သူငယ်ချင်းရဲ့အစ်ကိုနဲ့တွဲမယ်ဆို ထည့်စဉ်းစားသင့်တဲ့အချက်(၅)ချက်

သူငယ်ချင်းကောင်းယောင်းမဆိုတာ တကယ်ရော ရှိနိုင်ပါ့မလား?

ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ အစ်ကိုကို ခရက်ရှ်တာက ကိစ္စမရှိပေမယ့် တကယ်ချစ်မိသွားလို့ အတည်တွဲတော့မယ် ဆိုရင်တော့ စဉ်းစားစရာလေးတွေရှိလာပြီ။ သူငယ်ချင်းဘက်ကကြည့်ရင်လည်း သူ့အစ်ကိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ချစ်သူတွေဖြစ်နေလို့ ဘယ်လိုခံစားရမလဲ။ သူငယ်ချင်းကို ယောင်းမလိုချစ်ရလို့ ပိုပျော်ရတာတွေ၊ တကူးတက အိမ်အလည်သွားစရာ မလိုတော့တာတွေ စသဖြင့် စသဖြင့် ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုပေမယ့် ကသိကအောက်ဖြစ်နိုင်စရာလေးတွေကို အရင်ထုတ်ကြည့်လိုက်ရအောင်..

(၁) တစ်ခုခုလွဲသွားတာနဲ့ နှစ်ယောက်လုံးကို ဆုံးရှုံးသွားနိုင်တယ်။
မောင်နှမနှစ်ယောက် ရန်ဖြစ်လို့ ကိုယ့်ဆီရင်ဖွင့်တဲ့အခါ ဘယ်သူ့ဘက်က နေရမယ်ဆိုတာက ခေါင်းအလွန်စားစေတဲ့ အရာပါ။ ကိုယ့်ချစ်သူကမှန်တယ်ထင်လို့သူ့ ဘက်နေမိရင်လည်း ရည်းစားဘက် လိုက်တယ်ဖြစ်မယ်။ သူငယ်ချင်းဘက်နေမိရင်လည်း ချစ်သူ့ကို အရေးမစိုက်ဘူးဖြစ်မယ်။ သူတို့နှစ်ယောက်ကြားထဲ ဝင်ပတ်သက်မိရင်လည်း မောင်နှမချင်း သွေးခွဲတယ်ဆိုတာက ဖြစ်လာအုံးမယ်။ နောက်တစ်ချက်သတိထားသင့်တာက ချစ်သူနဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်ရင်လည်း BFFနဲ့ကိုယ့်ရဲ့ သူငယ်ချင်းဆက်ဆံရေးကို အနည်းနဲ့အများတော့ ထိခိုက်နိုင်တယ်။ သူငယ်ချင်းကောင်းယောင်းမရေ ဆိုပြီး ကြည်နူးခဲ့တာတွေက ပြန်တွေးမိရင် မျက်နှာပူစရာတွေ ဖြစ်နေပါလိမ့်မယ်။ သူငယ်ချင်းအိမ်သွားလည်ချင်ရင်ေ တာင် Exရဲ့မျက်နှာကို မြင်နေရမှာနော်။

Related article >>> ချစ်သူနဲ့ ဒိတ်ကြည့်ဖို့အတွက် ထူးထူးခြားခြား နည်းလမ်း(၆) မျိုး

