရမှာတွေပါ။

Related article >>> မိန်းကလေးတစ်ယောက်အချစ်ကိုလေ့လာတဲ့အခါ

၃။ ယဉ်ကျေးမှု ကွဲလွဲခြင်းတွေ

ချစ်သူနှစ်ဦးကြား တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုဆိုတာ အရမ်းအရေးကြီးပါတယ်။ ဒီလို လေးစားမှုဆိုတဲ့အခါမှာ ကိုယ်ချစ်သူ နိုင်ငံခြားသားရဲ့ သူကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်က ယဉ်ကျေးမှုတွေကိုလည်း လေးစားဖို့လိုအပ်ပါတယ်။ ကိုယ်မှ မဟုတ်ပါဘူး.. အပြန်အလှန် လေးစားသင့်တဲ့အရာပါ။ ဒီတော့  ကိုယ့်ယဉ်ကျေးမှုကိုလည်း  သူနားလည်အောင် ရှင်းပြပေးဖို့လိုသလို သူ့ယဉ်ကျေးမှုကိုလည်း နားလည်ထားသင့်ပါတယ်။ ဥပမာ- ခြေထောက်နဲ့ပြတာကို ကိုယ်က ရိုင်းတယ်ထင်ပေမယ့် သူ့အတွက်ကတော့ လုပ်နေကျဖြစ်နေတဲ့အခါ နားလည်မှုတွေလွဲနိုင်တာမျိုးပေါ့။

၎။ စိတ်ရှည်သည်းခံနားလည်မှု

ကိုယ်နဲ့လူမျိုးတူတဲ့ လူတစ်ယောက်ကို တွဲရတာနဲ့စာရင်တော့ နိုင်ငံခြားသားတစ်ယောက်ကို တွဲရတာက ပိုပြီး ညှိနှိုင်းစရာ ၊ စဉ်းစားစရာတွေ ပိုများပါတယ်။ ဒါကြောင့်မို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ သာမန်ထက် စိတ်ရှည်ပေးဖို့ နားလည်ပေးတတ်ဖို့ လိုပါတယ်။ မတူညီတဲ့ ကွဲပြားမှုတွေကို တူညီလာအောင် ညှိယူဖို့အတွက် စိတ်ရှည်ခြင်းက အဓိကသော့ချက်မဟုတ်လား..။

Related Article >>> နိုင်ငံခြားသားတွေနဲ့အလုပ်တွဲလုပ်မယ်ဆိုရင် ပြင်ဆင်ထားသင့်တဲ့အရာတွေ

၅။ မိဘအသိုင်းအဝိုင်း

ရေရှည်ဆိုတာကို စဉ်းစားလိုက်တဲ့အခါ နှစ်ဦးနှစ်ဖက် ရှေ့ဆက်လှမ်းဖို့ သူ့ပတ်ဝန်းကျင်းကိုလည်း သွားလာရမှာ ဖြစ်သလို သူလည်း ကိုယ့်ပတ်ဝန်းကျင်ကို လာရတာမျိုး ရှိပါလိမ့်မယ်။ ကိုယ့်မိဘအသိုင်းအဝိုင်းဘက်ကရော သူ့ကို လက်ခံနိုင်ပါ့မလား…နိုင်ငံခြားသားဆိုတဲ့ အတွက်ကြောင့် မိဘတွေဘက်ကလည်း စဉ်းစားစရာ တစ်ချက်တော့ ပိုလာမှာပါပဲ။ အဲ့ဒီအတွက် ဘယ်လိုညှိနှိုင်းမလဲ..ဘယ်လိုရှေ့ဆက်မလဲဆိုတာ နှစ်ဦးသား ထည့်စဉ်းစားရမယ့် အချက်လေးတွေပါ။

Hana(For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.