အသန့်အရမ်းကြိုက်တဲ့ ကောင်လေးကို ချစ်သူတော်ထားရသောအခါ …

သန့်ပြန့်စမတ်ကျနေတဲ့ ကောင်လေးမျိုးကို စိတ်ကူးယဉ်ခဲ့တာ ဆိုပေမဲ့ လက်တွေ့ချစ်သူဖြစ်လာတဲ့အခါ ထင်သလောက် ပျော်ရပါ့မလား …

နင့်ရည်းစားက သန့်ပြန့်ကျော့မော့နေတာပဲနော်၊ အသန့်ကြိုက်ပုံပဲ ဆိုတဲ့ ချီးမွမ်းသံက စကြားခါစတော့ တကယ့်ကိုပျော်စရာပေါ့။ သူ့ကိုလက်ခံခဲ့တဲ့အချက်တွေထဲမှာ အသန့်အပြန့်ကြိုက်တာလည်းပါတယ်လေ။ ဒါပေမဲ့ ရည်းစားသက်တမ်းကြာလာတဲ့အခါ သူ့ရဲ့အသန့်အပြန့်ကြိုက်တာက ကိုယ်တွေကြားမှာ အဖုအထစ်တစ်ခုဖြစ်လာလိမ့်မယ်လို့ဘယ်ထင်ထားပါ့မလဲနော်။ ဘာကြောင့် သူ့ရဲ့ အသန့်အပြန့်ကြိုက်တာက ကိုယ့်အတွက်စိတ်အနှောင့်အယှက်ဖြစ်လာရသလဲဆိုတော့ …

သူ့အတွက် သန့်ရှင်းမှုသည်သာ အရာရာဖြစ်နေတဲ့အခါ

သူက အရာရာမှာ သန့်ရှင်းမှုကသာ နံပါတ်တစ်၊ သန့်ဖို့ရှင်းဖို့သာ အရေးပါဆုံး ဆိုပြီး ဒါကိုပဲနေရာတကာ ဦးစားပေးနေတော့ ကိုယ်ကစိတ်ညစ်ရပြီလေ။

အပြင်တွေဘာတွေသွားမယ်ဆို ကိုယ်ကငွေချွေတာဖို့ လိုင်းကားလေးဘာလေးတိုးစီးချင်တာ။ သူက တက္ကစီမှ တက္ကစီလေ။ လိုင်းကားစီးရင် ချွေးတွေသံတွေနဲ့ ညစ်ပတ်တဲ့လူတွေနဲ့ တိုးရတာစိတ်ပျက်တယ်တဲ့။ နေ့တိုင်းတက္ကစီဆိုတော့ မွဲပြီပေါ့ 🙁  တက္ကစီသုံးခါစီးတာလောက်လျှော့လိုက်ရင် ဟော့ပေါ့တစ်ခါလောက်စားလို့ရတယ်ဟာကို။ အဲ့ကိစ္စနဲ့ ရန်ဖြစ်ရတာလည်း မနည်းဘူး -_- မချစ်ချင်တော့ပါဘူးနော် (ဒီစာကို သူ မမြင်သွားပါစေနက် :3 )

သန့်မှပဲ စားရမယ်ဆိုငတ်ပြီလေ

နောက်ပြီး မုန့်တွေဘာတွေစားမယ်ဆိုလည်း ဟိုဆိုင်က ဟိုလိုညစ်ပတ်တာ၊ ဒီဆိုင်က ဒီလိုဖြစ်တာဆိုတာမျိုး၊ လမ်းဘေးဆိုင်မှာ မစားချင်ဘူး ရွံတယ်ဆိုတာမျိုး အမြဲကဂျီကဂျောင်ကျနေတော့တာပဲ။ လမ်းဘေးဆိုင်တွေ အလုံးစုံမသန့်ဘူးဆိုတာ သိပေမဲ့ တစ်ခါတစ်ရံ လိုအပ်လို့ စားရတဲ့အခါ ရှိတယ် စားချင်လို့စားမိတဲ့အခါလည်း ရှိတယ်လေ။ ဥပမာ တုတ်ထိုးတို့ ဘာတို့ပေါ့ အဲဒါကို သူကမစားချင်ဘူး ဘာညာ သန့်တဲ့ဆိုင်မှ စားမယ် သူလည်းမစားဘူး ကိုယ်လည်းမစားရဘူး ဘာညာလုပ်လာရင် အရမ်းစိတ်ပျက်တာပဲ 🙁  ရည်းစားဖြစ်ကာကစတော့ ပျော်စရာကောင်းသလိုလိုရှိပေမဲ့ ကြာလာတော့ တကယ်စိတ်ပျက်မိပြီလေ… အဓိက အကြောင်းရင်းက မစားရလို့ပါနော် 😀 😀