(၂) သူငယ်ချင်းနဲ့ကိုယ့်ကြားမှာ တင်းမာမှုတွေ ဖြစ်လာနိုင်တယ်။
ကိုယ့်မှာချစ်သူရှိလာတဲ့အခါ သူငယ်ချင်းတွေအတွက် အရင်ကလောက် အချိန်ပေးနိုင်မှာမဟုတ်။
ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့တင် အချိန်ကုန်နေတာများမှာပါ။ အဲ့အခါ ကိုယ့်သူငယ်ချင်းက အထီးကျန်လာမယ်။ လျစ်လျူရှုခံရသလို ခံစားမိလာမယ်။ကိုယ်ကမရည်ရွယ်ဘူးဆိုတာ နားလည်ပေးနိုင်ပေမယ့် ဂရုမစိုက်မိတဲ့ အရေအတွက်များလာရင် ခင်မင်မှုကို ထိခိုက်လာနိုင်တယ်။ သူငယ်ချင်းက အပြင်သွားဖို့ချိန်းတယ်။ ကိုယ့်ချစ်သူက ရုပ်ရှင်သွားကြည့်ချင်တယ်။
အဲ့အခါ သူငယ်ချင်းကို “မေမေနဲ့အပြင်သွားမလို့ နောက်တစ်ပတ်မှသွားရအောင်နော်” လို့လိမ်လို့မရ တစ်အိမ်ထဲအတူနေတဲ့ မောင်နုမနှစ်ယောက် တစ်ချိန်ချိန်တော့ အလိမ်ပေါ်မှာပေါ့။ 😛
ချစ်သူနဲ့ သူငယ်ချင်းကြား အချိန်ကို မျှတအောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

(၃) ကိုယ့်ချစ်သူနဲ့အမှတ်တရတွေကို သူငယ်ချင်းကို ကြွားလို့မသင့်။

ဆိုကြပါစို့ ….ကိုယ့်ရဲ့ ပထမဆံးအနမ်းအကြောင်း သူငယ်ချင်းကို ပြောချင်တယ်။ “နင့်အစ်ကိုနမ်းတာကြီးကလည်းဟယ် ရွံဖို့ကောင်းလိုက်တာ”လို့ သူငယ်ချင်းကို ပြောလို့သင့်တော်ပါ့မလား။ ပြောတဲ့သူရော ကြားရတဲ့သူရော ကသိကအောက်ဖြစ်တာပေါ့။ သာမန်လူတစ်ယောက်နဲ့ ချစ်သူရည်းစားဖြစ်လို့ သူငယ်ချင်းကိုပြောပြတယ်ဆိုရင် ကိစ္စမရှိ။ သူ့အစ်ကိုနဲ့အကြောင်းတွေကို သူ့ညီမကို ပြန်ပြောပြတာကတော့ မသင့်တော်ဘူးပေါ့။
ကိုယ့်သူငယ်ချင်းက ဘယ်တော့မှစွံမှာမဟုတ်တဲ့ FAတစ်ယောက်ဆို ပိုမပြောသင့်ဘူး။
ဒါကိုအလိုက်မသိဘဲ “နင့်အစ်ကိုနဲ့ငါ ဒီအပတ်လျှောက်လည်မလို့၊ ကိုကိုက ငါ့ကိုဝက်ဝံရုပ်ကြီး ဝယ်ပေးမို့” blah blahအဲ့လိုသွားကြွားမိရင်တော့ ကိုရီးယားစစ်ပွဲထက်ပိုဆိုးသွားမယ်။

(၄) ချစ်သူကိုမသိစေချင်တဲ့ အတွင်းရေးကိစ္စတွေကို ဖုံးထားလို့မရ။

သူ့အစ်ကိုနဲ့ ချစ်သူဖြစ်လာလိမ့်မယ်လို့ ကြိုမသိနိုင်တဲ့အတွက် ကိုယ့်ရဲ့ အရင်ရည်းစားတွေနဲ့ပတ်သတ်တဲ့ အရှုပ်တော်ပုံတွေ၊ အသည်းကွဲဝေဒနာတွေ အားလုံးကို ကိုယ့်ရဲ့သူငယ်ချင်းထံ ရင်ဖွင့်ကောင်း ရင်ဖွင့်မိမှာပါ။ ဒါပေမဲ့ သူ့အစ်ကိုနဲ့ချစ်သူဖြစ်လာတဲ့အခါ ဒီအရာတွေက ရှက်စရာ၊ ကြောက်စရာကောင်းတဲ့ အရိပ်ဆိုးတွေ ဖြစ်လာနိုင်တယ်။ ညီမကလည်း အစ်ကို့ကို ပြန်မပြောပြဘူးလို့ တထစ်ကျ မသတ်မှတ်နိုင်ဘူးလေ။ နားလည်ပေးနိုင်တဲ့သူဆိုရင်တော့ ပြဿနာမရှိပေမယ့် သဝန်တိုလွန်းတဲ့သူဆိုရင် တွဲနေတဲ့ကာလတစ်လျှောက်လုံး ကိုယ့်အတွက် အပြစ်ပြောစရာတွေဖြစ်နေမှာ။

