Relationships

ရည်းစားဘဝဖြတ်သန်းဖို့ အရေးကြီးဆုံး စည်းကမ်းချက်(၅)ချက်

ကြိုက်တုန်းကတော့ ဘာဝတ်ဝတ် ကြိုက်ခဲ့ပြီးမှ ချစ်သူဖြစ်တော့မှ ဟိုလိုမဝတ်နဲ့ ဒီလိုဝတ်ပေါ့.. ဟုတ်လား? ဒါမျိုး မိမိ နည်းနည်းလေးမှ လက်မခံပါ။ 

အက်ဒ်မင်တို့ မိန်းကလေးတွေ ရည်းစားတွေ ထားကြတယ် ။ ထားတော့လည်း ထားတယ်ပေါ့.. ကောင်းတယ် အားပေးတယ် ။ ရည်းစားထားမှ ယောက်ျားလေးတွေအကြောင်းသိတာ ထုံးစံပဲ ။ ရည်းစားမထားလည်း သူတို့ အကြောင်း သိတန်သလောက်ကတော့ သိကြပါတယ်နော်… သူတို့ရဲ့ ရစ်နည်း ပတ်နည်း လှည့်နည်းတွေ နည်းတာ မှတ်လို့။ ဆိုတော့ သူတို့ ရစ်နည်းတွေကို အသာထားလို့ ယောင်းယောင်းတို့ဘက်ကရော ဘယ်လို စည်းကမ်းလေးတွေနဲ့ ချစ်သက်တမ်းကို ဆွဲဆန့်နိုင်မလဲ ကြည့်ကြရအောင်နော်.. သူတို့မာယာတစ်ထောင်ဆို ကိုယ်က မာယာတစ်သိန်းပေါ့ … အယ်လယ် 😛

  • မချုပ်ချယ်လွန်းပါနဲ့။ 

ပြောလို့သာ လွယ်တာနော်..  လိုက်နာရတာ ခက်တယ် သိတာပေါ့ ။ ပြောချင်တာက နေရာတကာကိုပါ ။ ဘီယာမသောက် ဆေးလိပ်မသောက် လောင်းကစားမလုပ် မိန်းမမပွေ စုံနေတာပဲ အက်ဒမင်တို့မိန်းကလေးတွေ ချုပ်ချယ်နိုင်စွမ်းက ကျမ်းတစ်စောင်ပြုလို့ရတာမလား… လူတိုင်းက ဝါသနာဆိုတာ ရှိပါတယ် ။ မွေးရာပါ အကျင့်ဆိုတာရှိတယ် ။ ဒါကို ငါနဲ့တွဲရင်တော့ သူပြင်ကောင်းပါရဲ့လို့ ဘယ်တော့မှ မမျှော်လင့်လေနဲ့ ။ သူတို့က ကတိပေးလည်း ခဏပဲလေ.. ပြီး သူတို့စိတ်ထဲမှာ တကယ်စွဲမနေရင် ပြန်လုပ်တာပဲ.. ပြီးတော့မှ နောက်ထပ် ကတိတစ်ခုပေါ့။ နောက်တစ်ခု ကိုယ့်ကို အတင်းကြီး ချုပ်ချယ်တာမျိုးလည်း လက်မခံပါနဲ့။ မြန်မာ ထဘီကလွဲ ကျန်တာ ဘာမှဝတ်တာ မကြိုက်ဘူး ။ ရှိတယ် ရှိတယ် အဲ့သလို ဆင်မယဉ်သာ နူးနူးညံ့ညံ့လေးတွေကိုမှ ကြိုက်တဲ့ကောင်တွေ ရှိကို ရှိတယ်။ အဲ့ဒါမျိုးဆိုလည်း (ရှင် ရူးနေလား) လို့သာ အော်ပြီး လစ်ထွက်ခဲ့တော့ ။ တကယ်ပြောနေတာ ။ ဟုတ်တယ်လေ..ကိုယ်အရင်ကလည်း ဝတ်ချင်တာ ဝတ်နေတာကိုမှ ကြိုက်ခဲ့ပြီး ချစ်သူဖြစ်သွားမှ ဒါမျိုးပဲ ကြိုက်တာ ဟွာမျိုးမလုပ်နဲ့ဆိုတာ အဓိပ္ပာယ်မှ မရှိတာ.. တွေးကြည့်နော် ယောင်း.. ဒါပေမဲ့ ချစ်နေတဲ့ အချိန် ဒါတွေပြောနေလည်း အပိုဖြစ်နေမှာ သိပါတယ် ။ ဘာမဟုတ်တာလေးကို ချုပ်ချယ်လွန်းတာကြောင့်  ဒဏ်မခံနိုင်လို့ပြတ်သွားတဲ့ အတွဲတွေဆိုတာ နည်းတာ မှတ်လို့။ အကောင်းဆုံးနည်းကတော့ ညှိယူ ။ မညှိယူရင် ပြတ် .. ဒါပဲ ခုမပြတ်လည်း နောင်ပြတ်မှာပဲ။ (ပြဿနာတက်ရင် အက်ဒ်မင်မပါ 😛 )