Related Article >>> လမ်းခွဲဖို့ကို မကြောက်ပါနဲ့

သူ့ရဲ့ သန့်ရှင်းသပ်ရပ်မှုနဲ့ပတ်သက်လာရင် ဘယ်သူကိုမှသည်းမခံတတ်တဲ့အခါ

ကိုယ်က သူ့ပစ္စည်းတွေကို နည်းနည်းလောက်လေးဖွလိုက်မိတာပဲဖြစ်ဖြစ်၊ မတော်တဆလေးပဲဖြစ်ဖြစ် သူ့အဝတ်အစားတွေကို ပေရေအောင်လုပ်မိရင်ပဲဖြစ်ဖြစ် သူကမကျေမနပ်ဖြစ်တယ်ဆိုတာလောက်ကို နားလည်ပေးလို့ရပေမဲ့ ဒါကိုကိစ္စကြီးတစ်ခုလုပ်ပြီး ဒေါသအကြီးအကျယ်ထွက်တဲ့အခါမှာတော့ အကြီးအကျယ်ကွိုင်ပြီလေ 😀

အရာရာသူ့စိတ်ကြီးပဲ

ကိုယ်လည်း အဲဒီလောက်စည်းကမ်းမရှိတာ မဟုတ်ပေမဲ့ တစ်ခါတလေတော့လည်း သူ့ပစ္စည်းတွေဖွမိတာ၊ အင်္ကျီတွေပေအောင်လုပ်မိတာတွေရှိတာပေါ့။ တစ်ခါတလေပဲဟာ သည်းခံလိုက်ရင်ပြီးတဲ့ဟာကို သူကဒေါသတကြီး ဖြစ်နေတော့ ရန်ဖြစ်ရပြီပေါ့။

ရည်းစားဘဝတောင် ဒီလိုဆိုရင်၊ ယူပြီးတဲ့အခါ ဘယ်လိုနေမလဲမသိဘူးနော်။ ဘယ်အချိန်များ သူ့ရဲ့ သန့်ရှင်းသပ်ရပ်မှုကို ကိုယ်ကသွားထိခိုက်မိမှာလဲ ဆိုတဲ့ စိုးရိမ်စိတ်ကြီးနဲ့ ဆက်ရှင်သန်ရမယ့်ပုံစံပဲ။

အသန့်အပြန့်ကြိုက်တယ်ဆိုတာ ကောင်းပေမဲ့ အသန့်ကြိုက်လွန်းတဲ့ အစွန်းကို ရောက်သွားရင်မကောင်းတော့ဘူးလေ။ သူ့အကျင့်ကို ပြုပြင်ပေးနိုင်မယ်လို့ ယောင်လို့တောင် မစဉ်းစားနဲ့နော်။ မွေးရာပါအကျင့်ဆိုတာ သူ့အမေအရင်းတောင် ပြင်ပေးလို့မရဘူး။ ကိုယ့်ဘက်က လုပ်နိုင်တာက ဒီအကျင့်စရိုက်ကို လက်မခံနိုင်ရင် လမ်းခွဲတာရယ်၊ လမ်းမခွဲနိုင်ရင် နားလည်ပေးနေတာရယ်ပဲတတ်နိုင်ပါတယ်။ နည်းနည်းပါးပါးတော့ ညှိနှိုင်းလို့ ရတာပေါ့နော်..

ယောင်းတို့ ကိုယ့်ကို စိတ်ချမ်းသာမှုအပေးနိုင်ဆုံး လက်တွဲဖော်နဲ့ ဆုံစည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း…

Sugar Cane(For Her Myanmar)

No Comments Yet

Comments are closed