Related article >>> ချစ်သူနှစ်ဦးကြား နားလည်မှုကို ဒီလိုတည်ဆောက်ပါ

(၅) ယောက္ခမလောင်းတွေက ကိုယ့်အကြောင်းကို သိပြီးသားဖြစ်နေမယ်။

ကိုယ့်အကြောင်းကို သိပြီးသားဖြစ်နေတော့ ကောင်းလည်းကောင်းတယ် မကောင်းလည်းမကောင်းဘူး။
ကိုယ့်လက်တွဲဖော်ရဲ့မိဘနဲ့ ပထမဆုံးတွေ့တဲ့အခါ Impressionကောင်းကောင်းရဖို့ အရေးကြီးပါတယ်။
သူတို့သမီးနဲ့အတူ ဆိုးဖော်ဆိုးဖက်ဖြစ်နေရင်တော့ ဘယ်မိဘက ကြည်ဖြူချင်ပါ့မလဲ။
ဒါပေမယ့် ယောက္ခမလောင်းတွေက အစထဲက ကိုယ့်ကိုချစ်ပြီးသားသဘောကျပြီး သားဆိုရင်တော့ အေးဆေးပေါ့။ သိထားရမှာက တစ်ခါတရံမှာ ယောက္ခမလောင်းတွေဆီက ကိုယ့်အပေါ်မြင်တဲ့အမြင်ကို ပြောင်းလဲဖို့ ခက်ပါတယ်။

ဒီလောက်ဆို သူငယ်ချင်းရဲ့ အစ်ကို(အဲ…အစ်ကိုတင်မကဘူး မောင်လေးတွေလည်း ပါတယ်နော်) နဲ့တွဲမယ်ဆို စဉ်းစားသင့်တဲ့ အချက်လေးတွေပါ။ Rin က ဖြစ်လာနိုင်ချေရှိတဲ့ ဆိုးကျိုးတွေဘက်ကနေ ပြောသွားပေမယ့် ကောင်းတဲ့အရာတွေလည်းရှိပါတယ်။ ချစ်သူချင်းရန်ဖြစ်တဲ့အခါ ကြားထဲက ကိုယ့်သူငယ်ချင်းက ဖြန်ဖြေပေးတာမျိုး…. ကိုယ့်သူငယ်ချင်းမို့ ကိုယ့်အကြိုက်တွေ သိနေနိုင်လို့ ချစ်သူက လက်ဆောင်ပေးတဲ့အခါ သူငယ်ချင်းက အကြံပေးနိုင်တာမျိုး..ဒီလိုကောင်းကျိုးလေးတွေလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်ရင် ဒီလို ဖြစ်နိုင်ချေလေးတွေရှိတယ်ဆိုပေမဲ့အသေးအဖွဲလေးတွေပါ ဟုတ်တယ်ဟုတ်? ကိုယ့်ချစ်သူကိုလည်းချစ် သူငယ်ချင်းကိုလည်းဂရုစိုက်ပေးနိုင်တာပဲလေ…ဟုတ်ဘူးလား။

ယောင်းတို့ အချစ်စစ်အချစ်မှန်နဲ့ ဆုံတွေ့နိုင်ပါစေလို့ ဆုတောင်းလျက်…

Stay Pretty!
Rin(For Her Myanmar)

No Comments Yet

Comments are closed