  • ငွေရေးကြေးရေး မရှုပ်ထွေးပါနဲ့။

အဲ့စကားက ပြောလို့ကောင်းတဲ့ အရာတော့ မဟုတ်ဘူးပေါ့ ။ ရည်းစားဖြစ်ရင် နည်းနည်းတော့ ငွေရေးကြေးရေးက ပါလာချင်တတ်ကြတာချည်းပါ ။ အလုပ်လုပ်နေတဲ့သူဆို ကိုယ့်လခကို ကောင်မလေးတွေ ပေးထားတာမျိုး၊ ကောင်မလေးတွေ ပြန်ပေးသလောက်နဲ့ကောင်လေးတွေ က သုံးရတာမျိုးတွေ ရှိတတ်ပါတယ် ။ ကြည်ဖြူနေတဲ့ အချိန်တော့ အကောင်းပေါ့ ။ ဘေးလူမြင်လည်း နှစ်သက်စရာပါပဲ ။ ဒါပေမဲ့ အပေါင်းအသင်းတွေနဲ့ တွေ့တဲ့အခါမျိုး၊ မဖြစ်မနေ သုံးရတော့မယ့် အခါမျိုးတွေမှာတော့ နေရာတကာ စိစစ်နေတဲ့ ကိုယ့်ရည်းစားကြောင့် မျက်နှာပျက်ရသလိုတွေဖြစ်တာမျိုးတွေ ရှိလာတတ်ပါတယ်။ ဒီလိုကိစ္စမျိုးကလည်း တစ်ခါလောက်ပဲကောင်းတယ်လေ ။ အပေါင်းအသင်းကြား  လူကိုသိမ်ငယ်သလိုဖြစ်သွားစေနိုင်တဲ့ ငွေကြေးကိစ္စတွေမှာ ဘယ်တော့မှ မချုပ်ချယ်မိပါစေနဲ့။ ဖြစ်နိုင်မယ်ဆိုရင်တော့ လက်မထပ်ရသေးဘဲ တစ်ယောက်ငွေကြေးကို တစ်ယောက်က ဝင်မစွက်ဖက်တာ အကောင်းဆုံးပါ။ ဒီထဲမှာ မုန့်စားကြတာ၊ ဒိတ်ကြတာတွေလည်း ပါပါတယ်။ ထွက်တိုင်း ကောင်လေးကချည်းပဲ ရှင်းမယ်၊ ကောင်မလေးကချည်းပဲ ရှင်းမယ်ဆိုတာမျိုးတော့ မဟုတ်သေးဘူးပေါ့.. အလှည့်ဆိုတာ ရှိမှ သူလည်း အဆင်ပြေ၊ ကိုယ်လည်း စိတ်ချမ်းမြေ့ရမယ်မဟုတ်လား…

Related Article >>> သဝန်တိုတိုင်း ချုပ်ချယ်သင့်လား?

  • မိဘအပေါ်သိတတ်တာ ချစ်တတ်တာတွေကို အမြင်မကတ်ပါနဲ့။

ပြောလို့သာလွယ်တာ အမေချစ်သားတွေကို ချစ်ရတာလည်း ဖီလင်က တစ်မျိုး… ခံစားဖူးသူဆို သိပါလိမ့်မယ်။ဒါက မိဘစကား နားမထောင်ရဘူးလို့ ပြောတာမဟုတ်ဘူးနော်.. မိဘဆိုတာ ချစ်ကိုချစ်ရမယ့်အမျိုးပါ။ သို့သော် အလွန်အကျွံကြီးကျ တစ်ဘက်လူအတွက် အဆင်မပြေဘူးမဟုတ်လား …ဘယ်သူမဆို ကိုယ်ချစ်တဲ့သူအတွက် နံပါတ် ၁ အချစ်ရဆုံးသူ၊ အရေးအကြီးဆုံးသူဖြစ်ချင်ကြတာပဲလေ… ဒါပေမဲ့ ယောင်းတို့ဘက်က နားလည်ပေးရမှာက ကိုယ်လည်း ကိုယ့်မိဘကို ချစ်တာပဲ မဟုတ်လား ။ အလွန်အကျွံ ဖြစ်လွန်းတာကလွဲရင်တော့ သူများမိဘနဲ့သူများသားသမီးကြား ဘယ်ကြားမှ မဝင်တာ အကောင်းဆုံးပဲလေ ။ ကိုယ့်အမေနဲ့ ချစ် ရေထဲတူတူကျရင် ဘယ်သူ့ဆယ်မှာလဲ ဆိုတာမျိုးဟာ မေးရမဲ့ မေးခွန်းတွေ မဟုတ်ပါဘူး… ဒါကြောင့် အလွန်အကျွံ မဟုတ်ရင်တော့ မိဘတွေကို ချစ်တတ်လွန်းသူကို ရည်းစားတော်ထားရင် ကြံဖန်မရစ်ပါနဲ့လို့မှာလိုက်ပါရစေ… နောက်ဆို ကိုယ်ကလည်း မိဘနေရာရောက်လာမှာပဲ မဟုတ်လား.. ကြိုတင် ကိုယ်ချင်းစာပေးလိုက်ပါ ယောင်းတို့ရေ…

  • မီဒီယာပေါ် မတင်သင့်တာကို မတင်ပါနဲ့။ 

ဘာကိုပြောတာလဲဆိုတော့ ခုခေတ်က မီဒီယာဆိုတာ လက်နက်တစ်ခုဖြစ်လာပြီလေ။ သူများနိုင်ငံတွေကိုကျော်မကြည့်ပါနဲ့ဦး… ကိုယ့်ပတ်ဝန်းကျင်နားမှာပဲ ကိုယ်တစ်ယောက်တည်း မြင်မှာပါလေဆိုပြီး မသိမ်းထားသင့်တဲ့ပုံတွေ ဗွီဒီယိုတွေကို  မှတ်တမ်းတင်ထားမိလို့တကယ်ကို အွန်လိုင်းပေါ် တင်ခံရ၊ ခြိမ်းခြောက်ခံရတာတွေ ယောင်းတို့မြင်မှာပါ။ လူပဲ ဖြစ်တတ်တဲ့သဘောကို သိပါတယ်.. ချစ်တတ်တဲ့ အချစ်ကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်မောင်းနှင်နေရင်း ပတ်ဝန်းကျင် မုန်တိုင်းတွေ မမိဖို့ ပဲ့ကိုင်ကျွမ်းဖို့လည်း လိုသေးတယ်မဟုတ်လား? ကိုယ့်ဘဝ၊ ကိုယ့်စိတ်ကြိုက်ဆိုတာတော့ မှန်ပေမဲ့ လျှို့ဝှက်သင့်တဲ့ ကိစ္စကိုတော့ လျှို့ဝှက်ထားရမယ်လေ။ ဟုတ်ဘူးလား.. ဆိုတော့… ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ပါ ချစ်ပါလို့ ။

Related article >>> ချစ်သူက ခြေလှမ်းပျက်လာတဲ့အခါ …

  • မမှီခိုလွန်းပါနဲ့။

ဒီကိစ္စနဲ့ပက်သက်ပြီးပြောရမယ်ဆိုရင်တော့ မမှီခိုနဲ့ဆိုတာ မမှီခိုလွန်းပါနဲ့လို့ပဲ ပြောချင်တာပါ။ ချစ်သူပဲ အားကိုးချင်တာပေါ့လို့ အထွန့်တက်ချင်လည်း တက်နိုင်ပါတယ် ။ ဒါပေမဲ့ အစစအရာရာ ကိုယ့်အပေါ် မှီခိုရင်း သူနဲ့ပတ်သက်လာသမျှ အရာတိုင်းကို ကိုယ်ကချည်းဖြေရှင်းပေးရ စီစဉ်ပေးရ ဆုံးမပေးရ ပြောပြပေးရရင် ယောက်ျားလေး မိန်းကလေး ဘယ်သူမှ သည်းမခံနိုင်ပါဘူးလို့။ သည်းခံနိုင်တဲ့ အတိုင်းအတာကျော်ရင်လည်း ပြတ်သွားတတ်ပါတယ် မပြတ်ဘူးဆိုရင်တောင် နိုင်ကွက်လိုပြောစရာဖြစ်တတ်ပါတယ်နော်.. ဒါလေး သတိချပ်ပါ ယောင်းတို့…  ချစ်လို့ပါဆို ဆိုတာကို နားမလည်လို့ပြောတာမဟုတ်ပါဘူး။ ကိုယ်လည်း လုပ်တတ်ကြောင်း၊ ကိုင်တတ်ကြောင်း အမြဲတမ်း ပြပြီး ဘယ်နေရာမဆို ဆရာလုပ်ပြရမယ်လို့ မဆိုလိုပါဘူးကွယ်.. ကိုယ့် ဝန် ကိုတော့ ကိုယ်ပဲ နိုင်အောင်ထမ်းတာ အကောင်းဆုံးပါ။ ရည်းစားဘဝတင် သူများကို မှီခိုအားကိုးလွန်းနေမယ်ဆို ကာလကြာရှည်လာလေလေ ပိုဆိုးလာလေလေ ဖြစ်လာမှာပေါ့… သက်တမ်းကြာရှည်ပြီး ပျော်စရာကောင်းတဲ့ အချစ်ငှက်ငယ်လေးတွေ ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒါလေးတော့ သတိပြုရမယ် ယောင်းရေ…

ချစ်သူရည်းစားဘဝမှာ ဆင်ခြင်ရမှာတွေက ဒီထက်ပိုအသေးစိတ်ကျတာတွေ ရှိပါသေးတယ်။ အကြမ်းဖျဉ်းအားဖြင့်  ရည်းစားဘဝမှာ ကြုံရတတ်တာလေးတွေ၊ မိန်းကလေးတွေ ဖြစ်တတ်တာလေးတွေကို သတိပေးတာပါ။ ခြံခုန်တာတို့ ၊ ဂနာမငြိမ်တာတို့က မွေးရာပါ ဗီဇပါ။ ကိုယ်လည်း လိုက်ပြင်လို့မရဘူးလေ.. ကိုယ့်ကို ဘယ်လောက်ချစ်ပါတယ်ပြောပြော ခြံခုန်မယ့်သူက ခုန်သွားမှာပါပဲ။ အကြောင်းပြချက်တွေပေးသွားတယ်ဆိုတာ ကိုယ့်အပြစ်ကို လုံအောင်ဖုံးဖို့ ပါးစပ်ထဲရှိရာ ပြောသွားတာပါ။ ဆိုတော့ ဒီလိုလူမျိုးနဲ့ တွေ့လာခဲ့ရင်လည်း တွဲသင့်မတွဲသင့်ကတော့ ယောင်းတို့သဘောပေါ့လေ.. ရည်းစားဘဝ သဝန်တိုတာ၊ အချစ်ပိုတာ မဆန်းပေမဲ့ နေရာတိုင်းမှာ စည်းလေးထားပြီး သဝန်တိုကြတာ၊ ဆင်ခြင်ကြတာ အကောင်းဆုံးပါလို့ မှာလိုက်ပါရစေယောင်းတို့ရေ…

လှပတဲ့ ချစ်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေကွယ်…

Wai Zin ( For Her Myanmar )

Wai Zin
နာမည်ကတော့ ဝေဇင်ဦး ပါ။အသက်ကတော့ ၂၄ ။စာပေနဲ့ပတ်သက်ရင် ဝါသနာက တားမနိုင်စီးမရ မို့လို့ စာတွေရေးရမယ်ဆို ထမင်းမေ့ ဟင်းမေ့တတ်တဲ့သူပေါ့။ အမျိုးသမီးထု အတွက် တစ်တပ်တစ်အားဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားရင်း စာတွေပိုရေးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *